သားတွေသမီးတွေ အရွယ်တဖြည်းဖြည်းရောက်လာချိန်မှာ ကြားရတဲ့ အပြစ်တင်စကားသံတွေထဲမှာ ကျောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်း အမြဲပါလာတတ်ပါတယ်။ တစ်ခါတစ်လေကျရင် သူငယ်ချင်းရဲ့ ညည်းတွားသံကို ပြန်လည်ပြောဆိုတတ်ပြီး တစ်ခါတစ်လေကျတော့လည်း ကျောင်းမှာကြုံတွေ့လာရတဲ့ ခဏတာစိတ်ရှုပ်မှုကို ပုံကြီးချဲ့ပြီး ပြောတတ်ကြပါတယ်။
အခုပြောပြပေးချင်တာကတော့ ကျောင်းနဲ့ပတ်သက်ပြီး ကလေးတွေပြောလေ့ရှိတဲ့ ညည်းညူမကျေနပ်စကားတွေဖြစ်ပြီး ဒါတွေဟာ စိတ်တို၊ စိတ်ရှုပ်ခြင်းအသေးစားရဲ့ လက္ခဏာဖြစ်နိုင်သလို ပြဿနာလက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေဒီလိုစကားတွေပြောလာပြီဆို ကိုယ်လိုရာကိုချက်ချင်းဆွဲမတွေးလိုက်သေးဘဲနဲ့ ဘာလို့ဒီလိုဖြစ်တာလဲ၊ ပြောတာလဲဆိုပြီးတော့ အကြောင်းအရင်းကို မေးမြန်းပါ။
၁။ ကျောင်းကိုဘာကြောင့်သွားရမှာလဲ

ဒီလိုမေးခွန်းမျိုးဟာ မသေချာမရေရာတဲ့မေးခွန်းဖြစ်ပြီးတော့ ကျောင်းကကိစ္စတစ်ခုခုကြောင့် စိတ်ညစ်၊ စိတ်ရှုပ်သလို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ကလေးတွေဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ သူတို့တွေ့သမျှ ကြုံသမျှ အရာရာနဲ့ပတ်သက်ပြီး မေးခွန်းတွေမေးလေ့ရှိချိန်မှာလည်း ဒီလိုမျိုးအမေးခံရတတ်ပါတယ်။ ဒါကြောင့် အကယ်လို့ကိုယ်က ဒီမေးခွန်းအမေးခံလာရပြီဆိုရင် ကျောင်းမှာဘာပြဿနာရှိလို့လဲဆိုပြီးမေးပါ။ အခက်အခဲရှိနေတယ်ဆိုရင် ကူညီပေးဖို့ နည်းလမ်းရှာပါ။
၂။ ကျောင်းစာတွေကခက်တယ်၊ စာမလုပ်ချင်ဘူး

သူတို့ရဲ့အလုပ်တွေကိုလုပ်ဖို့အတွက် တစ်ချို့သောအရည်အချင်းတွေ လိုအပ်နေတဲ့ ကလေးတွေအများစုပြောလေ့ရှိတဲ့ စကားပါ။ စာသင်ရခက်ခဲတဲ့ အစောပိုင်းလက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာဘာတွေခက်ခဲလဲဆိုတာ မေးကြည့်ပြီးတော့ ဘာသာရပ်တစ်ခုခုမှာ အခက်အခဲရှိတယ်ဆိုရင် ကူညီနိုင်ရင်ကူညီပြီး နောက်တစ်နည်းအနေနဲ့ကတော့ အတန်းပိုင်နဲ့သွားရောက်ဆွေးနွေးခြင်းပါပဲ။
၃။ အိမ်စာတွေမလုပ်ချင်ဘူး

အိမ်စာတွေလုပ်ရတာက ဘယ်တုန်းကမှ ပျော်စရာမကောင်းဘူးဆိုပေမယ့်လည်း ဒီလိုပြောစကားအနောက်မှာ အကြောင်းအရင်းအမျိုးမျိုး ရှိနေနိုင်ပါတယ်။ ကိုယ့်ကလေးက ဒီလိုစကား ပြောတာများလာလေ မိဘအနေနဲ့ပိုပြီး အာရုံစိုက်ဖို့လိုလာလေပါပဲ။ ကိုယ့်ကလေးအိမ်စာတွေလုပ်နေချိန်မှာ အနားမှာသွားထိုင်ကြည့်ပြီးတော့ အခက်အခဲရှိနေတာတွေ့ရင် သေချာရှင်းပြခြင်းဖြင့် ကူညီဖြေရှင်းပေးလိုက်ပါ။
၄။ ကျောင်းကပျင်းစရာကောင်းတယ်

ကလေးက အိမ်ပြန်လာလို့ ဒီလိုစကားပြောချိန်မှာ တစ်ချို့မိဘတွေအနေနဲ့ သူတို့သိပြီးသားတွေပဲ သင်နေတာနေလိမ့်မယ်ဆိုပြီး ယုံကြည်တတ်ကြပါတယ်။ သို့သော်လည်း ဒီလိုစကားမျိုးကို ထပ်ခါထပ်ခါပြောမယ်ဆိုရင် သေချာအဖြေရှာကြည့်သင့်နေပါပြီ။ အကယ်လို့ သင့်ကလေးက ကျောင်းသွားဖို့ကို ပျင်းရုံသာမက ကျောင်းစာတွေကိုပါ နားလည်နိုင်ဖို့ အခက်အခဲရှိနေတယ်ဆိုရင် အတန်းပိုင်ကို သွားရောက်ပြောကြားဖို့ အချိန်ဖြစ်ပါတယ်။
၅။ အစောကြီးမထချင်ဘူး

သင့်ရဲ့ကလေးငယ် သို့မဟုတ် ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူတွေဟာ ပင်ပန်းသလိုခံစားရကောင်း ခံစားနေရနိုင်ပါတယ်။ အထူးသဖြင့် မနက်ခင်းတွေမှာပေါ့။ ဆယ်ကျော်သက်အများစုဟာ အိပ်ရေးဝဝအိပ်ချင်ကြသူတွေဖြစ်ကြတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းကျောင်းချိန်တွေက ပိုအဆင်ပြေပါတယ်။ ဒါပေမယ့်လည်း ကိုယ်တက်ရမယ့်ကျောင်းက မနက်ချိန်ဆိုရင်တော့ ညဖက်တွေမှာ အိပ်ချိန်မှန်အောင် အကျင့်လုပ်ပေးရမှာဖြစ်ပြီး မအိပ်ခင်မှာ လျှပ်စစ်ပစ္စည်းတွေအသုံးပြုခြင်းကို ရှောင်ကြဥ်ခိုင်းပါ။
#Chit_May_May
#Thinzar
Ref- verywellfamily