ကမ္ဘာပေါ်က မိဘအားလုံးဟာ ကိုယ်မွေးထုတ်ထားတဲ့ သားသမီးတွေကို ကိုယ့်အသက်ထက်ပိုပြီး ချစ်ကြတယ်ဆိုတာကို လူတိုင်းလက်ခံထားကြပါတယ်။ သို့သော်လည်း အခန့်မသင့်လို့ စိတ်တိုတဲ့အခါ၊ ဒေါသဖြစ်တဲ့အခါ၊ စိတ်တိုင်းမကျတဲ့အခါတွေမှာ ပြောဆိုမိလိုက်တဲ့စကားတွေကြောင့် ကလေးတွေကို စိတ်ထိခိုက်မိသွားစေနိုင်ပါတယ်။ ဒါကြောင့် ကလေးအတွက် မသင့်တော်တဲ့ စကားလုံးအမှားတွေကို မပြောဆိုမိနိုင်ဖို့အတွက် အခုပြောပြမယ့် အကြံပြုချက်လေးတွေကို သေချာဖတ်ထားစေချင်ပါတယ်။
ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ ပြောမိခြင်း

ဘယ်လိုပဲချစ်တယ်ပြောပြော ကလေးတွေကို ဝလိုက်တာဆိုပြီး လုံးဝမပြောသင့်ပါဘူး။ အခုလိုပြောခြင်းက သူတို့ခန္ဓာကိုယ်ထက် သူတို့ကိုလုံးဝရုပ်ဆိုးလိုက်တာလို့ အပြောခံလိုက်ရသလို ဖြစ်စေနိုင်ပါတယ်။ စိတ်ထဲမရှိဘဲ ပြောလိုက်တဲ့စကားဆိုပေမယ့်လည်း ကလေးတွေအတွက်တော့ ကြားလိုက်ရချိန်မှာ စိတ်ထိခိုက်မှုဖြစ်သွားစေနိုင်တာကြောင့် ကလေးတွေရဲ့ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး မပြောမိအောင်ရှောင်ကြဥ်ပါ။
တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုခြင်း

ကြည့်စမ်း သူများသားသမီးတွေများတော်လိုက်ကြတာ အိမ်ကဟာနဲ့များ တခြားစီပဲလို့ မိဘအများစုက ကိုယ့်သားသမီးတွေကို ပြောတတ်ကြပါတယ်။ ကလေးတွေကိုမခံချင်စိတ်ဖြစ်အောင်လို့ တချို့မိဘတွေက ပြောတာဖြစ်ပေမယ့်လည်း အခုလိုပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့စိတ်ခံစားချက်ကို အရှက်ရစေသလို၊ သိမ်ငယ်စိတ်လို ဖြစ်သွားစေနိုင်တာကြောင့် အမြဲသတိထားပါ။
နည်းတောင်နည်းသေးတယ်

ဥပမာ ကလေးက တစ်ခုခုမှားသွားရင် နည်းတောင်နည်းသေးတယ် ပြောစကားမှနားမထောင်တာ ဆိုပြီး ငေါ့တော့တော့နဲ့ ဟာသသဘောလှောင်ပြောင်တတ်ခြင်းက ကလေးတွေကိုမပြောသင့်တဲ့စကားလုံးတွေဖြစ်တာကြောင့် သင်ပြောတဲ့စကားလုံးတွေအားလုံးကို သတိထားပါ။
လုပ်လည်းဘာမှထူးမှာမဟုတ်ဘူး

ကလေးတွေဟာ မိဘဆီက အားပေးစကားကို လိုချင်ကြပါတယ်။ ကိုယ့်ရဲ့အားပေးစကားက သူ့အတွက်အားဖြစ်စေပြီး ကြိုးစားချင်စိတ်ပိုဖြစ်စေတာပါ။ ဒါပေမယ့် သူအရှုံးနဲ့ကြုံတွေ့တိုင်း ဘာလို့ဆက်လုပ်နေမှာလဲဆိုတဲ့ စကားမျိုးကို ပြောဖို့က လုံးဝမသင့်ပါဘူး။
သိမ်ငယ်စိတ်ခံစားရလောက်တဲ့အထိ ပြောဆိုခြင်း

အိမ်က ကလေးက ဘယ်လောက်စားစား ဝလာတယ်ကိုမရှိဘူး အရိုးချည်းပဲလို့ လူရှေ့သူရှေ့မှထုတ်ပြောခြင်းက သူတို့ကို အစားချေးများတယ်၊ စိတ်တိုင်းမကျတတ်ဘူးလို့ ထင်ရစေနိုင်ပါတယ်။
ကလေးတွေကို စိတ်တိုင်းမကျတိုင်း ဆူတာ၊ အော်တာ၊ ငေါက်တာမျိုးလုပ်မယ့်အစား မိဘတစ်ယောက်အနေနဲ့ အမြဲတမ်း အားပေးသင့်ပါတယ်။ သူတို့ကို ဘာလုပ်ပေးရမလဲ။ ဘာလိုသေးလဲ စသဖြင့် အမြဲအားပေးသင့်တာကြောင့် အပြုသဘောဆောင်တဲ့ စကားတွေပြောဆိုပြီး ကလေးတွေကို ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိဖို့ တွန်းအားပေးလိုက်ပါ။
#Chit_May_May
#Thinzar
Ref- bestlifeonline