ကိုယ်ဝန်ဆောင်ချိန်ကာလမှာ စိုးရိမ်ကြောင့်ကြမှုတွေကင်းဝေးစေဖို့ နည်းလမ်းအသွယ်သွယ်

0
98
- Advertisement -

ကိုယ်ဝန်ဆောင်ချိန်ကာလဆိုတာ မေမေတို့အတွက် ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ဖြစ်သလို တော်တော်များများသော မေမေတို့ဆီမှာလည်း စိတ်ပိုင်းဆိုင်ရာအရ အပြောင်းအလဲများစွာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုကာလတွေဟာ မေမေတို့အတွက် သိပ်ကိုခက်ခဲတဲ့အချိန်ကာလတွေဖြစ်ပြီး ကိုယ့်အတွက်ရော၊ ဗိုက်ထဲကရင်သွေးလေးအတွက်ပါ စိုးရိမ်ကြောင့်ကြမှုတွေများပြားရတဲ့ အချိန်ကာလလို့ဆိုရမှာပါ။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မေမေတို့တွေ စိုးရိမ်ကြောင့်ကြမှုကင်းဝေးအောင် ဘယ်လိုမျိုးပြုမူနေထိုင်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း။

အချိန်တစ်ခုပေးပြီး အသက်ရှူလေ့ကျင့်ခန်းကို စနစ်တကျ လုပ်ဆောင်ပေးခြင်းက ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပေါ်စေနိုင်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် သားသားမီးမီးတို့ကို မွေးဖွားပြီးချိန်မှာပါ ဖြစ်ပေါ်နိုင်တဲ့ စိတ်ပူပန်သောကတွေကို ပပျောက်စေပါတယ်။ အသက်ကိုမှန်မှန်ရှူသွင်းပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အေးဆေးအောင်လုပ်တာမျိုးက သွေးဖိအားကိုလျော့ကျစေပြီး နှလုံးခုန်နှုန်းကိုလည်း မှန်ကန်စေပါတယ်။ ဒါ့အပြင် ကြွက်သားတင်းမာမှုတွေကို လျော့ကျစေပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်စေမှာပါ။

- Advertisement -

၂။ ကိုယ်လက်လှုပ်ရှားရတဲ့လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ကိုယ်လက်လှုပ်ရှားရတဲ့လေ့ကျင့်ခန်းတွေကို သင့်တင့်လျောက်ပတ်အောင် ပြုလုပ်ပေးတာက ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ့်ရဲ့စိတ်ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ပုံမှန်လမ်းလျှောက်ပေးတာမျိုး နည်းပြဆရာနဲ့အတူ ယောဂလေ့ကျင့်ခန်းပြုလုပ်ပေးတာမျိုးတွေကို စနစ်တကျ ဆောင်ရွက်ပေးသင့်ပါတယ်။ ပုံမှန်လူတွေတောင် လေ့ကျင့်ခန်းမလုပ်ရင် ခန္ဓာကိုယ်အနေအထားပျက်စီးသွားတာမျိုးဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့လည်း ကိုယ်ဝန်ကိုစိုးရိမ်လွန်းအားကြီးလို့ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ငြိမ်ငြိမ်လေးထိုင်နေတာမျိုးက မကောင်းတဲ့အတွေးတွေကိုပိုမိုတွေးတောနိုင်ဖို့ အခွင့်အလမ်းပိုမိုများပြားစေပြီး စိတ်ပူပန်မှုကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။

၃။ ရင်ဖွင့်ပါ။

ကိုယ်ဝန်ဆောင်နေရတဲ့မေမေတို့က အချိန်တစ်ခဏအတွင်းမှာပဲ စိတ်အပြောင်းအလဲမြန်တတ်ကြပြီး အဲ့ဒီအပေါ်မှာ ကောင်းကောင်းနှစ်သိမ့်အားပေးနိုင်မယ့်သူလိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစားရသမျှ ကိစ္စအားလုံးကို ရင်ဖွင့်လို့ရမယ့်လူရှိသင့်ပြီး အဲ့ဒီလူကလည်း ကိုယ်ပြောသမျှ ကိုယ့်ရဲ့ခံစားချက်အားလုံးကို စိတ်ရှည်ရှည်နဲ့ တက်တက်ကြွကြွ နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးနားထောင်ပေးမယ့်သူက ကိုယ့်ချစ်ခင်ရတဲ့ခင်ပွန်း၊ မိဘနှစ်ပါး ဒါမှမဟုတ် အချစ်ဆုံးသူငယ်ချင်းတွေထဲမှာရှိနေမှာပါ။ အချစ်တစ်ခုကို သက်သေပြနိုင်ဖို့ အရေးကြီးဆုံးအချက်က အားပေးထောက်ခံမှုဆိုတဲ့စကားအတိုင်းပါပဲ။ မေမေတို့လည်း ဒီအချက်ကို ကိုယ်နဲ့နီးစပ်ရာသူတွေကိုပြပြီး ကိုယ့်အတွက် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ရင်ဖွင့်နိုင်မယ့်သူကို ရှာဖွေကြည့်လိုက်ပါ။

၄။ ကျွမ်းကျင်သူများနဲ့တိုင်ပင်ပါ။

စိုးရိမ်ကြောင့်ကြမှုတွေက တစ်ခါတလေပေါ်လာတာမျိုး မဟုတ်ဘဲ အမြဲတမ်းလိုလိုဖြစ်နေပြီဆိုရင်တော့ ဒါကကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ရောဂါတစ်ခုဖြစ်နေပြီလို့တောင်ဆိုရမှာပါ။ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေကို အချိန်တိုင်းဆက်တိုက်ခံစားနေရပြီဆိုရင်တော့ တစ်နေ့တာအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေ ပျက်ကွက်လာမှာဖြစ်တာကြောင့် ဒီအခြေအနေတွေကို ကျော်ဖြတ်ဖို့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ကုသမှုတွေခံယူဖို့ လိုအပ်လာပါပြီ။ ကိုယ်ဝန်ဆောင်မေမေတို့မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ဗိုက်ထဲကသားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်တတ်တဲ့ စိုးရိမ်ကြောင့်ကြမှုလို စိတ်ရောဂါမျိုးကို သေချာစနစ်တကျ ကိုင်တွယ်ဖို့လိုအပ်ပါတယ်လို့ မေမေတို့ကို အကြံပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here