ကိုယ်ဝန်ဆောင်မေမေတို့ ရှောင်ကြဉ်သင့်တဲ့အစားအစာများ

0
161
- Advertisement -

ကိုယ်ဝန်ဆောင်ကာလဆိုတာ မေမေတို့အတွက် တကယ့်ကိုအခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံးအချိန်ကာလလို့ ဆိုရမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မေမေတို့ရဲ့ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကပါ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အချိန်ကာလလို့ဆိုနိုင်ပြီး အဲ့ဒီကာလအတွင်းမှာ ကိုယ်ဝန်ဆောင်မေမေတို့ ဘယ်လိုအစားအသောက်မျိုးတွေကို ရှောင်ကြဥ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ မာကျူရီဓာတ်မြင့်မားတဲ့ငါးများ
မာကျူရီဓာတ်က အဆိပ်အတောက်ဖြစ်ပွားနိုင်ချေအများဆုံးဖြစ်ပြီး အဲ့ဒီဓာတ်ပါဝင်တဲ့ငါးတွေကို ညစ်ပတ်နေတဲ့ရေထဲမှာတောင် မြင်တွေ့ရလေ့ရှိပါတယ်။ အဲ့ဒီငါးတွေက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ အာရုံခံစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့အပြင် ခုခံအားစနစ်နဲ့ ကျောက်ကပ်တို့ကိုပါ ထိခိုက်စေတာကြောင့် ဗိုက်ထဲက သားသားမီးမီးတို့ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ငါးမန်း၊ ခရုတို့လိုမျိုး မာကျူရီဓာတ်မြင့်မားတဲ့ပင်လယ်စာတွေကို တစ်လမှာ (၁) ကြိမ် ဒါမှမဟုတ် (၂) ကြိမ်ထက်ပိုမစားဖို့ အကြံပေးလိုက်ရပါတယ်။

၂။ အသားစိမ်း၊ ငါးစိမ်းများ
အသားစိမ်းငါးစိမ်းတွေနဲ့ မကျက်တကျက်ချက်ပြုတ်ထားတဲ့ အသားငါးတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေတတ်ပြီး အဲ့ဒီဘက်တီးရီးယားတွေက ကိုယ်ဝန်ဆောင်ထားတဲ့မေမေတို့ကို ရေဓာတ်ခန်းခြောက်တာမျိုး ဒါမှမဟုတ် အားနည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ Listeria လို့ခေါ်တဲ့ ဒီဘက်တီးရီးယားဟာ ကိုယ်ဝန်ဆောင်မေမေတို့ဆီမှာ ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲနဲ့လည်း ဗိုက်ထဲမှာရှိတဲ့ သားသားမီးမီးတို့ဆီ ရောက်သွားနိုင်ပြီး အချိန်မတိုင်ခင်မွေးဖွားတာမျိုး၊ ကိုယ်ဝန်ပျက်ကျတာမျိုး၊ ကလေးအသေမွေးတာမျိုးတွေအပြင် အခြားသောဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။

၃။  ကြက်ဥအစိမ်း
အစိမ်းစားတဲ့ အစားအသောက်ကတော့ ကိုယ်ဝန်ဆောင်မေမေတို့အတွက်တင်မကဘဲ အခြားသူတွေအတွက်ပါ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အစားအသောက်ပါ။ ကြက်ဥအစိမ်းမှာပါဝင်တဲ့ Salmonella ဆိုတဲ့အရာက ကိုယ်ဝန်ဆောင်မေမေတို့ကို ဖျားနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့အပြင် မွေးလမ်းကြောင်းအောင့်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါကကြက်ဥစိမ်းကို တိုက်ရိုက်စားသုံးမိမှမဟုတ်ဘဲ မလတ်ဆတ်တဲ့ကြက်ဥစိမ်းနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို စားသုံးမိရင်လည်း ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ အထူးသတိထားရမယ့်အချက်လည်းဖြစ်ပါတယ်။

