ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာ လမ်းကြောင်းများဆီသို့ ရောက်ရှိနိုင်မယ့် နည်းလမ်းများ

0
142
- Advertisement -

မိမိတို့ရဲ့သားသမီးတွေကို အကောင်းဆုံးဖြစ်စေချင်၊ သာယာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်စေချင်ကြတဲ့ မိဘတွေရဲ့ စေတနာမေတ္တာကို အထောက်အပံ့ဖြစ်စေလို ဖြစ်စေငြား မိဘအုပ်ထိန်းမှုဆိုင်ရာ အခြေခံအချက်အလက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

စံနမူနာကောင်းတွေကို ပြုမူပြောဆိုပြပါ

မိမိတို့ရဲ့ သားသမီးတွေကို မှန်ကန်တဲ့အပြုအမူများ၊ အပြုသဘောဆောင်ရွက်မှုများ၊ လေးစားသင့်တဲ့အရာတွေကို လေးစားတဲ့စိတ်ဓါတ်များ အစရှိတဲ့အရာတွေကို ဖြစ်စေလိုပါက မိဘတွေကိုယ်တိုင်ကလည်း တူညီတဲ့ စံနှုန်းတွေကို ပြုမူပြရပါမယ်။ ကလေးငယ်တွေဟာ သူတို့ လေးစားချစ်ခင်ရတဲ့သူတွေဆီက အပြုအမူအပြောအဆိုတွေကို အတုယူကြလေ့ရှိပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့လည်း အမှားအယွင်းလုပ်မိတာတွေ၊ ပြောဆိုမိတာတွေကို တာဝန်ခံမှု၊ ဝန်ခံပြောကြားမှုများ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ လူနေမှုစနစ်အရ၊ ဓလေ့ထုံးစံအရ လူကြီးတွေဟာ ကလေးငယ်တွေအပေါ် အမှားအယွင်းလုပ်မိပါက ဝန်ခံပြောကြားခြင်း၊ တောင်းပန်ခြင်းများ များသောအားဖြင့် မပြုလုပ်တတ်ကြပါဘူး။ အဲဒီလို အကျင့်မျိုးကိုလည်း ပြင်ဆင်သင့်ပါတယ်။

- Advertisement -

အသိအမှတ်ပြုပေးပါ၊ ချီးမွမ်းပေးပါ

ကလေးငယ်တွေရဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေ၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို ချီးကျူးထောက်ခံမှုများပြုလုပ်ပေးပါ။ ဒီလိုမျိုးပြုလုပ်ပေးခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ယုံကြည်လေးစားမှုများတိုးတက်လာစေပြီး အပျက်သဘောဆောင်တဲ့ လုပ်ဆောင်မှုများ၊ အဆိုးမြင်တဲ့ စိတ်ထားများမှ ဝေးကွာသွားစေနိုင်ပါတယ်။ ကလေးငယ်တွေကို အပြုသဘောမဆောင်တဲ့ ဝေဖန်မှုများဖြင့် ကြိမ်ဖန်များစွာ ဝေဖန်ပြောဆိုပါက သူတို့ဟာ ယုံကြည်မှုကင်းမဲ့ခြင်း၊ ဝေဖန်နိုင်မှုကို မခံနိုင်ခြင်းအစရှိတဲ့ စိတ်ဓါတ်ရေးရာချို့တဲ့မှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။

ရိုးသားမှုကို တန်ဖိုးထားပါ

ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ တန်ဖိုးကို လေးစားမှုရှိခြင်း၊ ရိုးသားမှုရှိခြင်းသည် လူအများရဲ့ လေးစားမှုကိုရရှိနိုင်ရုံသာမက ကောင်းမွန်တဲ့လူမှုဆက်ဆံရေးများကိုပါ ရရှိလာစေနိုင်ပါတယ်။ ရိုးသားမှုရှိခြင်းသည် လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အရေးကြီးဆုံးအချက်တချက်ဖြစ်ပြီး မိမိရဲ့ တန်ဖိုး၊ မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ မိမိရဲ့သားသမီးတွေအတွက်ပါ အကောင်းမွန်ဆုံး စံနမူနာယူစရာ လူတယောက်ဖြစ်လာစေနိုင်ပါတယ်။

