ကိုယ်ဝန်ဆောင်ချိန်ကာလ စိတ်အပြောင်းအလဲမြန်တာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ

0
86
- Advertisement -

ကိုယ်ဝန်ဆောင်ကာလမှာ ချစ်မေမေတို့ အခုလိုမျိုး စိတ်အပြောင်းအလဲများတာ၊ စိတ်အပြောင်းအလဲမြန်တာတို့ကို နားလည်ပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဥ်တစ်ခုပဲမဟုတ်လား။

ချစ်မေမေတို့ရေ…။ ကိုယ်ဝန်ဆောင်ကာလမှာ စိတ်အပြောင်းအလဲမြန်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါနော်။ တစ်ခုခုဆို မျက်ရည်လွယ်မယ်၊ စိတ်ဆိုးဒေါသထွက်လွယ်မယ် အစရှိသဖြင့်ကိစ္စရပ်တိုင်းအတွက် ထိလွယ်ရှလွယ်ဖြစ်နေမှာပေါ့။ ဒါပေမယ့် မပူပါနဲ့။ မိခင်လောင်းတိုင်း ဒီအခြေအနေတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီတော့ ဘာကြောင့် ဒီလိုဖြစ်ရလဲ၊ ဘယ်လိုမျိုးကျော်လွှားရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံးဖြစ်ရတဲ့အကြောင်းရင်းတွေကို အရင်ပြောပြမယ်နော်။ ပထမဆုံးအချက်က ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်းက စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှု၊ ကြောက်လန့်မှု၊ စိတ်ပျက်မှုအစရှိသဖြင့် ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး အလွန်အမင်းပင်ပန်းတာမျိုးကလည်း ချစ်မေမေတို့ကို အခုလိုပဲ စိတ်အပြောင်းအလဲမြန်စေမှာပါ။ တစ်ခါတလေကျ မေ့လျော့တာမျိုး၊ စိတ်ဓာတ်တက်ကြွတာမျိုး၊ စိုးရိမ်ပူပန်တာမျိုးအစရှိသဖြင့် အမျိုးမျိုးသော ခံစားချက်တွေ ရောထွေးနေနိုင်ပါတယ်။ နောက်ထပ်အဓိကကျတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ အိပ်ရေးပျက်တာပါ။ ဗိုက်ထဲက သားသားမီးမီးလေး တဖြည်းဖြည်းထွားလာတာနဲ့အမျှ ချစ်မေမေတို့က ပိုမိုစိတ်ပူလာရပြီး ဒီလိုနဲ့ပဲ ညဘက်အိပ်မပျော်တာတွေ ဖြစ်လာတာပါ။ အခု ဒါတွေကို ဘယ်လိုကျော်လွှားရမလဲ မျှဝေပေးသွားပါမယ်။

- Advertisement -

၁။ တရားထိုင်ပါ။ ယောဂဆော့ပါ။

ဒီနည်းလမ်းနှစ်ခုက စိတ်တည်ငြိမ်စေဖို့အတွက် အကောင်းဆုံးသောအရာတွေဖြစ်ပါတယ်။ ချစ်မေမေတို့ရဲ့ စိတ်က ငြိမ်းချမ်းနေမှ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်အပြောင်းအလဲမြန်တာမျိုးတွေမဖြစ်မှာပေါ့နော်။

၂။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးမဝတာက စိတ်မကြည်လင်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ အဲ့ဒါကြောင့် အိပ်စက်မယ့်အချိန်ကို သေချာသတ်မှတ်ထားပြီး အိပ်ပျော်အောင်အိပ်ပါ။ မအိပ်ခင် စမတ်ဖုန်းသုံးတာ၊ တီဗီကြည့်တာမျိုးတွေမလုပ်ပါနဲ့။ တစ်ရက်ကို (၈) နာရီအိပ်ပါ။ နေ့လယ်နေ့ခင်းဆိုလည်း တစ်ရေးတစ်မောအိပ်ပါ။

၃။ အနှိပ်ခံပါ။

ကိုယ်ဝန်ဆောင်ချိန် သင့်တော်တဲ့နည်းလမ်းနဲ့ အနှိပ်ခံတာက ကြွက်သားတွေတင်းနေတာကို လျှော့ချပေးပြီး ခန္ဓာကိုယ်ရဲ့ နာကျင်မှုဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး အနှိပ်ခံတာက ချစ်မေမေတို့ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး စိတ်တည်ငြိမ်စေမှာပါ။

၄။ စိတ်ပျော်ရွှင်စရာတွေပဲလုပ်ပါ။

ချစ်မေမေတို့က တစ်နေ့တစ်နေ့ မဖြစ်လာသေးတာကို တွေးပူမယ့်အစား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင်း စိတ်ပျော်စရာတွေ ပြုလုပ်ပေးပါ။ စျေးဝယ်ထွက်တာမျိုး၊ စားချင်တာလေးတွေ ဝယ်စားတာမျိုး၊ ချစ်ခင်ပွန်းနဲ့ လမ်းလျှောက်ထွက်တာမျိုး အစရှိသဖြင့်ပေါ့။ ဒါပေမယ့် အဲ့ဒီလိုအချိန်တိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာပါ။

၅။ ခင်ပွန်းကို ရင်ဖွင့်ပါ။

အမြဲတမ်းတစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ ချစ်မေမေတို့ ခံစားရသမျှ ချစ်မေမေတို့ရဲ့ ခင်ပွန်းကို ရင်ဖွင့်နိုင်ပါတယ်။ ဒီလိုပြုလုပ်တာက ချစ်မေမေတို့ကို စိတ်သက်သာရာရစေပြီး အတွေးလွန်တာမျိုးတွေမဖြစ်စေတော့ပါဘူး။

၆။ အကြောက်မလွန်ပါနဲ့။

ချစ်မေမေတို့က သားဇောသမီးဇောနဲ့ စိုးရိမ်တတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် အလွန်အမင်းကြီး စိုးရိမ်တာမျိုးကလည်း ချစ်မေမေတို့ကိုသာမက ဗိုက်ထဲက သားသားမီးမီးတို့ကိုပါ ထိခိုက်စေနိုင်လို့ပါ။

ချစ်မေမေတို့ရေ…။ ကိုယ်ဝန်ဆောင်ကာလမှာ ချစ်မေမေတို့ အခုလိုမျိုး စိတ်အပြောင်းအလဲများတာ၊ စိတ်အပြောင်းအလဲမြန်တာတို့ကို နားလည်ပါတယ်။ ဒါက ဖြစ်ရိုးဖြစ်စဥ်တစ်ခုပဲမဟုတ်လား။ အရေးကြီးဆုံးက ချစ်မေမေတို့အနေနဲ့ ဒီလိုအခြေအနေတွေကို ဘယ်လိုမျိုးကျော်ဖြတ်မလဲဆိုတာပါပဲ။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: momjunction, madeformoms

LEAVE A REPLY

Please enter your comment!
Please enter your name here