မိဘတိုင်းက ကလေးတစ်ယောက်ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာ အထူးသဖြင့် ပြစ်ဒဏ်ပေးတာနဲ့ ပတ်သတ်လာတဲ့အခါ အတိအကျသိတယ်လို့ ယုံကြည်ချက် ရှိကြပါတယ်။ မိဘအုပ်ထိန်းမှုနည်းလမ်းများအပေါ် ယုံကြည်ချက်က အများအားဖြင့် ကိုယ့်ရဲ့အတွေ့အကြုံပေါ်မှာ အခြေခံပါတယ်။ ( ငါလည်း ဒီနည်းလမ်းနဲ့ ကြီးပြင်းလာတာပဲ) ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေနဲ့ ( ငါ့ကိုနှိပ်စက်ရင်လည်း ငါကြိုက်မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ငါ့ကလေးကို ငါမနှိပ်စက်ဘူး)။
၁။ သင့်ကလေးကို အမှားတွေ လုပ်ခွင့်ပေးပါ
တခါတလေမှာ ကလေးတွေဟာ သူတို့မိဘတွေရဲ့ ရှု့ထောင့်အမြင်မှာ အမှားတစ်ခုခုလုပ်တတ်ကြပါတယ်။ သို့သော်လည်း သူတို့အတွက်တော့ ဒါက ပထမဆုံးအတွေ့အကြုံဖြစ်ပြီး နောက်ဆက်တွဲ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မသိကြပါဘူး။ အရွယ်ရောက်ပြီးသူတွေလို စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိသေးပါဘူး။ သူတို့ကို တစ်စက္ကန့်လောက် အခွင့်အရေးပေးပါ။ သူတို့ဘာလုပ်နိုင်သလဲ၊ သူတို့ဘာမလုပ်နိုင်ဘူးဆိုတာ သူတို့ကိုပြောပြပါ။ ပြစ်ဒဏ်နဲ့ စတင်လိုက်မယ်ဆိုရင် ကလေးတွေဟာ တစ်စုံတစ်ယောက်ရဲ့အတည်ပြုချက်ကို အမြဲတမ်းရှာနေရတဲ့ လူကြီးတွေအဖြစ် ကြီးပြင်းသွားပါလိမ့်မယ်။
၂။ ကလေးကို မအော်ပါနဲ့
အော်ငေါက်ပြီး စတင်တာဟာ မိဘတွေအနေနဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘူးဆိုတာ ပြသရာရောက်ပါတယ်။ သင့်ကလေးက စိတ်လှုပ်ရှားမှု မတည်မငြိမ်ဖြစ်နေတယ်ဆိုရင် ဒီအခိုက်အတန့်ဟာ သူတို့ဘဝအတွက် ပိုပြီးခက်ခဲစေတဲ့အပြင် အနာဂတ်မှာ ကိုယ့်ကိုယ်ကို အကောင်းမြင်စိတ်၊ အထင်ကြီးစိတ်တွေ ပျောက်ဆုံးပါလိမ့်မယ်။ သူ့ကိုယ်သူယုံကြည်မှုမရှိတော့တာမျိုး၊ အချိန်ပြည့် လူကြီးကို ကြောက်လန့်နေတာမျိုး ဖြစ်နေတတ်ပါတယ်။
၃။ သင့်ရဲ့ကတိကို ထိန်းသိမ်းပါ
ကလေးကို မကောင်းတာ တစ်ခုခုလုပ်ရင် အပြစ်ပေးမယ်လို့ ကတိပေးထားတယ်ဆိုပါစို့။ ကလေးက ပြုလုပ်မိခဲ့ရင် ကတိအတိုင်းအပြစ်ပေးပါ။ အဲ့ဒီအတွက် ကလေးကို ကြို ပြီးရှင်းပြရပါမယ််။ ကလေးနဲ့ နှစ်ဦးသဘောတူ စည်းကမ်းတွေ ချမှတ်ထားပါ။ ချမှတ်တဲ့ စည်းကပ်းက ကလေးလိုက်နာနိုင်မယ့် စည်းကမ်းဖြစ်သလို ချမှတ်တဲ့ သူကလည်း လိုက်နာဖို့လိုပါတယ်။ ကိုယ်က ပြောတဲ့အတိုင်း လုပ်တတ်သူဆိုရင် ကလေးတွေဟာ သူတို့အမှားလုပ်ခဲ့တာကို စောစောသတိပြုမိကြပြီး သူတို့အမှားတွေကို ဝန်ခံပါလိမ့်မယ်။ ဒီအမူအကျင့်ကို ချီးမွမ်းပေးပါ။
၄။ သင့်ကလေးကို လူကြားထဲမှာ မအော်ပါနဲ့
တစ်ချို့မိဘတွေက ကလေးကို လူကြားထဲမှာ ကလေးရဲ့အပေါင်းအသင်းရှေ့မှာ အော်ငေါက်တတ်ပါတယ်။ ဒီလိုအရှက်ခွဲခြင်းကြောင့် ကလေးဟာ မိဘအပေါ် ဒေါသဖြစ်တာ၊ အရွဲ့တိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးကို လူတွေရှေ့မှာ ဆူပူအော်ဟစ်ခြင်းက ရှက်ရွံ့ခြင်းနှင့်အတူ လူတွေရဲ့အမြင်ပေါ် မှီခိုမှု ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကလေးကို ကွယ်ရာမှာဆုံးမပါ။ လူရှေ့မှာ အော်ဟစ်ဆုံးမတာမျိုးမလုပ်ပါနဲ့။
၅။ သင့်ကလေးဟာ အပြစ်ရှိသူလား/ အပြစ်မရှိသူလားဆိုတာ ဆန်းစစ်ပါ
အပြစ်လုပ်သူကို ဆုံးဖြတ်ရန်ခက်ခဲတဲ့အခါ ပါဝင်ပတ်သတ်သူတိုင်းကို အပြစ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ချို့မိဘတွေရှိပါတယ်။ ညီအစ်ကို နှစ်ယောက်ရှိရင် အငယ်ကို ဦးစားပေးတတ်ပြီး အကြီးကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အပြစ်ပေးတတ်ကြပါတယ်။ တစ်ယောက်တည်းကိုပဲ ကွက်ပြီး အပြစ်ပေးမယ်ဆိုရင် တခြားကလေး လွတ်ကင်းလို့ ပျော်နေချိန်မှာ အပြစ်ပေးခံရတဲ့ကလေးအတွက် တရားမျှတမှု မရှိသလို ကလေးအတွက် မတရားခံရသူလို ခံစားရစေနိုင်ပါတယ်။
သားသမီးကို ရတနာလို့ တင်စားတဲ့ ဆိုရိုးစကားနဲ့အညီ ကလေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ ပညာရှိမိဘတွေ ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ အထက်ပါအချက်လေးတွေကို မိဘတွေကိုယ်တိုင်လိုက်နာကြည့်ပြီး ကိုယ်ရဲ့သားသမီးတွေကို နည်းလမ်းတကျဆုံးမပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။
Chit_MayMay
LM_Nandar
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။