ကိုယ်ဝန်ဆောင်ခြင်းက အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေပါတယ်။ စုံတွဲတစ်တွဲအနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားတဲ့အခါ မိခင်လောင်းကို သူတို့စားသုံးတဲ့အရာတွေနဲ့ ပတ်သတ်ပြီး ပိုဂရုစိုက်ပေးရပါတယ်။ မိခင်လောင်းတွေ အာဟာရပြည့်အောင် စားရဲ့လား၊ အိပ်ရဲ့လား?၊ သူတို့ရဲ့ စိတ်၊ ခန္ဓာကိုယ်ကို မြှင့်တင်ဖို့ ပုံမှန်လေ့ကျင်ခန်းလုပ်ရဲ့လားဆိုတာကို ဂရုစိုက်ပေးရပါတယ်။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်တဲ့အခါ သူမအနေနဲ့ အရက်သောက်တာတို့ ၊ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် စားတာတို့ လုပ်လို့မရပါဘူး။ ဖြည့်စွက်ဆေးတွေသောက်တာ၊ ဆရာဝန်ဆီ ပုံမှန်သွားပြတာနှင့် စိတ်ဖိစီးမှုကင်းအောင်နေဖို့ လိုအပ်ပါတယ်။ ဒီအရာအလုံးစုံကို သူမတစ်ယောက်တည်း လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ support လုပ်ပေးမယ့်သူရှိဖို့ လိုအပ်နိုင်ပါတယ်။ မိခင်၊ အစ်မ (သို့) ဆွေမျိုးတစ်ယောက်ရဲ့ အထောက်အပံ့နှင့် လမ်းညွန်မှုတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အတွက် များစွာ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် ခင်ပွန်းဆီကနေ အထောက်အပံ့ရရင်တော့ ဒီထက် ပိုကောင်းပါတယ်။
ကိုယ်ဝန်ဆောင်ရဲ့တာဝန်က အမျိုးသမီးပေါ်မှာသာ ကျရောက်သော်လည်း အဖေတွေအနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ အရာများစွာ ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ခင်ပွန်းသည်တွေအနေနဲ့ ဇနီးကိုယ်ဝန်ဆောင်နေချိန်မှာ အန္တရာယ်ကင်းပြီး ကျန်းမာသော ကိုယ်ဝန်ဖြစ်စေဖို့ ဘယ်လိုကူညီရမယ်ဆိုတာ မျှဝေပေးချင်ပါတယ်။
၁။ ဆရာဝန်နဲ့ပြရမယ့် ရက်ချိန်းကို မှတ်သားပေးထားတာ
အမျိုးသမီးတွေဟာ ကိုယ်ဝန်စရှိပြီဆိုရင် ပျို့အန်တာတို့၊ ညဘက်အိပ်မပျော်တာတို့၊ ဟော်မုန်းအလွန်အကျွံများတာတို့ ကြုံလာနိုင်ပါတယ်။ ခင်ပွန်းသည်တွေ ဝိုင်းကူပေးမယ်ဆိုရင် ဒါက များစွာ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဆရာဝန်ရက်ချိန်းကို မှတ်ထားပေးပြီး ဇနီးသည်နဲ့အတူ ဆေးခန်းလိုက်ပေးတာမျိုးဖြင့် ကူညီနိုင်ပါတယ်။ ပုံမှန်စစ်ဆေးမှု ပြုနေစဉ်မှာ ဇနီးသည်တွေဟာ ခင်ပွန်းတွေကို အနားမှာ ရှိစေလိုကြပါတယ်။ ဒါက ခင်ပွန်းသည်ကို ပိုပြီးပါဝင်မှုရှိတဲ့ မိဘတစ်ယောက် ဖြစ်စေပါတယ်။

၂။ ဇနီးရဲ့ အာဟာရကို မျက်စိဒေါက်ထောက်ကြည့်ပေးတာ
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အချို့သောအစားအစာတွေမြင်ရင် အော်ဂလီဆန်တာမျိုး (သို့) ပစ်ပစ်ခါခါငြင်းတာမျိုး ရှိတတ်ပါတယ်။ တစ်ခါတစ်လေမှာ အချိုတွေ(သို့) အငန်တွေချည်းပဲ စားချင်လာတာမျိုးရှိပါတယ်။ အသီးအရွက်လို အာဟာရရှိတဲ့ အစားအသောက်တစ်ချို့ကို စားဖို့ရှောင်လေ့ ရှိပါတယ်။ ဒါ့ကြောင့် ခင်ပွန်းသည်တွေက ဇနီးသည်ကို ကျန်းမာစွာ စားသုံးဖို့နဲ့ လိုအပ်တဲ့ အာဟာရတွေ ရရှိစေဖို့ ကူညီပေးရပါမယ်။ ခင်ပွန်းက ဇနီးအတွက် ချက်ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

