ကောင်းမွန်တဲ့ အုပ်ထိန်းမှုမျိုးဖြစ်ဖို့အတွက် မိဘတွေ သိထားသင့်တဲ့ အချက်များ

0
280
- Advertisement -

မိဘတွေရဲ့ အဓိကတာဝန်ကတော့ သားသမီးတွေကို အမှားအယွင်းနည်းပါးပြီး သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ ဘဝကို မားမားမတ်မတ်ရပ်တည်နိုင်ဖို့အတွက် ကူညီဖေးမလမ်းညွှန်ပြသတာဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မိဘတွေကတော့ တန်ဖိုးကြီးပစ္စည်းတွေ၊ သင်တန်းကျောင်းတွေ အစရှိတာတွေကို ဖြည့်ဆည်းပေးနိုင်တာလောက်နဲ့ဘဲ တာဝန်ကျေတဲ့မိဘကောင်းတွေဖြစ်ပြီလို့ထင်မှတ်ကြပါတယ်။ ဒါတွေဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်တဲ့ဖြည့်ဆည်းပေးမှု၊ လမ်းညွှန်ပြသမှုတွေဖြစ်ပေမယ့်လည်း သားသမီးတွေအတွက် ပြီးပြည့်စုံတဲ့လမ်းညွှန်ပြသပေးမှုတော့မဟုတ်ပါဘူး။

ခေတ်နဲ့အမှီလိုက်နိုင်ဖို့လိုပါတယ်

မိမိတို့ရှင်သန်ဖြတ်သန်းလာခဲ့သောခေတ်ကိုသာ စိတ်ထဲထားပြီး မိမိတို့ရဲ့ သားသမီးတွေဖြတ်သန်းနေရတဲ့ခေတ်ကို မျက်ခြေဖြတ်ထားတာမျိုးက မိဘနဲ့ သားသမီးတွေကြားပြောစရာစကားမဲ့နေသလိုဖြစ်နေပါလိမ့်မယ်။ သားသမီးများက သူတို့ရဲ့နိစ္စဓူဝဖြတ်သန်းမှုများကို မိဘများနဲ့ တိုင်ပင်ဆွေးနွေးပြောဆိုချင်ကြပေမယ့် မိဘတွေက သူတို့ခေတ်ရဲ့အခြေအနေတွေကို နားမလည်တာကြောင့် ဘယ်လိုအကြံပေးရမယ်မှန်းမသိတာတွေများလာတဲ့အခါ မိဘနဲ့သားသမီးတို့ရဲ့ ရင်းနီးပွင့်လင်းတဲ့ဆက်ဆံရေးကောင်းတွေကို ဖျက်စီးသလိုဖြစ်စေတာမို့ မိဘတွေအနေနဲ့ ခေတ်ကိုမျက်ခြေမပြတ်ဖို့လည်းလိုအပ်ပါတယ်။

- Advertisement -

အပျက်သဘောဆောင်တဲ့ ဆွေးနွေးချက်များ၊ ချဉ်းကပ်မှုများကိုရှောင်ရှားပါ

“ဘာမှမသိဘူး၊ ဘာမှအသုံးမကျဘူး” ဆိုတဲ့အပျက်သဘောဆောင်တဲ့ပြောဆိုချက်များဟာ ကလေးငယ်များကို အကြီးအကျယ်ထိခိုက်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများဟာ အလွယ်တကူပျောက်ကင်းနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကတော့ အလွယ်တကူမပျောက်နိုင်တာကို သတိပြုသင့်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေနဲ့ ဆွေးနွေးမှုများ၊ ပြောဆိုမှုများမှာ အပြုသဘောဆောင်တဲ့ ပုံစံမျိုးရှိသင့်ပါတယ်။ မိဘတွေရဲ့ ပြောဆိုမှုများဟာ ကလေးငယ်တွေအတွက် စိတ်အားတက်စရာတွေဘဲဖြစ်သင့်ပါတယ်။

သားသမီးတွေရှေ့မှာ မကောင်းတဲ့အပြုအမူများကိုတတ်နိုင်သမျှရှောင်ကြဉ်ပေးပါ

ကျနော်တို့ရဲ့ လူနေမှုစရိုက်အရ မိဘတွေဟာ သားသမီးတွေအပေါ်အမှားလုပ်မိတာမျိုးရှိရင် ဝန်မခံတတ်ကြပါဘူး။ ဒါဟာ ဘယ်လိုကြောင့်ပါလဲ။ လူတိုင်းအမှားနဲ့မကင်းကြပါဘူး။ ဒါကိုရိုးသားစွာ လက်ခံပြီး သားသမီးများကို အမှားလုပ်မိကြောင်းဝန်ခံပြောဆိုတာမျိုးက တကယ်ကို ခက်ခဲပါသလားဆိုတာ တွေးကြည့်သင့်တယ်လို့ ထင်ပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေအပေါ်ချစ်စိတ်နဲ့ အမှားပြုလုပ်ခွင့်ရှိကြတယ်ဆိုရင် ပြုလုပ်ခဲ့မိတဲ့အမှားတွေအတွက် တောင်းပန်စကားဆိုသင့်တယ်လို့ထင်ပါတယ်။ အဲဒီလို အမှားကို ဝန်ခံပြီး ပြောဆိုတာမျိုးက ကလေးငယ်တွေအတွက်ကောင်းတဲ့ အတုယူစရာတွေဖြစ်လာစေနိုင်ပါတယ်။ အမှားကို ဝန်ခံပြီး တာဝန်ယူ ပြင်ဆင်တတ်တဲ့ စိတ်နေစိတ်ထားတွေဟာ ကြီးပြင်းအရွယ်ရောက်လာချိန်မျိုးအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေဘဲမို့ မိဘတွေကိုယ်တိုင်က အကောင်းဆုံးဦးဆောင်လမ်းပြသူတွေဖြစ်သင့်ပါတယ်။

