ကိုဗစ်-၁၉ နဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ

0
140
- Advertisement -

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျနော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝပုံစံတွေဟာ များစွာပြောင်းလဲခဲ့ပါတယ်။ ဒီတစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးဟာ ကျနော်တို့အားလုံးကို သက်ရောက်မှုများစွာရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ လက်ရှိ အိမ်တွင်းအောင်းနေရတဲ့ အခြေအနေတွေဟာ ကလေးငယ်တွေအပေါ်လည်း စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေဖြစ်လာစေနိုင်ပါတယ်။

အိမ်အပြင်ဘက်မှာ ပြေးလွှားဆော့ကစားဖို့အခွင့်မရှိတာမျိုးက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သူတို့ရဲ့ စိတ်ခံစားမှုကို ထိန်းညှိဖို့ အခက်အခဲတွေဖြစ်ပေါ်လာစေပါတယ်။ ဒီလို မသေချာမရေရာမှုတွေနဲ့ တည်ငြိမ်တဲ့အခြေအနေမရှိတာတွေက ကလေးငယ်တွေကို စိုးရိမ်ပူပန်မှုနဲ့ မယုံကြည်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ စိတ်ခံစားမှုနဲ့ အပြုအမူများကို ထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင်တခုလိုအပ်ပါတယ်။ ဒီလို အိမ်တွင်းအောင်းနေရတဲ့ အနေအထားတွေမှာ အထီးကျန်စိတ်ဝေဒနာနဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာချို့တဲ့မှုများဖြစ်ပေါ်လာနိုင်တဲ့အတွက် မိဘတွေအနေနဲ့ အရင်ကထက်ပိုပြီး ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ပျင်းရိငြီးငွေ့ခြင်းတွေကြောင့် အရင်ကထက်ပိုပြီး စိတ်တိုလာခြင်း၊ အစာစားခြင်းနဲ့ အိပ်စက်ချိန်များ ကမောက်ကမဖြစ်လာခြင်း၊ အမည်တပ်လို့မရတဲ့ ကြောက်ရွံမှုတွေကြောင့် ရံဖန်ရံခါ ငိုကြွေးခြင်း စတဲ့အပြုအမူတွေကို မိဘတွေအနေနဲ့ အရင်ကထက်ပိုပြီး စိတ်ရှည်ပေးစေချင်ပါတယ်။

ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် အစာစားချိန်၊ အိပ်စက်ချိန်နဲ့ အခြားသောနေ့စဉ်လှုပ်ရှားမှုတွေကို အချိန်ဇယားတခုရေးဆွဲပေးပြီး လိုက်နာစေတာက အကျိုးရှိစေပါလိမ့်မယ်။ဒီဂျစ်တယ်ကရိယာများ( ရုပ်မြင်သံကြား၊ တက်ဘလက်များ၊ ဆဲလ်ဖုန်းများ စသည်တို့ )သုံးစွဲသော အချိန်ကို အသက်အရွယ်အရ ကန့်သတ်သုံးစွဲဖို့ သတ်မှတ်ပေးဖို့လိုပါတယ်။ သူငယ်ချင်းများ၊
အဘိုးအဘွားများ၊ ဝမ်းကွဲညီအကိုမောင်နှမများနဲ့ ဗီဒီယိုကော ခေါ်ဆိုမှုများပြုလုပ်ခွင့်ပေးဖို့လည်းလိုပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ သူတို့ရဲ့ အထီးကျန်စိတ်တွေနဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာ ပြသနာတွေကိုလျော့ချပေးဖို့ အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။

- Advertisement -

မိဘတွေရဲ့ စိတ်မွန်းကြပ်မှု၊ နေရေးထိုင်ရေး စားရေးသောက်ရေးအတွက် စိတ်ပင်ပန်းမှုတွေကို ကလေးငယ်တွေအပေါ် လွှဲမချမိစေဖို့ အကြံပြုချင်ပါတယ်။ အရွယ်ရောက်နားလည်ပြီးသားလူတွေတောင်မှ ဒီလိုစိတ်ပင်ပန်းမှုတွေကို ထိန်းချုပ်ဖို့ အခက်အခဲဖြစ်နေရင် မသိနားမလည်သေးတဲ့ သူတို့က ပိုပြီးဆိုးနေနိုင်တာကို သတိပြုပေးစေချင်ပါတယ်။ ဟိုအရင်က အလုပ်ကိစ္စတွေကြောင့် မိသားစုအတွက် အချိန်မပေးနိုင်ခဲ့တာတွေကို ဒီလိုအချိန်မှာ အစားပြန်ပေးခွင့်ရတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့အတွေးမျိုးက လက်ရှိအနေအထားကို စိတ်သာခွင့်ရစေနိုင်ပါတယ်။

အွန်လိုင်းကနေ ပန်းချီရေးဆွဲနည်းများ ကြည့်ရှုရေးဆွဲစေခြင်း၊ ဗဟုသုတပိုင်းဆိုင်ရာများလေ့လာစေခြင်း၊ ဘာသာစကားတခုခုကို လေ့ကျင့်သင်ကြားပေးခြင်းတို့အပြင် မိဘနဲ့သားသမီး ရင်းနီးပွင့်လင်းတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် အခုလိုအချိန်က အခွင့်အရေးကောင်းတခုဖြစ်တယ်ဆိုတာကို တွေးမိစေချင်ပါတယ်။ အရာရာအားလုံးဟာ အဆိုးချည်းဘဲဖြစ်မလာနိုင်ပါဘူးလို့ စိတ်ထဲတွေးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here