ရင်သွေးလေးကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်သည်များကို လှုပ်လှုပ်ရှားရှားနေဖို့အတွက် ကျွမ်းကျင်သူများနှင့် ဆရာဝန်များက အမြဲတိုက်တွန်းလေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်သည်များအနေနဲ့ ထိုအကြံပေးချက်အတိုင်း လိုက်နာချင်ပေမယ့်လည်း သန္ဓေသားဖွံ့ဖြိုးဖို့အတွက် ဘယ်လေ့ကျင့်ခန်းတွေက လုံခြုံသင့်တော်မှုရှိလဲဆိုတာကို မသိကြပါဘူး။ အကယ်လို့ စာဖတ်သူက ကိုယ်ဝန်လွယ်ထားရပြီး သင်နဲ့သင့်ကလေးအပေါ်မှာ ဖိအားမသက်ရောက်စေမယ့် လေ့ကျင့်ခန်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ရေထဲမှာလေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ရေကူးကန်ထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းက သင်ရော သင့်ကလေးအတွက်ပါ ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။ သုတေသနအရ မိခင်လောင်းတွေအနေနဲ့ တစ်ရက်လျှင် နာရီဝက်လောက် ရေထဲမှာလေ့ကျင့်ခန်းတစ်ချို့လုပ်ပေးခြင်းက ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဆီးချိုရောဂါဖြစ်လာနိုင်ခြေကို လျော့ကျစေပါတယ်။
ခြေထောက်တွေဖောရောင်မှုကို သက်သာစေခြင်း

ဗိုက်ထဲမှာလွယ်ထားရတဲ့ ကလေးက သင့်ခန္ဓာကိုယ်အောက်ပိုင်းဆီကို သွေးမရောက်အောင် တားဆီးသလိုဖြစ်နေတာကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ သင့်ခြေထောက်တွေ၊ ခြေသလုံးတွေက ဖောရောင်တတ်လေ့ရှိပါတယ်။ ရေထဲမှာလေ့ကျင့်ခန်းလုပ်ခြင်းက ကလေးရဲ့ဖိအားသက်ရောက်မှုကြောင့် ဖြစ်လာတဲ့ ခြေထောက်ဖောရောင်မှုကို သက်သာစေပါတယ်။ ရေကခန္ဓာကိုယ်ကို ပြေလျော့စေလို့ ခန္ဓာကိုယ်အောက်ပိုင်းဆီ သွေးရောက်အောင် ကူညီပေးတာကြောင့် ရေထဲမှာလေ့ကျင့်ခန်းလုပ်ရင်း ခြေထောက်ကို အနားပေးပါ။
ပိုပြီးကောင်းကောင်းအိပ်ပျော်စေခြင်း

အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ထားရချိန်မှာ အိပ်မရတဲ့ညတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအိပ်မပျော်တာတွေမျိုးက ရက်တွေဆက်လာခဲ့မယ်ဆိုရင် မိခင်ရော သန္ဓေသားအတွက်ပါ အန္တရာယ်ရှိလာနိုင်လို့ ရေထဲမှာလေ့ကျင့်ခန်းလုပ်ကာ ကောင်းသောအိပ်စက်မှုကို ရယူနိုင်ပါတယ်။
ခါးနာသက်သာစေခြင်း

ဝမ်းဗိုက်ထဲမှာ ရင်သွေးလေးကိုလွယ်ထားရတဲ့အတွက် ကိုယ်ဝန်ဆောင်ထားချိန်မှာ ခါးနာဝေဒနာကို မကြာခဏဆိုသလို ခံစားရတတ်ပါတယ်။ ခါးနာသက်သာစေဖို့အတွက် ဘယ်လိုအပူအိတ်တွေသုံးသုံး ဝေဒနာက ပျောက်မသွားတတ်ပါဘူး။ ဒါပေမယ့် ရေကူးခြင်းက ကိုယ်ဝန်ဆောင်ချိန် ခါးနာကျင်မှုကို သက်သာစေတယ်လို့ နားလည်တတ်ကျွမ်းသူများက ပြောကြားထားပါတယ်။
မနက်ခင်း ပျို့အန်တာကို လျော့ကျစေခြင်း

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မနက်ခင်း ပျို့အန်ခြင်းတွေကို အမျိုးသမီးတိုင်း ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေကျရင် ဒီလိုပျို့အန်တာက အင်မတန်ဆိုးရွားလွန်းပါတယ်။ ရေထဲမှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးတဲ့ အမျိုးသမီးတွေအနေနဲ့တော့ မနက်ခင်းပျို့အန်ခြင်းတွေကို လျော့ကျစေနိုင်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားကြဖူးပါတယ်။
#Chit_May_May
#Thinzar
Ref- timesofindia