၄။ ကလီစာများ
ကြက်အသည်းအမြစ်၊ ဝက်ကလီစာတို့လို အစားအသောက်တွေက သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင်အေဓာတ်တို့ ပါဝင်ပေမယ့် အလွန်အကျူးစားသုံးတာကတော့ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် မသင့်တော်ပါဘူး။ ကလီစာတွေမှာပါဝင်တဲ့ကြေးနီဓာတ်တွေက မွေးရာပါကလေးချို့ယွင်းခြင်းနဲ့ အသည်းအဆိပ်တက်ခြင်းတို့ကိုဖြစ်ပေါ်စေတာကြောင့် ဒီလိုမျိုးကလီစာတွေကို တစ်ပတ်မှာ (၁) ကြိမ်ထက် ပိုမစားသုံးသင့်ပါဘူး။

၅။ ကဖိန်းဓာတ်
ကော်ဖီနဲ့လက်ဖက်ရည်၊ ဆိုဒါနဲ့ ကိုကာကိုလာတို့ကို ကြိုက်တတ်တဲ့ ကိုယ်ဝန်ဆောင်မေမေတို့အတွက် သတိထားရမယ့်အချက်တစ်ခုပါပဲ။ ကိုယ်ဝန်ဆောင်မေမေတို့ဟာ တစ်ရက်ကို ကဖိန်းဓာတ် (၂၀၀) မီလီဂရမ်ထက်ပိုလို့မရဘဲ တစ်ရက်ကို ကော်ဖီ (၂) ခွက် (၃) ခွက် သောက်သုံးခြင်းကို ရှောင်ရှားရပါလိမ့်မယ်။ ကဖိန်းဓာတ်က အချင်းကို လျင်လျင်မြန်မြန်နဲ့ စုပ်ယူနိုင်ပြီး သန္ဓေသားအတွင်းကို ဝင်ရောက်နိုင်တာကြောင့် သတိထားဖို့ လိုအပ်ပြီး ကဖိန်းဓာတ်မြင့်မားမှုက သန္ဓေသားကြီးထွားမှုကို ရပ်တန့်စေတာကြောင့် မွေးဖွားလာတဲ့အချိန်မှာလည်း သားသားမီးမီးတို့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာနိုင်ပါတယ်။

၆။ အရက်၊ ဘီယာနဲ့ အသင့်စားအစားအသောက်များ
အရက်ဘီယာသောက်သုံးခြင်းက ကိုယ်ဝန်ဆောင်မေမေတို့အတွက် လုံးဝမသင့်တော်ဘူးဆိုတာ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဒီလိုမျိုးသောက်သုံးမယ်ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးရာပါရောဂါနဲ့ ပေါင်ချိန်မပြည့်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ အသင့်စားအစားအသောက်တွေကလည်း ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အာဟာရအတွက် မသင့်တော်ဘဲ ကယ်လိုရီ၊ သကြားနဲ့ အဆီအပိုတွေပါဝင်တာကြောင့် အလွန်အကျူးမစားသုံးသင့်ပါဘူး။ သွေးတွင်းသကြားဓာတ်များပြားတာက နှလုံးရောဂါအပါအဝင် အခြားသောရောဂါတွေကို ဖြစ်ပွားစေနိုင်ပြီး ကိုယ်အလေးချိန်မြင့်တက်လာတာကလည်း ဆီးချို၊ သွေးချိုရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ ခန္ဓာကိုယ်အလေးချိန်မြင့်တက်နေတာက မွေးဖွားလာတဲ့သားသားမီးမီးတို့ အရွယ်ရောက်လာရင်လည်း အဝလွန်နိုင်ချေပိုမိုများပြားစေမှာပါ။

#HM
#ChitMayMay
Source: healthline

LEAVE A REPLY

Please enter your comment!
Please enter your name here