ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ အအေးမိခြင်းနှင့် တုပ်ကွေးကဲ့သို့သော လက္ခဏာများဖြင့် သင့်ကို ဖျားနာစေနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာနှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် လက်ဖြင့် ထိတွေ့ခြင်းမှတဆင့် အလွယ်တကူ ပြန့်နှံ့နိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ ကူးစက်ခံရတဲ့လူရဲ့ ပါးစပ်၊နှာခေါင်း၊ လက်၊ ခန္ဓာကိုယ်အရည်များနဲ့ အထိအတွေ့ရှိသော အရာဝတ္တုများပေါ်မှာလည်း နေထိုင်နိုင်ပါတယ်။ ဆိုလိုတာက သင်ဟာ ကူးစက်ခံရတဲ့အရာတစ်ခုကို ထိရင် ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ် ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အအေးမိခြင်း (သို့) (SARS) ရောဂါကဲ့သို့ အပျော့စားရောဂါများကို ဖြစ်စေနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဟာ အသစ်ဖြစ်တာေကြောင့် ၎င်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို လေ့လာနေဆဲ ဖြစ်ပါတယ်။ လက်ရှိသက်သေအထောက်အထားများအရ
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အခြားကျန်းမာသန်စွမ်းသော အမျိုးသမီးတွေထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ပိုများတယ်လို့ ဆိုကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ သာမန် (သို့) အလယ်အလတ်ရောဂါလက္ခဏာများ ဖြစ်ပါလိမ့်မယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ မိခင်ဗိုက်ထဲကနေ မမွေးသေးတဲ့ ကလေးဆီကို ကူးစက်သွားနိုင်တယ်ဆိုတာ သက်သေပြနိုင်ခြင်းမရှိသေးသလို မမွေးသေးတဲ့ ကလေးတွေဟာ အန္တရာယ် တိုးလာနိုင်တဲ့ အခြေအနေမရှိပါဘူး။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရဲ့ရောဂါလက္ခဏာများ
နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း
အဖျားရှိခြင်း
အသက်ရှူဖို့ ခက်ခဲခြင်း
မောပန်းခြင်း
ရောဂါလက္ခဏာများက အရမ်းမြန်ပါတယ်။ ၂ရက်မှ ၅ရက်အထိ ကြာနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကဲ့သို့သော ရောဂါလက္ခဏာများမှ ပြန်လည်ထူထောင်ခြင်းဟာ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ရက်သတ္တပတ်များစွာ ကြာနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရဲ့ရောဂါလက္ခဏာတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအကြား ကွဲပြားနိုင်ပါတယ်။ အချို့အမျိုးသမီးတွေက ဘာရောဂါလက္ခဏာမှ မခံစားရပါဘူး။ (COVID-19) ကူးစက်ခံရတဲ့ အမျိုးသမီး အများစုဟာ အပျော့စား (သို့) အလယ်အလတ်ရောဂါလက္ခဏာများ ဖြစ်ပါလိမ့်မယ်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပေါက်ဖွားတဲ့ ကာလဟာ ၁- ၁၄ရက် ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာ မပေါ်မီ ၁၄ရက်အထိ ကူးစက်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်ဆန်ဆန် ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးပါဘူး။ သင့်မှာ ကိုယ်ဝန်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိပါက ဆရာဝန် (သို့) အခြားကျန်းမာရေးပညာရှင်တွေက ရောဂါလက္ခဏာတွေကို ဘယ်လိုစီမံရမယ်ဆိုတာ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင့်အား သတိပေးပါလိမ့်မယ်။ ရောဂါလက္ခဏာများ မပျောက်မချင်း isolation သီးခြားနေရမယ့်ကာလ ပါဝင်နိုင်ပါတယ်။ ဒီကာလဟာ ၁ပတ်မှ ၂ပတ်ကြာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အန္တရာယ်ကို လျော့ချခြင်း
သင်ကိုယ်ဝန်ရှိပါက ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကူးစက်နိုင်ခြေကို လျှော့ချဖို့ အရမ်းသတိထားရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ကိုရိုနာမှ ကာကွယ်ဖို့နှင့် ၎င်းပြန့်ပွားမှုကို ကာကွယ်ဖို့ ကူညီနိုင်ပါတယ်။
- လက်တွေကို ဂရုတစိုက်နဲ့ မှန်မှန် ဆေးကြောပါ။ ဆပ်ပြာနဲ့ ရေကိုသုံးပြီး စက္ကန့် (၂၀)လောက်ဆေးပါ။ သင့်တွင် ဆပ်ပြာနှင့် ရေမရှိပါက hand sanitiser ကိုသုံးနိုင်ပါတယ်။
- အိမ်သာတတ်ပြီး၊ အစာမစားခင်၊ အပြင်ထွက်ပြီးနောက်၊ ဖျားနာသောလူရှိသော ပတ်ဝန်းကျင်မှာ နေပြီးနောက်၊ ချောင်းဆိုး၊နှာချေ (သို့) နှာခေါင်းညှစ်ပြီးနောက် လက်တွေကို ဆေးကြောပါ။
- ချောင်းဆိုး၊ နှာချေတဲ့အခါ တစ်ခါသုံးတစ်သျူး (သို့) တံတောင်ဆစ်ဖြင့် ဖုံးအုပ်ပါ။ တစ်သျူးကို အသုံးပြုတယ်ဆိုရင် အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်ပါ။
- မျက်လုံး၊နားနှင့် ပါးစပ်တွေကို မထိပါနဲ့။
- တတ်နိုင်သမျှ နှာချေ၊ ချောင်းဆိုးနေတဲ့လူတွေနဲ့ ၆ပေအကွာမှာနေပါ။ ကိုရိုနာဗိုင်းရပ်စ်ရှိသူ ဘယ်သူ့ကိုမဆို အနီးကပ်မထိတွေ့ပါနဲ့။
- နေ့စဉ်အိမ်သုံးဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏထိတွေ့ရတဲ့ မျက်နှာပြင်တွေနဲ့ အရာဝတ္တုတွေကို သန့်ရှင်းခြင်းဖြင့် သင့်အိမ်ထဲကို ဝင်လာနိုင်တဲ့ ရောဂါပိုးများကို ဖယ်ရှားပါ။ စားပွဲ၊ ခုံတန်း၊ မီးခလုတ်များ၊ တံခါးလက်ကိုင်နှင့် ဗီဒိုလက်ကိုင်များ ပါဝင်ပါတယ်။
- ဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်မီးခိုးနှင့် ဝေးဝေးနေပါ။ သင် (သို့) သင့်လက်တွဲဖော်က ဆေးလိပ်သောက်ရင် ယခုအချိန်က ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
- ပြည်တွင်း၊ ပြည်ပ ခရီးသွားတာရှောင်ပါ။
Lifestyle_Myanmar
LM_Nandar
Source-raisingchildren