ကိုယ်ဝန်ဆောင်နေချိန်အတွင်း ခြေထောက်ဖောရောင်ခြင်းကို ဘယ်လိုလျှော့ချရမလဲ

0
299
- Advertisement -

သန္ဓေသားလေးကို လွယ်ထားရချိန်မှာ ခြေသလုံးတွေ ဖောရောင်တာက ပုံမှန်အခြေအနေဆိုပေမယ့်လည်း ကိုယ်ဝန်ဆောင်အများစုအတွက်တော့ စိတ်အနှောင့်အယှက်ကိစ္စတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ကိုယ်တွင်းက အရည်ပိုတွေနဲ့ သားအိမ်ပေါ်ဖိအားတွေများလာခြင်းကြောင့် ခြေသလုံးနဲ့ ခြေထောက်မှာ ဖောရောင်ခြင်းတွေဖြစ်လာရပြီး မွေးဖွားခါနီးလေလေ ဖောရောင်ခြင်းက ပိုပြီးဆိုးလာလေလေပါပဲ။ ညနေခင်းတွေနဲ့ ရာသီဥတုပူအိုက်ချိန်တွေမှာလည်း ပိုဆိုးတတ်ပါတယ်။ အပေါ်ယံလောက်ဖောရောင်ခြင်းက သိပ်ပြီးစိုးရိမ်စရာမရှိပေမယ့်လည်း မျက်နှာနဲ့ လက်တွေမှာ ဖောရောင်ခြင်းကတော့ Preeclampsia လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နေစဥ် သွေးပေါင်ချိန်တက်ခြင်း အခြေအနေကို ညွှန်ပြနေတာဖြစ်နိုင်ပါတယ်။ ဒါဆိုရင် အသက်ထက်တန်ဖိုးထားရတဲ့ ရင်သွေးလေးလွယ်ထားရချိန်မှာ ဖောရောင်ခြင်းတွေ သက်သာအောင် ဘယ်လိုအချက်တွေကို လိုက်နာရမလဲဆိုတာကို အခုပဲပြောပြပေးချင်ပါတယ်။

ဆိုဒီယမ်စားသုံးမှုကို လျှော့ချပါ

ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဖောရောင်ခြင်းကို လျှော့ချနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ ဆားစားသုံးမှုကို ကန့်သတ်ရမှာဖြစ်ပါတယ်။ အစားအသောက်ထဲ ဆားထပ်မထည့်ဘဲ ဆိုဒီယမ်များတဲ့ အစာသွပ်ဘူးတွေ စားသုံးခြင်းမှလည်း ရှောင်ရှားပါ။

ပိုတက်ဆီယမ် များများစားပါ

ပိုတက်ဆီယမ်နည်းပါးခြင်းကလည်း ဖောရောင်ခြင်းကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က သင့်ခန္ဓာကိုယ်တွင်းမှာ အရည်ပမာဏကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားပေးတာဖြစ်လို့ အာလူး၊ ငှက်ပျောသီး၊ ဒေါက်ခွရွက်၊ ပဲများ၊ ဒိန်ချဥ်၊ ဆယ်လ်မွန်ငါးနှင့် ပဲနီလေးတို့ကို စားသုံးပေးပါ။

ကဖိန်းဓာတ်သောက်သုံးမှုကို လျှော့ပါ

ကိုယ်ဝန်ဆောင်နေချိန်မှာတော့ ကော်ဖီဘယ်လောက်ကြိုက်ကြိုက် တစ်ခွက်ထက်ပိုမသောက်ပါနဲ့။ ကဖိန်းဓာတ်က ဆီးရွှင်စေတာကြောင့် အပေါ့မကြာခဏသွားစေပါတယ်။ ဒါကြောင့် ကော်ဖီအစား မနက်ခင်းမူးဝေအော့အန်ခြင်းကို သက်သာစေမယ့် Peppermint ရေနွေးကြမ်းသောက်သုံးပေးပါ။

ရေဓာတ်ဖြည့်တင်းပါ

ရေများများသောက်သုံပေးးခြင်းကလည်း ဖောရောင်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်သည့်အခါ အစားထိုးရန်အတွက် ခန္ဓာကိုယ်က ရှိတဲ့အရည်ဓာတ်ပေါ် မှီခိုဆွဲယူထားဖို့ လိုအပ်တယ်လို့ ထင်မှတ်သွားနိုင်ပါတယ်။

ခြေထောက်ကိုမြှောက်ထားပြီး အနားယူပါ

အချိန်ရတိုင်း ခြေထောက်နှစ်ဖက်ကို ခုံ သို့မဟုတ် ခေါင်းအုံးတစ်ခုခုပေါ် တင်ထားပြီးတော့ ခဏလောက်အနားယူပေးပါ။ တစ်ချိန်လုံးမတ်တပ်ရပ်နေခြင်းက ရင်သွေးလေးလွယ်ထားရတဲ့ ခန္ဓာကိုယ်အတွက် အနည်းငယ်ပင်ပန်းနိုင်တာကြောင့် ခြေထောက်ပေါ်စီးသွားတဲ့ အရည်ဓာတ်ကို နောက်ပြန်ဆုတ်သွားဖို့အတွက် ခြေထောက်ကိုမြှောက်ပေးထားပါ။

အနှိပ်ခံပါ

ကိုယ်ဝန်ဆောင်နေတဲ့ သင့်ကို ခင်ပွန်းသည်က ဘာလုပ်ပေးရမလဲလို့ မေးလာတဲ့အခါ ခြေထောက်ကိုနှိပ်ခိုင်းပါ။ အခုလိုနှိပ်ပေးခြင်းက အရည်လည်ပတ်အောင် ကူညီပေးလို့ ဖောရောင်ခြင်းကို လျော့ကျစေပါလိမ့်မယ်။

ဘယ်ဖက်စောင်းပြီးအိပ်ပါ

ညာဖက်ပဲအိပ်တတ်သူတွေလည်း ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဘယ်ဖက်စောင်းပြီးအိပ်ပေးပါ။ ဘယ်ဖက်လှည့်ပြီးအိပ်တာက သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ ဖောရောင်ခြင်းကို လျော့ကျစေပြီး သားအိမ်အတွင်း ဖိအားတွေကို သက်သာစေပါတယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here