တစ်ယောက်ယောက်က ဘာလုပ်ရမယ်လို့ ပြောတဲ့အခါမှာ အတိုက်အခံ ပြုမှုတတ်တာက လူ့သဘောသဘာဝ ဖြစ်ပါတယ်။ လူကြီးတွေသာ အတိုက်အခံ လုပ်ချင်ကြတာမဟုတ်ပါဘူး။ ကလေးတွေလည်း ဒီလိုပါပဲ။ မိဘတွေက သား ဒါလေးလုပ်လိုက်ဆိုရင် မလုပ်ချင်ကြပါဘူး၊ ဒါမလုပ်နဲ့ဆိုရင် လုပ်ချင်တတ်ကြပါတယ်။ သူတို့ကို ဖိအားပေးမယ်၊ ဒေါသတကြီးနဲ့ အော်မယ်၊ ဆူမယ် ဆိုရင် ပိုပြီး အရွဲ့တိုက်လာနိုင်သလို၊ မေမေတို့ဘာပြောပြော လျစ်လျူရှုထားလိုက်ကြမှာပါ။ မေမေတို့ ကလေးကို သြဇာညောင်းဖို့နဲ့ အနုတ်လက္ခဏာဆောင်တဲ့ သူတို့ရဲ့ အပြုအမှုကို လမ်းကြောင်းပြောင်းဖို့ မှန်ကန်တဲ့ စကားလုံးနှင့် လေယူလေသိမ်းတွေ ရွေးချယ်ပြောနိုင်ပါတယ်။ ကလေးဘဝမှာ မလိုလားအပ်တဲ့ အပြုအမှုတွေကို ပြုပြင်ပေးဖို့နှင့် မေမေတို့ရဲ့ နေ့စဉ်ဘဝမှာ အကူညီနိုင်တဲ့ စကားအသုံးအနှုန်းတွေကို ရွေးချယ်ဖို့ အကြံပေးချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ကလေးက စားဖို့ငြင်းဆန်တာ (သို့) အစားကို ဘယ်တော့မှ ပြီးအောင်မစားတာ
သူတို့ တတ်တတ်ကြွကြွ စားတဲ့အခါတိုင်း အားပေးသင့်ပါတယ်။ သူတို့ကို “သားလေးက တော်လိုက်တာ၊ ထမင်းကောင်းကောင်းစားတာပဲ”လို့ ဂုဏ်ယူပေးပါ။ သူတို့ကို ဇီဇာကြောင်တယ်လို့ မပြောပါနဲ့။ ဒါက ကလေးငယ်တစ်ယောက်အတွက် မှန်ကန်တဲ့ လှုံ့ဆော်မှု မဟုတ်ပါဘူး။

၂။ ကလေးက သူတို့ရဲ့ အခန်းကို မသန့်ရှင်းချင်ဘူးဆိုရင်
သားသားမီးမီးတွေကို “ခုလုပ်ဆို လုပ်လိုက်၊ ငါ ပြောနေတာ ဘယ်နှခါ ရှိနေပြီလဲ” စတဲ့ စကားလုံးတွေနဲ့ ဒေါသထွက်ပြီး မေမေတို့ ပြောခဲ့ဖူးကြမှာပါ။ ဒီစကားလုံးတွေက သူတို့ကို လှုံ့ဆော်ဖို့ (သို့) အကူအညီဖြစ်ဖို့ ခက်ခဲပါလိမ့်မယ်။ သူတို့ကို ရွေးချယ်စရာတစ်ခုခုပေးပြီး တွန်းအားမပေးတာက ပိုကောင်းပါတယ်။ “သား ဒါကို ကိုယ့်ဘာသာ လုပ်ချင်လား၊ မေမေတို့ ကူညီပေးရမှာလား” လို့မေးကြည့်ပါ။
၃။ သင်အပြင်သွားဖို့ လိုအပ်တဲ့အချိန် ကလေးက မြန်မြန်ဆန်ဆန် မလုပ်တဲ့အခါ
