ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ စိတ်ခံစားချက်များ

0
27
- Advertisement -

ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ တွေ့ကြုံရပါတယ်။ ဒါက ဟော်မုန်းတွေ ယာယီ တိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ စိတ်ပြောင်းလဲခြင်း (သို့) အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ငိုခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေ ခံစားရတဲ့ ခံစားချက် အနည်းငယ်မျှသာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေသာမက စိတ်ခံစားချက် ပြောင်းလဲမှုတွေကိုပါ ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးက အရမ်းပြောင်းလဲသွားသဖြင့် ခင်ပွန်းမှာ သူစိမ်းတစ်ယောက်နဲ့ နေထိုင်နေရသလို ခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်စေသော အကြောင်းရင်းများ

ပထမဆုံးအနေနဲ့ သင်ဟာ ဒီလိုခံစားချက်တွေ ခံစားရရင် ရှက်ရွံမှု (သို့) အပြစ်ရှိတယ်လို့ မခံစားရဖို့ အရေးကြီးပါတယ်။ ဒီအဆင့်မှာ သင့်အား သက်ရောက်မှုရှိစေမယ့် အကြောင်းရင်းတွေရှိပါတယ်။

၁။ ဟော်မုန်းအပြောင်းအလဲ

Estrogen နဲ့ progesterone ကဲ့သို့သော ဟော်မုန်းတွေ တိုးလာခြင်းက စိတ်ခံစားချက်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်က ရုတ်ခြည်းစိတ်အပြောင်းအလဲတွေကို စီမံခန့်ခွဲနိုင်စွမ်း လျော့နည်းသွားခြင်း ဖြစ်နိုင်ပါတယ်။

၂။ စိတ်ဖိအားများသော အခြေအနေတွေ

ကလေးရဲ့အနာဂတ်အတွက် စိတ်ပူခြင်း၊ ကိုယ်ဝန်ရစေတဲ့ အခြေအနေများ (သို့) မိသားစုအခြေအနေတို့ ပါဝင်ပါတယ်။ ဒါတွေက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နေရင်တောင်မှ အာရုံပြောင်းစေနိုင်တဲ့ ကဏ္ဍတွေပါ။

၃။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ

အချို့သော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်မအီမသာ ခံစားရတတ်ပါတယ်။ နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ပျို့အန်ခြင်းတို့ ပါဝင်နိုင်ပါတယ်။ ဒါက သူတို့ရဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် မှန်ကြည့်တဲ့အခါမှာ သင့်ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုတွေအားလုံးကို မြင်တွေ့ရတာက ဆွဲဆောင်မှု နည်းပါးသွားသလို ခံစားရစေပါတယ်။

၄။ ပင်ပန်းနွမ်းနယ်ခြင်း

ကိုယ်ဝန်ရလာလို့ အဆင်မပြေတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် တစ်ချို့အမျိုးသမီးတွေဟာ အိပ်ရေးမဝတာကြောင့် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါက စိတ်ခံစားမှုအပေါ် လေးနက်တဲ့ သက်ရောက်မှုရှိပါတယ်၊ စိတ်ခံစားချက်အပြောင်းအလဲကာလကို ရှည်ကြာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခံစားရတဲ့ စိတ်ခံစားမှုအမျိုးအစားများ

ကိုယ်ဝန်စရလာတဲ့ အချိန်မှစပြီး အမျိုးသမီးတွေဟာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဆက်တိုက်ခံစားရပါတယ်။ ဘာ့ကြောင့်ခံစားရလဲဆိုတာကို မရှင်းပြနိုင်ဘဲ စိတ်ခံစားမှုတစ်ခုကနေ တစ်ခုသို့ ကူးပြောင်းခြင်းက စိတ်ရှုပ်စရာနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအရာတွေက ကိုယ်ဝန်ဆောင်မိခင်တွေ တွေ့ကြုံရတဲ့ အဖြစ်များဆုံး စိတ်ခံစားချက်တွေဖြစ်ပါတယ်။

  • ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု

သင်အရမ်းလိုချင်နေတဲ့အရာကို ယခုရရှိပါပြီ။ ကလေးတစ်ယောက်ရခြင်းက သင့်ကို ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်စေပါတယ်။ သင့်ရဲ့ပျော်ရွှင်မှုတွေကို ချစ်ရသူနဲ့ မျှဝေခြင်းက သင့်အတွက် ကောင်းတဲ့ခံစားချက်တွေနဲ့ ပြည့်စေပါတယ်။

