ခွေးလေးတွေဆိုတာက လူသားတွေနီးပါး အသိဥာဏ်ရှိတဲ့တိရိစ္ဆာန်လေးတွေပါ။ ခွေးချစ်သူတွေဟာ သူတို့ရဲ့အိမ်မှာ ခွေးမွေးထားရင် ကိုယ့်ရဲ့သားသမီးအရင်းလို စောင့်ရှောက်တတ်ကြသူတွေလည်းဖြစ်တာကြောင့် ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ ကိုယ့်ရင်သွေးလေးကို ကိုယ့်အိမ်ကခွေးလေးနဲ့ပဲဖြစ်ဖြစ်၊ အိမ်နီးချင်းခွေးလေးနဲ့ပဲဖြစ်ဖြစ် ဘေးကင်းကင်းဆော့ကစားနိုင်ဖို့အတွက် ဖေဖေနဲ့မေမေတို့ သင်ကြားပေးထားသင့်တဲ့၊ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ခွေးလေးတွေနဲ့ အတူဆော့ဖို့ ခွင့်တောင်းတတ်ပါစေ။
တစ်ခုခုဆိုရင် ကိုယ့်ရဲ့သားသမီးက ခွင့်တောင်းပြီးမှလုပ်တတ်အောင် မိဘတွေအနေနဲ့ ဒီလိုကိစ္စမှာတည်းက သင်ကြားပေးထားသင့်ပါတယ်။ နယူးယော့ခ်မြို့၊ ပို့တ်ဝါရှင်တန်ဒေသက တိရိစ္ဆာန်အမူအကျင့်ဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ ဘော်ဘီဘမ်ဘရီက “ခွေးလေးတွေနဲ့ မဆော့ခင်မှာ ခွင့်တောင်းတဲ့အမူအရာမျိုးလုပ်ပြဖို့ ကိုယ့်ရဲ့ရင်သွေးငယ်တွေကို သင်ကြားပေးထားသင့်ပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။

၂။ ကိုယ်က ခင်မင်ဖို့ကောင်းတယ်ဆိုတာကို ပြသတတ်ပါစေ။
အနားကိုရုတ်တရက်ချဥ်းကပ်သွားတာက ခွေးလေးတွေကိုထိတ်လန့်စေနိုင်ပြီး ကလေးငယ်ရဲ့ လက်တစ်ကမ်းအကွာလောက်ကနေ ကစားစရာအရုပ်တစ်ခုခုနဲ့ မျှားခေါ်တာမျိုး၊ ဆော့ကစားပြတာမျိုး ပြုလုပ်သင့်ပါတယ်။

၃။ ညင်သာစွာပွတ်သပ်ပေးပါ။
“ခွေးလေးတွေက ကလေးတွေကို ခင်သွားပြီဆိုရင် သူတို့ရဲ့ မေးစေ့အောက်ကို ပွတ်ပေးစေချင်ကြပါတယ်။ ဘယ်နေရာကို ကလေးငယ်တွေရဲ့လက်နဲ့ပွတ်ပေးရင် သက်သောင့်သက်သာြဖစ်လဲဆိုတာကို ခွေးလေးတွေကသိထားပြီးသားပါ။” လို့ ဘော်ဘီဘမ်ဘရီကပြောကြားခဲ့ပါတယ်။

၄။ ခွေးတစ်ကောင်ကဲ့သို့ စဥ်းစားတတ်အောင် သင်ကြားပေးပါ။
ဒါကမကောင်းတဲ့နည်းတစ်ခုလို့ မထင်လိုက်ပါနဲ့။ တကယ်တမ်းက ကိုယ်ချင်းစာတတ်အောင် သင်ကြားပေးတာမျိုးဖြစ်ပြီး ခွေးလေးတွေထမင်းစားနေတဲ့အချိန်မျိုး ဒါမှမဟုတ် အိပ်ပျော်နေတဲ့အချိန်မျိုးမှာ သွားနှောင့်ယှက်တာမျိုးတွေမလုပ်မိအောင် ကိုယ်ကိုယ်တိုင်နဲ့ ဥပမာပေးပြီး သင်ကြားပေးထားသင့်ပါတယ်။

၅။ ကစားစရာနှစ်မျိုးနဲ့ ပေးဆော့ပါ။
ဒါကလည်း ကိုယ့်ရဲ့ ရင်သွေးနဲ့ ခွေးလေးတို့ နှစ်ဖက်လုံးအထိအခိုက်မရှိဘဲ အေးအေးချမ်းချမ်းဆော့ကစားလို့ရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးဆိုတာက သူတို့ရဲ့ ကစားစရာအရုပ်ကိုယူသွားရင် အတင်းပြန်လုယူတတ်တဲ့အကျင့်ရှိပြီး ခွေးလေးရဲ့ပါးစပ်နဲ့ကိုက်ချီထားတဲ့ အရုပ်တစ်ခုခုကိုသာ သွားလုယူမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ အန္တရာယ်တွေဖြစ်ပေါ်စေနိုင်ပါတယ်။

#HM
#ChitMayMay
Source: Parents