၃။ ကလေးကန်တာကို အတူတူ ရေတွက်တာ
ဗိုက်ထဲကနေ ဘေဘီလေး ကန်စပြုလာတာနဲ့ ကလေးက safe ဖြစ်ရဲ့လား? ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လားဆိုတာ သေချာစေဖို့ သူဘယ်နှချက်ကန်တယ်ဆိုတာမျိုးကို ရေတွက်ရပါလိမ့်မယ်။ ဒါကို ဇနီးနဲ့ ခင်ပွန်းသည် အတူတူလုပ်ဆောင်နိုင်ပါတယ်။ ဒါက သံယောဇဉ်နှောင်ကြိုးကိုဖြစ်ပေါ်စေတဲ့ activity လည်းဖြစ်ပါတယ်။

၄။ ဇနီးရဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးတာ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ခြေကျင်းဝတ် ရောင်ရမ်းတာကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီအချိန်မှာ သက်သာအောင် နှိပ်နယ်ပေးတာမျိုးက သူမလိုအပ်တဲ့ အရာသာဖြစ်ပါတယ်။ ဇနီးဖြစ်သူကို ထိုင်စေပြီး သူမခြေထောက်တွေ၊ ခြေကျင်းဝတ်တွေကို နှိပ်ပေးပါ။ နှိပ်နယ်ပေးမှုကို သူမ တန်ဖိုးထားမှာ ဖြစ်သလို ဂရုစိုက်တတ်တဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်ပါလိမ့်မယ်။ ဇနီးဖြစ်သူဟာ လူသားတစ်ဦးကို လွယ်ထားရတာပါ။ ဒါ့ကြောင့် ဒီနှိပ်နယ်ပေးမှုက သင်လုပ်ပေးနိုင်တဲ့ အသေးအဖွဲလေးသာ ဖြစ်ပါတယ်။

၅။ တတ်နိုင်သလောက် အကူအညီပေးတာ
အိမ်သန့်ရှင်းရေးလုပ်တာ၊ ဟင်းပွဲပြင်ပေးတာ၊ အရသာရှိတဲ့ အစားအသောက်တစ်ချို့ ချက်ပေးတာမျိုးက သင့်ဇနီးကို အများကြီး အထောက်အပံ့ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တစ်ဦးအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အလေးအပင်မတာ၊ အလွန်အကျွံ အားစိုက်တာတွေက မကောင်းပါဘူး။ ခင်ပွန်းသည် တာဝန်ယူနေတာကို တွေ့မြင်ခြင်းက သူမအား ပျော်ရွင်စေပါလိမ့်မယ်။ ဇနီးဖြစ်သူအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ လိုအပ်တဲ့ အနားယူမှုလည်း ရရှိပါလိမ့်မယ်။

၆။ ဗဟုသုတ ရှာဖွေတာ
ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို သိဖို့ဆိုတာ ဇနီးရဲ့တာဝန်တစ်ခုသာ မဟုတ်ပါဘူး။ လရင့်လာတာနှင့်အမျှ ကလေးနဲ့ သင့်ဇနီးရဲ့ ခန္ဓာကိုယ် အတွင်းအပြောင်းအလဲတွေ ဖြစ်လာနိုင်သမျှကို သိထားသင့်ပါတယ်။ ဒါ့ကြောင့် ခင်ပွန်းသည်အနေနဲ့ သိထားသင့်တဲ့ အချက်အလက်တွေကို ဖတ်ရှုထားပါ။

၇။ ကလေးအတွက် တတ်ကြွစွာ ပြင်ဆင်ပေးတာ
မွေးဖွားခါနီးလာတာနဲ့အမျှ အမျိုးသမီးတွေဟာ ကလေးရောက်ရှိလာဖို့အတွက် မိမိကိုယ်ကို ပြင်ဆင်ကြရပါတယ်။ ကလေးပုခက်ထားမယ့် နေရာကအစ ပြင်ဆင်ရခြင်းဟာ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဖေဖြစ်သူအနေနဲ့ ဒီလုပ်ငန်းစဉ်မှာ တတ်ကြွစွာ ပါဝင်နိုင်ပါတယ်။ သင့်ရဲ့ပြောင်းလဲမှုနဲ့ အံဝင်ခွင်ကျဖြစ်ခြင်းကို ကြည့်ခြင်းအားဖြင့် သင့်ဇနီးသည် ပိုပျော်ရွှင်လာပါလိမ့်မယ်။
လူအများစုက ကိုယ်ဝန်ဆောင်နေစဉ် အပြောင်းအလဲတွေက အမျိုးသားတွေနဲ့ သက်ဆိုင်ခြင်းဟု ယုံကြည်ကြပါတယ်။ သို့သော် အဖေတွေမှာလည်း ညီတူမျှတူ ပါဝင်ရမယ့် အခန်းကဏ္ဍတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်လတွေတစ်လျှောက်လုံး ဇနီးကို ပံ့ပိုးပေးခြင်းနဲ့ ကလေးကို ဂရုစိုက်ဖို့ အဆင်သင့်ဖြစ်ခြင်းက ခင်ပွန်းသည်အား ပါဝင်မှုရှိသော မိဘတစ်ဦး၊ ဖခင်ကောင်းတစ်ဦး ဖြစ်လာစေပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction
Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။