တခါတရံမှာ ကလေးတွေဟာ အရမ်းဆိုးသွမ်းတဲ့ အပြုအမှုတွေကို ပြုမှုတတ်ကြပါတယ်။ မေမေတို့အနေနဲ့ အရေးတကြီး အပြင်သွားစရာ ရှိတဲ့အခါ ဒီအပြုအမှုတွေကြောင့် နောက်ကျသွားရတဲ့ အခြေအနေတွေ မကြာခဏ ရှိနိုင်ပါတယ်။ ကလေးတွေဟာ အပြင်သွားခါနီးကို အဝတ်အစားတွေ မဝတ်ချင်ကြတာ (သို့) သူတို့ သူငယ်ချင်းအိမ်ကနေ မထွက်ခွာလိုကြတာဖြစ်ပါတယ်။ မေမေတို့အနေနဲ့ မြန်မြန်လုပ်ဖို့အကြိမ်ပေါင်းများစွာ ပြောရနိုင်ပြီး ဒေါသထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအချိိန်မှာ ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်အောင်ထားပြီး “အိမ်မှာ နေခဲ့ချင်လား (ဒါမှမဟုတ်) ၁၀ မိနစ်နဲ့ အပြီးလုပ်မှာလား”လို့ ကောင်းကောင်းမေးပေးပါ။

၄။ ကလေးက မေမေတို့စကား နားမထောင်ချင်ပါက
ကလေးရဲ့ လုပ်ရပ်တွေဟာ သူတို့ဘာလိုချင်လဲ၊ သူတို့ ဘယ်လိုခံစားနေရသလဲ ဆိုတာနှင့် ပတ်သတ်ပြီး အများကြီး ပြောနိုင်ပါတယ်။ သူတို့ ပျင်းနေတယ်၊ ငြီးငွေ့နေတယ်ဆိုတာကို ရိုးရှင်းတဲ့ နည်းလမ်းနဲ့ မပြောနိုင်ပေမယ့် ငိုတာ၊ နားမထောင်တာ၊ အရုပ်တွေကို ပစ်ထုတ်တာ စသဖြင့် သူတို့စိတ်ကို ပြသပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားပေါ်မူတည်ပြီး သူတို့ဘယ်လိုခံစားနေရသလဲဆိုတာကို သင်တွေးကြည့်နိုင်ပါတယ်။ ကလေးက အပြင်သွားမယ်ပြောလို့ ငြင်းဆန်နေရင် “သားဒီနေ့ အပြင်ထွက်ဖို့ အရမ်းပင်ပန်းနေပြီလို့ မေ့မေ့ကို ပြောတာလား” စသဖြင့် မေးကြည့်နိုင်ပါတယ်။

၅။ ကလေးက နောက်ထပ် ကစားစရာတစ်ခု လိုချင်တယ်ဆိုရင်
ကလေးက ဆိုင်တစ်ဆိုင်မှာ ကစားစရာတစ်ခု ထပ်တွေ့လို့ လိုချင်ကြပေမယ့် မေမေတို့မှာ ဘတ်ဂျက်က အကန့်အသတ်ဖြစ်နေတာကို ကြုံကြဖူးမှာပါ။ဒီအခါမှာ “မရဘူး၊ ထပ်ဝယ်မပေးတော့ဘူး”လို့ မပြောပါနဲ့နော်။ ဒီလိုပြောလိုက်ရင် ကလေးအတွက် စိတ််ထိခိုက်စေနိုင်သလို ကလေးဟာ ဆိုင်ထဲက ဆွဲခေါ်လို့မရအောင် သောင်းကျန်းသွားပါလိမ့်မယ်။ သူစိတ်ကျေနပ်အောင် “သားမွေးနေ့စာရင်းထဲမှာ သားလိုချင်တဲ့ ကစားစရာတွေ ထပ်ထည့်ထားလိုက်လေ”လို့ချော့ပြောနိုင်ပါတယ်။
၆။ စားပွဲပေါ်မှာ ညစ်ပတ်နေတဲ့ ပန်းကန်တွေ အမြဲထားခဲ့ရင်
ကလေးအများစုက သူတို့ စားပြီးရင် ပြေးထွက်သွားတတ်ပြီး ညစ်ပတ်ပေပွနေတာတွေ အကုန်လုံးကို မေမေတို့ သန့်ရှင်းရေးလုပ်ဖို့ ချန်ထားခဲ့ကြပါတယ်။ မေမေတို့ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် ပန်းကန် ဆေးတတ်နေတဲ့ အရွယ်ရောက်ပြီဆိုရင် သူတို့ပန်းကန်ကို ဆေးခိုင်းပါ။ ပန်းကန်မဆေးတတ်သေးတဲ့ အရွယ်ဆိုရင် ဘေစင်ထဲထည့်ခိုင်းပါ။ ” ပန်းကန်တွေကို ဒီလိုမပစ်ထားခဲ့နဲ့လေ၊ တစ်ခါတည်းဆေးသွားလေ” စသဖြင့် ပြောရင် သူတို့ ဂရုစိုက်မှာမဟုတ်ပါဘူး။ ” သား စားပြီးရင် ပန်းကန်လေးတွေ ဘေစင်ထဲ ထည့်လိုက်လို့ ရမလား?”၊ “မေမေ့ကို ကူဆေးပေးပါလား”စတဲ့ အပြုသဘောဆောင်သော စကားလုံးတွေနဲ့ ပြောတာက ပိုကောင်းပါတယ်။