အခြားတစ်ဖက်ကကြည့်ရင် ကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့အခါ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အိပ်ရေးမဝခြင်း ဖြစ်လာပါက(သို့) နာကျင်နေပါက ဝမ်းနည်းမှုကို ဖြစ်စေနိုင်ပါတယ်။

  • ရယ်ပြီးနောက် ငိုခြင်း

ကိုယ့်ရဲ့မျက်နှာမှာ ရုတ်တရက် ရီစရာကောင်းတဲ့ အပြုံးတွေ ပေါ်လာလို့ ဒါမှမဟုတ် မမျှော်လင့်ဘဲ့ ထငိုမိလို့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ကို ရှာဖို့ ကြိုးစားခြင်းက အဓိပ္ပာယ်မဲ့ပါတယ်။ ဒီပြောင်းလဲမှုတွေရဲ့ အကြောင်းရင်းတွေကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ neurotransmitters တွေကို သက်ရောက်စေတဲ့ ဟော်မုန်းမမှန်ခြင်းကြောင့် ဖြစ်ပါတယ်၊။

  • ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်မှုတွေ

ကလေးမွေးဖွားခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများစွာကို သင်သိချင်နေပါမယ်၊ သင့်မေးခွန်းတွေနဲ့ စိုးရိမ်ပူပန်မှုတွေရဲ့ အဖြေကို မသိခြင်းက သင့်ကို ကြောက်လန့်စေပါတယ်။ ဥပမာအားဖြင့် သားဦးမိခင်များစွာက မိမိတို့ရဲ့ကလေးဟာ မျိုးရိုးဗီဇချို့ယွင်းမှုတစ်ချို့နဲ့ မွေးဖွားလာမှာကို စိုးရိမ်ကြပါတယ်၊ မသိခြင်းကို ကြောက်ရွံ့ခြင်းက များစွာသော စိုးရိမ်ပူပန်ခြင်းရဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

စိတ်ခံစားချက်တွေကို စီမံခန့်ခွဲရာမှာ ကူညီပေးမယ့် လှုပ်ရှားမှုများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခံစားရတဲ့ ခံစားချက်တွေက ပြင်းထန်တယ်လို့ ထင်ရပါတယ်။ သို့သော် သူတို့ကို တိုက်ဖျက်ဖို့နဲ့ ပြင်းထန်မှုကို နည်းပါးစေဖို့ နည်းလမ်းများရှိပါတယ်။

စိတ်ခံစားချက်ကို မြှင့်တင်ဖို့အတွက် အကြံပြုချက်တစ်ချို့က-

  • ရှစ်နာရီကြာအောင် အိပ်ရေးဝဝ အိပ်စက်ခြင်းက စိတ်ခံစားချက် တည်ငြိမ်မှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ သင်နဲ့ ကလေးအတွက် သက်တောင့်သက်သာအရှိဆုံးအနေအထားကို ရွေးချယ်ပါ။
  • သဘာဝပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအသောက်ကို ထိန်းသိမ်းပါ။ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။
  • စိတ်ဓါတ်ကျနေရင် ကိုယ့်ကိုယ်ကို စိတ်ချမ်းသာစေမယ့် အပြုသဘောအတွေးတွေကို စာရင်းပြုစုပါ။
  • အားကစားလုပ်နေရင် ဆက်လုပ်ပါ။ ပုံမှန်အားဖြင့် အထိုင်များသူဆိုရင် နေ့တိုင်းလမ်းလျှောက်ပေးပါ။
  • ကိုယ်ဝန်အကြောင်း ဒါမှမဟုတ် သင့်ကို အကောင်းမြင်စေတဲ့အရာတွေကို ဖတ်ပါ။

ကိုယ်ဝန်ဆောင်ချိန်က လှပပြီး အထူးအချိန်ဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမယ့် စိတ်ခံစားချက်အပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းမှာ ပြင်ဆင်ထားတာက အကြံကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီလှပတဲ့ အချိန်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ် ခံစားရမယ့် ခံစားချက်အမျိုးမျိုးအတွက် အပြုသဘောဆောင်ပြီး ကျန်းမာသော နည်းလမ်းဖြင့် တုံ့ပြန်ဖို့ အရေးကြီးပါတယ်။

Chit_MayMay

Nandar

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here