အပြစ်ရှာတဲ့ မျက်လုံးတွေနဲ့ အမြဲတမ်းမကြည့်ကြပါနဲ့

ကလေးတွေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကိုဘဲ အမြဲတမ်းကြည့်ရှုပြီး ပြစ်တင်ပြောဆိုနေတာမျိုးက အကူအညီမဖြစ်စေပါဘူး။ မိမိတို့ရဲ့သားသမီးဟာ ကျောင်းပညာရေးမှာညံ့ဖျင်းနေတယ်ဆိုရင်တောင် သူတို့ရဲ့ အားသာချက်က ဘာလဲဆိုတာရှာဖွေပြီး မြှင့်တင်ပေးသင့်ပါတယ်။ လူတွေအားလုံးဟာ နော်မန်ဗက်သွန်းမဖြစ်နိုင်ကြသလို၊ သောမတ်အယ်ဒီစင်လဲ ဖြစ်မလာနိုင်ကြပါဘူး။ လူတိုင်းမှာ မွေးရာပါအရည်အချင်းတွေရှိကြပါတယ်။ သူ့ဘဝနဲ့သူ ရိုးသားပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်တာက စိတ်ထားယုတ်ညံ့ပြီး လောကကိုဖျက်လိုဖျက်စီးလုပ်တတ်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေတာထက် ပိုကောင်းမွန်တာကို သတိပြုစေလိုပါတယ်။ သားသမီးကို ပြည့်ပြည့်ဝဝချစ်ပါ ဒါပေမယ့် မိဘတွေရဲ့ အတ္တကို ရှေ့တန်းမတင်မိဖို့တော့ ဂရုစိုက်စေလိုပါတယ်။

သားသမီးများရဲ့ ပြသနာတွေကို ဂရုတစိုက်နားထောင်ပေးပါ

မိဘတွေဟာ သူတို့ရဲ့ အလုပ်နဲ့ မအားမလပ်ဖြစ်နေကြသလို ဆရာ/မ များကလည်း သူတို့ရဲ့ သင်ရိုးညွှန်းတမ်းတွေပြီးပြတ်ဖို့လောက်ဘဲ အာရုံစိုက်နေရတာမို့ ကလေးတွေရဲ့ ပြသနာတွေကို ဂရုတစိုက်နားထောင်ဖြေရှင်းပေးကြမယ့်သူတွေမရှိတတ်ကြပါဘူး။ ကလေးငယ်တွေဟာ ဘယ်သူ့ကို အားကိုးတိုင်ပင်ရင်ဖွင့်ရမယ်မှန်းမသိကြတာမို့ သူတို့ရဲ့ စိတ်တွေဟာရှုပ်ထွေးနောက်ကျိလာပြီး မိဘတွေကို အပြစ်တင်တတ်တဲ့စိတ်တွေဝင်လာတတ်ကြပါတယ်။ ဒါတွေရဲ့ ရလဒ်အနေနဲ့ ကလေးငယ်တွေဟာ မိဘတွေရဲ့ ဆိုဆုံးမစကားတွေကို မလေးမစားဖြစ်လာပြီး စိတ်ထင်ရာလျောက်လုပ်လာတတ်ကြပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ သားသမီးတွေနဲ့ အနည်းဆုံး ၁၅ မိနစ်လောက် နေ့စဉ်စကားပြောဆိုပြီး သူတို့ရဲ့ ပြသနာတွေကို ဂရုတစိုက်နားထောင်ပေးသင့်ပါတယ်။

ကလေးငယ်တို့ရဲ့ စိတ်ထားတွေဟာ ဖြူစင်ပြီး လောဘ၊ အတ္တနည်းကြပါတယ်။ မိဘတွေရဲ့ သူတို့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်ကြီးကြီးတွေကြောင့် သူတို့ရဲ့ စိတ်တွေအရောင်စွန်းထင်းမသွားစေဖို့ ဂရုစိုက်သင့်ပါတယ်။ ငယ်ရွယ်စဉ်ကာလမှာ ကလေးသဘာဝပျော်ရွှင်စွာနေစေပြီး ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတတ်တဲ့ စိတ်ထားကိုသာ အကျွမ်းတဝင်ဖြစ်စေတာက အကောင်းဆုံးဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို မိဘအလိုကျအတင်းအကြပ်ပုံသွင်းတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို နောက်ဆုံးအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-parents

LEAVE A REPLY

Please enter your comment!
Please enter your name here