ကျောင်းတက်ရမှာကြောက်နေတဲ့ သားသားမီးမီးတို့ကို ဘယ်လိုမျိုးပြုပြင်ပေးရမလဲ?

0
92
- Advertisement -

ကျောင်းဆိုတာနဲ့ ကြောက်သွားတဲ့သားသားးမီးမီးတို့ကို ချစ်မေမေတို့ သေချာပေါက်ပိုင်ဆိုင်ထားကြမှာ သေချာပါတယ်။ ဒါဆိုသူတို့လေးတွေကို ဘယ်လိုကျောင်းပို့မလဲ၊ ခြောက်ပြီးကျောင်းပို့မလား၊ ချော့ပြီးကျောင်းပို့မလား၊ ရိုက်ပြီးကျောင်းပို့မလား ရွေးရမှာပါ။ ဒါပေမယ့် အဲ့ဒီနည်းလမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေရှိနေတာကြောင့် ချစ်မေမေရဲ့ ပရိသတ်တွေဖြစ်တဲ့ ချစ်မေမေတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။


၁။ သားသားမီးမီးတို့အတွက် အချိန်ဇယားလေး သတ်သတ်မှတ်မှတ်ဆွဲပေးပါ။
ငယ်ရွယ်သေးတဲ့ သားသားမီးမီးတို့အတွက် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာကို သူတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်သေးပါဘူး။ အဲ့ဒါကြောင့် ချစ်မေမေတို့က သားသားမီးမီးတို့ ကျောင်းတက်ရမယ့်နေ့ရက်တွေအတွက် အချိန်စာရင်းလေးကို သတ်သတ်မှတ်မှတ်လေးဆွဲထားပြီး သူတို့ကိုပြပေးပါ။ အားလပ်ရက်ရှည်ပိတ်ပြီး ကျောင်းပြန်တက်ရတော့မှာမျိုးပဲဖြစ်ဖြစ်၊ အခုမှကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက်ပဲဖြစ်ဖြစ် ဘယ်အချိန်မှာ အိပ်ရာထမယ်၊ မနက်စာစားမယ်၊ အဝတ်အစားလဲမယ်ဆိုတာတွေကို အချိန်စာရင်းကြိုဆွဲထားပါ။ ပြီးရင် အဲ့ဒီအထဲမှာ ကိုယ်ကသူတို့လေးတွေကို ဘယ်လိုအရာမျိုးအတွက် ကူညီနိုင်မလဲဆိုတာကို စဥ်းစားပါ။ သူတို့ကိုယ်တိုင်ရော ဘာတွေလုပ်နိုင်မလဲ ချင့်ချိန်ကြည့်ပါ။ အဲ့ဒီအချိန်စာရင်းလေးတွေကိုလည်း သူတို့ကိုပြသပြီး ကျောင်းတက်ရတော့မယ်ဆိုတဲ့စိတ်ကို ကြိုတင်ရိုက်သွင်းပေးထားရပါမယ်။ ပြီးရင်တော့ အရေးကြီးဆုံးအချက်အနေနဲ့ ကျောင်းဖွင့်ရက်တွေမှာ သူတို့လေးတွေရဲ့ အိပ်ချိန်ကို ကြိုတင်စီစဥ်ထားသင့်ပါတယ်။ အသက် (၅) နှစ်ကနေ (၁၃) နှစ်အထိ သားသားမီးမီးတို့အတွက် အိပ်ချိန် (၉) နာရီကနေ (၁၁) နာရီအထိ လိုအပ်ပြီး (၁၄) နှစ်ကနေ (၁၇) နှစ်အထိ သားသားမီးမီးတို့အတွက်တော့ (၈) နာရီကနေ (၁၀) နာရီအထိ အိပ်ချိန်လိုအပ်ပါတယ်။ နောက်ပြီး သူတို့လေးတွေအတွက် တစ်ပတ်ကို (၃) ကြိမ်၊ အဲ့ဒီ (၃) ကြိမ်မှာ (၁) နာရီစီ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ဖို့အတွက်လည်း အစီအစဥ်တွေ ကြိုတင်ရေးဆွဲထားသင့်ပါတယ်။ ကျောင်းတွေ ပြန်မဖွင့်ခင် (၂) ပတ်လောက်အလိုတည်းက အဲ့ဒီအချိန်ဇယားတွေထဲကအတိုင်း သားသားမီးမီးတို့ကို ပုံသွင်းလေ့ကျင့်ပေးထားသင့်ပြီး အိပ်ရေးမဝဘူး၊ လိုအပ်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေမရှိဘူးဆိုရင်တော့ သားသားမီးမီးတို့လည်း စိတ်ကြည်လင်နိုင်မှာမဟုတ်ဘဲ ကျောင်းတက်ဖို့ကို ကလန်ကဆန်လုပ်နေပါလိမ့်မယ်။


