ကိုယ်ဝန်ဆောင်မေမေနဲ့ ချစ်ခင်ပွန်းတို့နှစ်ယောက်အတူတူဖတ်သင့်တဲ့စာလေးတစ်စောင်

0
305
- Advertisement -

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်၊ မလုပ်သင့်ဆိုတာကို အမြဲတမ်းအငြင်းပွားလေ့ရှိပါတယ်။ တချို့ကျတော့လည်း ကိုယ်ဝန်ကို စိုးရိမ်လွန်းအားကြီးပြီး ထသွားထလာဖြည်းဖြည်းချင်းရှိတတ်ကြပေမယ့် အချို့ ကိုယ်ဝန်ဆောင်တွေကလည်း သိပ်ပြီးမပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာလည်း ကိုယ်ဝန်ဆောင်တွေ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ပြုလုပ်တာက မိခင်လောင်းတွေအတွက်မကဘဲ ဗိုက်ထဲက သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက်ပါ အကျိုးရှိစေတဲ့ကိစ္စရပ်ပါ။

တစ်ပတ်ကို အေရိုးဗစ်မိနစ် (၃၀) ဝန်းကျင်လောက် ဆော့ကစားပေးတာက ကိုယ်ဝန်ဆောင်ချစ်မေမေတို့ကို နေလို့ထိုင်လို့ကောင်းမွန်စေပြီး ကြံ့ခိုင်မှုပြည့်ဝစေသလို ကောင်းကောင်းအိပ်ပျော်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပြီး အင်အားအပြည့်ရှိနေမှာဖြစ်သလို ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရလေ့ရှိတဲ့ ခန္ဓာကိုယ်ရဲ့ နာကျင်မှုဝေဒနာတွေကိုလည်း ပြေပျောက်စေမှာပါ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ပေးတာက ရေရှည်မှာ ဆီးချိုရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မီးဖွားပြီးနောက်ပိုင်း ခန္ဓာကိုယ်အလေးချိန် အလွန်အမင်းမြင့်တက်လာခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်အပြင် မွေးဖွားတဲ့အချိန်မှာပါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိပြီး မွေးရဖွားရလည်း ပိုမိုလွယ်ကူစေမှာပါ။ မွေးရဖွားရလွယ်ကူတယ်ဆိုတဲ့နေရာမှာ အချိန်အကြာကြီးကုန်တာမျိုးမဖြစ်တော့ဘဲ ချစ်မေမေတို့အနေနဲ့ နာကျင်မှုဝေဒနာ ခံစားရတဲ့ အပိုင်းမှာလည်း အများကြီး လျော့နည်းစေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ချစ်ခင်ပွန်းနဲ့အတူ လေ့ကျင့်ခန်း ပြုလုပ်ရတာကလည်း နှစ်ယောက်ကြား ဆက်ဆံရေးကို ပိုမိုရင်းနှီးစေပြီး သားသားမီးမီးတို့ကို မွေးဖွားပြီးတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် မိသားစုအနေအထားအတွက်လည်း ကူညီရာရောက်စေပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ချစ်မေမေတို့က ပျို့အန်တာမျိုး၊ ပင်ပန်းနွမ်းနယ်တာမျိုးနဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေဖြစ်ပေါ်လာရင်တော့ လေ့ကျင့်ခန်း မဖြစ်မနေ ပြုလုပ်ပေးသင့်ပါပြီ။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုဆိုတာက ကိုယ်အလေးချိန် မြင့်တက်လာတာမျိုးဖြစ်ပြီး ဒါက ကိုယ့်ရဲ့ဟန်ချက်ကို ထိန်းညှိတဲ့နေရာမှာ ပြဿနာဖြစ်စေနိုင်သလို နေရထိုင်ရတာလည်း သက်သောင့်သက်သာရှိစေမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ချစ်မေမေတို့က ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိရင်တောင် ခင်ပွန်းဖြစ်တဲ့ဖေဖေတို့က လေ့ကျင့်ခန်းအတူတူလုပ်ဖို့ ဆော်သြပေးရမှာပါ။

လေ့ကျင့်ခန်းလုပ်တဲ့အထဲကမှ လမ်းလျှောက်တာက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဖေဖေတို့က ကိုယ်ချစ်ရတဲ့ ရင်သွေးလေးကို လွယ်ထားရတဲ့ ချစ်ဇနီးလေးနဲ့အတူ တစ်ရက်ကို မိနစ် (၃၀) လောက် လမ်းအတူတူလျှောက်ပေးဖို့ လိုအပ်ပါတယ်။ စစချင်း တစ်ပတ်ကို (၃) ရက် နဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ တစ်ပတ်ကို (၅) ရက်လောက် တစ်ရက်ကို မိနစ် (၃၀) လောက် လမ်းအတူတူလျှောက်ပေးလိုက်ကြပါနော်။

တကယ်လို့ ချစ်မေမေတို့က ပင်ပန်းနေတာမျိုး ဒါမှမဟုတ် ပျို့အန်တာမျိုးတွေဖြစ်တယ်ဆိုရင် အချိန်ခဏလောက်ပဲ လမ်းလျှောက်တာမျိုး ဒါမှမဟုတ် နောက်နေ့မှ အတူတူလမ်းထွက်လျှောက်တာမျိုး ပြုလုပ်သင့်ပါတယ်။ ဖေဖေတို့ဘက်က လုပ်နိုင်တာက လေ့ကျင့်ခန်းလုပ်ဖို့ ချစ်မေမေတို့ကို တိုက်တွန်းတာမျိုး ပြီးရင် ကိုယ်ကိုယ်တိုင်ကပါ လေ့ကျင့်ခန်းလုပ်ဖို့ တက်တက်ကြွကြွဖြစ်နေသင့်ပါတယ်။ ဒီလို တက်တက်ကြွကြွရှိနေတာက ကိုယ့်ရဲ့ခွန်အားတွေကို အမြင့်ဆုံးအမှတ်မှာရှိနေစေပြီး သားသားမီးမီးတို့ လူ့လောကထဲရောက်လာမယ့်အချိန်အတွက် အဆင်သင့်ဖြစ်နေမှာပါ။

ကိုယ်ဝန်ဆောင်မေမေတို့က လေ့ကျင့်ခန်းလုပ်ရမှာကို ကြောက်ရွံ့ထိတ်လန့်နေတယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ချစ်ဇနီးနဲ့အတူတူ လမ်းလျှောက်ပေးတာက သားသားမီးမီးတို့ကို မမွေးဖွားခင်မှာပဲဖြစ်ဖြစ်၊ မွေးဖွားပြီးသွားတဲ့နောက်မှာပဲဖြစ်ဖြစ် ကိုယ့်အတွက်ရော၊ ချစ်ရတဲ့ဇနီးသည်အတွက်ပါ အင်မတန်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အကြောင်း ဖေဖေတို့အတွက်ရော၊ မေမေတို့အတွက်ပါ မျှဝေပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here