၇။ ကလေးက သင်ဖြစ်စေချင်တာကို နောက်ဆုံးမှာ လုပ်တဲ့အခါ
ကလေးက စကားနားမထောင်တဲ့အခါ မေမေတို့ စိတ်ဆိုးနိုင်ပါတယ်။ ဒါပေမယ့် သူတို့က မေမေတို့ လိုချင်တဲ့အတိုင်း လုပ်ပါက သူတို့ရဲ့ အပြုအမှုကောင်းကို လျစ်လျူမရှုပါနဲ့။ “မေ့မေ့စကား နားထောင်တဲ့အတွက် ကျေးဇူးပါ၊ ငါ့သားလေးက ကောင်းကောင်းလုပ်တတ်တာပဲ” လို့ပြောပေးပါ။ ဒါက အနာဂတ်မှာ မေမေတို့ စကားကို နားထောင်ဖို့ သူတို့ကို လှုံ့ဆော်ပေးနိုင်ပါတယ်။

၈။ သင့်ကလေးကို တစ်ခုခုလုပ်တာ ရပ်တန့်စေချင်ရင်
မေမေတို့ အရေးတကြီး အလုပ်တွေနဲ့ ရှုပ်နေချိန်မှာ မေမေတို့ရှေ့က ကလေးဟာ အန္တရာယ်ရှိတဲ့ အရာတွေနဲ့ ကစားနေတာ တွေ့နိုင်ပါတယ်။ “ဟဲ့ အဲဒါကို မလုပ်နဲ့ “လို့ မပြောပါနဲ့။ အဲ့ဒီအစား”သား မေ့မေ့ကို ဒီစာအုပ် ဖတ်ပြနိုင်မလား” (သို့) “သား မေ့မေ့ကို ဒါလေးလုပ်ပေးလို့ ရမလား”စသဖြင့် ကလေးကို အာရုံပြောင်းပေးပါ။
၉။ ကိုယ့်ကလေးငယ်ရဲ့ self-esteem ကို မြှင့်တင်ချင်တယ်ဆိုရင်
ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုကို မြှင့်တင်ဖို့ လွတ်လပ်မှုနှင့် အမှုအကျင့်ကောင်းတွေကို အားပေးပါ။ ကောင်းမွန်တဲ့ နည်းလမ်းဖြင့် တုန့်ပြန်ဖို့ အရေးကြီးပါတယ်။” ဒါတွေအားလုံးကို သားကိုယ်တိုင်လုပ်တာလား” စသဖြင့် ကလေးရဲ့ အပြုအမှုကောင်းတွေကို ပိုမိုပြုလုပ်ဖို့ တွန်းအားပေးနိုင်ပါတယ်။
၁၀။ ကလေးက စကားနားမထောင်ရင်တောင် မေမေတို့ရဲ့ အချစ်ကို ပြသပါ
မေမေတို့ကလေးက မကောင်းတဲ့ အပြုအမှုတွေလုပ်လို့ သူတို့ကို မချစ်တော့တဲ့ အမှုအရာနှင့် တုံ့ပြန်ရင် အခြေအနေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မေမေတို့စကားကို နားထောင်စေမှာလည်း မဟုတ််ပါဘူး။ တချို့ကလေးတွေဟာ ပိုရွဲ့ပြီး လုပ်လာနိုင်ပါတယ်။ “သားက ချစ်ဖို့ ကောင်းတယ်နော်၊ အဲ့လိုမလုပ်ရဘူး၊ မိဘစကားနားထောင်တဲ့ ကလေးတွေက ပိုချစ်ဖို့ ကောင်းတယ်”စသဖြင့် သူတို့ကို ချော့ပြောပါ။
Chit_MayMay
LM_Nandar
Source-brightside