၂။ ကျောင်းတက်ရတော့မယ့်အကြောင်းကို မကြာခဏပြောဆိုပါ။
သားသားမီးမီးတို့ တော်တော်များများက ကျောင်းတက်ရတာနဲ့ ပတ်သက်တဲ့ဖိအားတွေကို ကိုင်တွယ်နိုင်စွမ်းရှိပေမယ့် ကျောင်းကိစ္စနဲ့ပတ်သက်လို့ သူတို့ဘာတွေခံစားနေရလဲဆိုတာကို သေသေချာချာ မေးကြည့်သင့်ပါတယ်။ အဲ့ဒါမှသူတို့ဘာတွေကို စိုးရိမ်ကြောက်လန့်နေလဲဆိုတာကို သေချာသိရှိနိုင်မှာဖြစ်ပြီး ကိုယ်ကလည်း လိုအပ်တဲ့အကြံဥာဏ်တွေ၊ အားပေးမှုတွေကို ပြုလုပ်နိုင်မှာြဖစ်ပါတယ်။ စိုးရိမ်ကြောက်လန့်ခြင်းနဲ့ခွန်အားတွေက အတူယှဥ်တွဲပြီးရှိနေတယ်ဆိုတာကို မမေ့ပါနဲ့။ ချစ်မေမေတို့ရဲ့ သားသားမီးမီးတွေကိုလည်း အသက်အရွယ်အလိုက် ဘယ်လိုမျိုးအကြောင်းအရာတွေနဲ့ ကူညီနိုင်တဲ့အရာတွေရှိပါတယ်။ သားသားမီးမီးတို့ရဲ့ မူကြိုအရွယ်မှာ မူကြိုကျောင်းရှေ့အထိ အကြိုအပို့လုပ်ပြီး အခြားသော ကလေးငယ်တွေနဲ့တွေ့ဆုံတာမျိုးတွေလည်း လုပ်သင့်ပါတယ်။ အဲ့ဒီအထဲက ကိုယ်နဲ့အိမ်နီးချင်းကလေးငယ်တွေရှိတယ်ဆိုရင်လည်း သူတို့လေးတွေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးကို အတူတကွကျောင်းပို့ ကျောင်းကြိုလုပ်ရင်း သားသားမီးမီးတို့အတွက် သူငယ်ချင်းတွေရှာပေးနိုင်ပါသေးတယ်။