လှုမှုပေါင်းသင်းဆက်ဆံရေးကို ကြေညက်စေပါ

စာနာမှု၊ လေးစားမှု၊ ယဉ်ကျေးမှု၊ အမူအကျင့်တွေနဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်မှု စတာတွေက လူမှုပေါင်းသင်းဆက်ဆံရေးအတွက် လိုအပ်တဲ့အရာတွေဘဲဖြစ်ပါတယ်။ မိမိတို့ရဲ့ သားသမီးတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း၊ ကြင်နာလေးစားမှုများပြသခြင်း စတာတွေက သူတို့ကို လေ့ကျင့်သင်ကြားပေးဖို့အတွက် အကောင်းဆုံးသော သင်ခန်းစာတွေဘဲဖြစ်ပါတယ်။

စိတ်ခံစားချက်တွေနဲ့ စိတ်လှုပ်ရှားမှုတွေကို နားလည်လက်ခံပေးပါ

အတွေ့အကြုံအသစ်၊ သင်ခန်းစာအသစ်၊ နေထိုင်လှုပ်ရှားမှုပုံစံအသစ် စတာတွေကို ကြုံတွေ့တဲ့အခါမျိုးမှာ ကလေးငယ်တွေဟာ ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း စတာတွေဖြစ်ပေါ်လာတတ်ကြပါတယ်။ အဲဒီ့အခါမျိုးမှာ သူတို့ကို နားလည်စာနာစွာဖြင့် အားပေးမှုများပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ တနေ့တာအတွေ့အကြုံတွေကို မေးမြန်းခြင်း၊ ဘယ်လိုအရာမျိုးကို နှစ်သက်ပြီး ဘယ်လိုအရာတွေကတော့ သူတို့ကိုအခက်အခဲနဲ့ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေတယ်ဆိုတာမျိုးကို မေးမြန်းစုံစမ်းမှုများလည်းပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ပြေပျောက်စေနိုင်အောင် ကူညီမှုများပြုလုပ်ပေးနိုင်မှာဘဲဖြစ်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်စေခြင်း

ကလေးငယ်တွေကို သူတို့နှစ်သက်တဲ့ အားကစားလှုပ်ရှားမှု၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ဖို့ အားပေးပါ။ အားလပ်ချိန်များမှာ သူတို့နဲ့ အတူတကွဆော့ကစားခြင်း၊ အလည်အပတ်ထွက်ခြင်း၊ ကျန်းမာတဲ့အစားအစာများကို စားသုံးခြင်း စတာတွေကို ပြုလုပ်ပေးပါ။ သူတို့စားချင်တဲ့ အစားအစာမျိုးကိုလည်း တပတ်တခါလောက် ချက်ပြုတ်ကျွေးမွေးပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဂရုတစိုက်ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကိုလည်း တိုးတက်စေနိုင်ပါတယ်။

ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုမျိုးဆိုတာက ကလေးငယ်တွေအတွက် အရာရာကို ဖြည့်ဆည်းပေးတာမျိုးကို ဆိုလိုချင်တာမျိုးမဟုတ်ဘဲ ထိရောက်တဲ့အုပ်ထိန်းမှုကို အသုံးချပြီး ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာမျိုးဖန်တီးပေးခြင်း၊ သူတို့ရဲ့ ဝါသနာနဲ့ ဖွံ့ဖြိုးမှုကို အခြေခံပြီး ကောင်းမွန်တဲ့ ထောက်ပံ့မှုများပြုလုပ်ပေးခြင်း စတာတွေကို ဆိုလိုရင်းဖြစ်ပါတယ်။ မိဘတွေအနေနဲ့ အရာရာတိုင်းကို ပြည့်စုံအောင်၊ မှန်ကန်အောင်ပြုလုပ်ပေးဖို့ အခက်အခဲရှိနိုင်ပေမယ့်လည်း ဒီအချက်အလက်တွေကို သိရှိထားပြီး တတ်နိုင်သလောက်ဖြည့်ဆည်းပေးဖို့ကြိုးစားပါက ကလေးငယ်တွေအတွက် အကောင်းမွန်ဆုံး အနေအထားမျိုးကို ရရှိစေနိုင်မှာဘဲဖြစ်ပါတယ်လို့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- findmykids

LEAVE A REPLY

Please enter your comment!
Please enter your name here