ကိုယ်ရော ကိုယ်ရဲ့ခင်ပွန်းအပါအဝင် နှစ်ဖက်မိဘတွေပါ စောင့်မျှော်နေရတဲ့ ရင်သွေးလေးကို လွယ်ထားရချိန်မှာ မိခင်လောင်းများအနေနဲ့ အရာရာကို ဂရုတစိုက်နဲ့ သွားလာလှုပ်ရှား နေထိုင်ပြုမူရမှာဖြစ်ပါတယ်။ အရက်သေစာများကတော့ ရှောင်ကြဥ်ရမယ့်အထဲမှာ ထိပ်ဆုံးကဖြစ်ပြီး ကိုးလလွယ်ထားရတဲ့ အတောအတွင်းမှာ တခြားဘယ်လိုအချက်တွေကိုလည်း အထူးရှောင်ကြဥ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ အသားစိမ်း၊ ငါးစိမ်းများ၊ Deli meat လို့ခေါ်တဲ့ မကျက်တကျက်ချက်ထားသော ကင်ထားသော အသားများ ( အမဲသား၊ ဝက်သား)၊ အေးခဲထားတဲ့ ဝက်အူချောင်း အသားပြားတွေ၊ ကြက်ဥအစိမ်း စသည်တို့ကို စားသုံးခြင်းမှ ရှောင်ကြဥ်ပါ။ ထိုအစား lean proteins, ကျန်းမာရေးနဲ့ညီညွတ်သော အဆီများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို စားသုံးပြီး ရေမှန်မှန်သောက်ပေးပါ။

၂။ ကဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီကို နေ့စဥ် တစ်ခွက်ထက်ပိုပြီးသောက်သုံးပေးပါက သွေးပေါင်ချိန်ကို တိုးစေပြီး နှလုံးခုန်နှုန်းမြန်စေမည့်အပြင် ရေဓာတ်ခမ်းခြောက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်က မိခင်လောင်းရဲ့ခန္ဓာကိုယ်အပေါ်မဟုတ်ဘဲ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးရဲ့ကျန်းမာရေးအပေါ်မှာ သွားပြီးသက်ရောက်မှုရှိနိုင်ပါတယ်။

၃။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောအတိုင်း ဆေးဝါးတွေမသောက်ပါနဲ့။ အခုလိုသောက်သုံးခြင်းက ဗိုက်ထဲမှာဖွံ့ဖြိုးနေတဲ့ ရင်သွေးလေးအတွက် အန္တရာယ်ဖြစ်စေနိုင်လို့ သောက်ချင်တယ်၊ လိုအပ်တယ်ဆိုပါက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပါ။

၄။ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေချိန်မှာ ရေပူပူလေးစိမ်ရတာက သက်သောင့်သက်သာရှိစေပြီး နေလို့ထိုင်လို့ကောင်းစေမှာမှန်ပေမယ့်လည်း ကိုယ်အပူချိန်မြင့်မားလာခြင်းက မွေးရာပါချို့ယွင်းချက်များနှင့် ကလေးကိုဖွားမြင်စေနိုင်လို့ ရေပူထဲစိမ်ခြင်းထက် နွေးနွေးလေးရှိတဲ့ရေနဲ့ ရေချိုးပေးပါ။

၅။ ကိုယ်ဝန်ဆောင်နေချိန်မှာ ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးနေခြင်းက ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ခြေသလုံးတွေဖောရောင်ခြင်းနှင့် သွေးကြောပြဿနာတွေကို ဖြစ်စေနိုင်လို့ မကြာမကြာ မတ်တပ်ထပြီး ဟိုနားဒီနား လမ်းလျှောက်ပေးပါ။

၆။ ရင်သွေးလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်တွေကို တတ်နိုင်သမျှ ဖတ်ပေးတာက ကောင်းပေမယ့်လည်း ဖတ်သမျှအားလုံးကို ယုံစရာမလိုပါဘူး။ ကိုယ့်ရဲ့ပင်ကိုအသိစိတ်ပေါ် အခြေခံပြီး ယုံသင့်မယုံသင့်ဆုံးဖြတ်ကာ သံသယလေးတွေရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။
#Lifestyle_Myanmar
#Thinzar
Ref- timesofindia