- Advertisement -


၃။ ကျောင်းနဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေကို ပြောပြပေးပါ။
ကျောင်းတက်တာက နောင်တစ်ချိန် သားသားမီးမီးတို့ရဲ့ ဘဝအောင်မြင်မှုနဲ့ ပြည့်ပြည့်စုံစုံနေထိုင်နိုင်ရေးအတွက် အရေးပါတယ်ဆိုတာကို ချစ်မေမေတို့ နားဝင်အောင် ပြောပြသင့်ပါတယ်။ နောက်ပြီးသူတို့ရဲ့ ကျောင်းနေမှုဘဝသာမက ပြင်ပနေထိုင်မှုဘဝကိုပါ ထောက်ပံ့ပေးပါ။ စစ်တမ်းတွေရဲ့ ဖော်ပြချက်အရ သားသားမီးမီးတို့အတွက် ကျောင်းစာတွေ၊ အိမ်စာတွေက စိတ်ဖိစီးမှုအများဆုံးဖြစ်စေနိုင်တဲ့အရာတွေဖြစ်ပေမယ့် ချစ်မေမေတို့က သားသားမီးမီးလေးတို့ရဲ့ အိမ်စာတွေကို အတူတကွလုပ်ပေးတယ်ဆိုရင်တော့ သူတို့အတွက် ပိုပြီး အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။


၄။ သားသားမီးမီးတို့ဆီမှာ စိတ်ဖိစီးမှုတွေရှိမရှိ သုံးသပ်ပါ။
လေ့လာမှုတွေရဲ့ အဆိုအရ သားသားမီးမီးတို့ဆီမှာ စိတ်ဖိစီးမှုတွေရှိနေတယ်ဆိုတာကို ချစ်မေမေတို့က သိနိုင်ဖို့ ခက်ခဲပါတယ်တဲ့။ အဲ့ဒါကြောင့် ချစ်မေမေတို့က သားသားမီးမီးတို့ရဲ့ ပုံစံကိုကြည့်ပြီး သူတို့ဆီမှာ ကျောင်းနဲ့မပတ်သက်တဲ့၊ ကျောင်းစာနဲ့မသက်ဆိုင်တဲ့ အခြားသော စိတ်ဖိစီးမှုတွေရှိ၊ မရှိကို လေ့လာသုံးသပ်နိုင်ပါတယ်။ ဥပမာ သားသားမီးမီးတို့က ကျောင်းမသွားရဖို့အတွက် အရမ်းကိုချွဲပြနေရင်၊ မရပ်မနားအော်ငိုနေရင်၊ ချစ်မေမေတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ငြင်းဆန်နေရင်၊ ကျောင်းထဲရောက်ပြီးတာတောင် ပြန်ထွက်ပြေးဖို့ ကြိုးစားနေတယ်ဆိုရင်တော့ သူတို့လေးတွေရဲ့ အတန်းပိုင်ဆရာမ ဒါမှမဟုတ် တာဝန်ခံဆရာမတစ်ယောက်ယောက်နဲ့ တွေ့ဆုံပြီး စာသင်ခန်းထဲမှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေလုပ်နေလဲဆိုတာကို တိုင်ပင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေမှာ သားသားမီးမီးတို့ကို အတန်းဖော်သူငယ်ချင်းတွေကို ဝိုင်းဝန်းအနိုင်ကျင့်တာမျိုးတွေရှိနိုင်လို့ပါပဲ။


၅။ မေးခွန်းတွေပြန်မေးဖို့ အားပေးပါ။
သားသားမီးမီးတို့ကို ကျောင်းနဲ့ပတ်သက်တဲ့ ဒါမှမဟုတ် သူတို့အရွယ်ရောက်လာတဲ့အချိန်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းနိုင်အောင် လမ်းကြောင်းပေးပြီး ဘာတွေတူလဲ၊ ဘာတွေကွဲပြားလဲဆိုတာကို မေးမြန်းနိုင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သားသားမီးမီးတို့ကို ဘာအကြောင်းမပြောရဘူး၊ ဘာပဲပြောရမယ်ဆိုတာမျိုး မကန့်သတ်ထားဘဲ သူတို့လေးတွေ သိချင်တဲ့အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်အောင် ထိန်းကျောင်းပေးသင့်ပါတယ်လို့ ချစ်မေမေတို့ကို အကြံပေးလိုက်ရပါတယ်။

#HM

#ChitMayMay

Source: theconversation

LEAVE A REPLY

Please enter your comment!
Please enter your name here