ကျောင်းမကြာခဏပြောင်းခြင်းဟာ ကိစ္စတော်တော်များများမှာ ကလေးငယ်တွေကို ရှုပ်ထွေးမှုတွေရှိလာနိုင်ပါတယ်။ သူငယ်ချင်းတွေကို စွန့်ခွာရတာဟာ သူတို့တွေကို စိတ်ထိခိုက်မှုတွေခံစားရစေပါတယ်။ သူတို့ရဲ့ စိတ်အခြေခံကို မူတည်ပြီး နေရာအသစ်မှာ လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူကြရလေ့ရှိပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ တည်ငြိမ်နေတဲ့အလေ့အထနဲ့ လုပ်ရိုးလုပ်စဉ်တွေကို ပြောင်းလဲမှုတွေရှိလာတာကြောင့်မို့ အကြီးအကျယ်စိတ်ပင်ပန်းမှုတွေကို တွေ့ကြုံလာရနိုင်ပါတယ်။ ကလေးငယ်တွေဟာ သူတို့အကျွမ်းတဝင်မရှိတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့လာရမှာမို့ စိုးရိမ်ကြောက်လန့်မှုတွေရှိတတ်ကြပါတယ်။ ဒါကြောင့်မို့ မိဘတွေဟာ မိမိတို့ကလေးငယ်တွေကို နေရာသစ်မှာ အဆင်ပြေပြေဖြစ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ထောက်ပံ့မှုတွေ ပေးဖို့လိုအပ်ပါတယ်။
ရိုးသားပါ

ကလေးငယ်တွေဟာ မိဘတွေထင်တာထက်ပိုပြီး နားလည်တတ်ကြပါတယ်။ သူတို့ကို လိမ်လည်ပြောဆိုတာမျိုးက အကာအကွယ်မဖြစ်စေပါဘူး။ ဒါကြောင့်မို့ သူတို့ကြုံတွေ့လာနိုင်တဲ့ နေရာဒေသအသစ်က အကြောင်းအရာတွေ၊ အခက်အခဲတွေကို အမှန်အတိုင်းဖွင့်ဟပြောဆိုတာက သူတို့အတွက် ပိုပြီး အကျိုးဖြစ်စေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အနှေးနဲ့ အမြန် အမှန်တရားကို သူတို့ကြုံတွေ့လာရမှာမို့ဘဲဖြစ်ပါတယ်။ မိဘတွေတောင် သေသေချာချာမသိတဲ့ အကြောင်းတွေနဲ့ပတ်သတ်လို့လည်း ကတိပေးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
တည်ငြိမ်မှု

မိဘတွေဟာ ကလေးတွေရဲ့ စံနမူနာကောင်းတွေဖြစ်တာကြောင့် မိဘတွေကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားမှုတွေကို အလွန်အကျွံမဖော်ပြဖို့အရေးကြီးပါတယ်။ ရောက်ရှိရမယ့် နေရာဒေသအသစ်မှာ လုံခြုံမှုရှိ၊ မရှိဆိုတာကိုလည်း ဂရုပြုဖို့လိုအပ်ပါတယ်။ တည်ငြိမ်လုံခြုံတဲ့ နေရာဒေသမှာသာ ကောင်းမွန်တဲ့ ပညာရေးအနေအထားကို ရရှိနိုင်တာမို့ ပြောင်းရွေ့ရမယ့် နေရာဒေသဟာ တည်ငြိမ်လုံခြုံမှုရှိ၊ မရှိဆိုတာကို မဖြစ်မနေထည့်သွင်းစဉ်းစားရမှာဘဲဖြစ်ပါတယ်။
ပေါင်းစည်းမှု

မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပညာရေးကို ပူးပေါင်းဆောင်ရွက်တာက ပိုပြီးကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ဖို့ ရာခိုင်နှုန်းများပြားပါတယ်။ သူတို့ရဲ့ ဆရာတွေနဲ့ ရင်းနီးကျွမ်းဝင်နေဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကျောင်းရဲ့ ပြင်ပလုပ်ဆောင်မှုတွေမှာလည်း အားတက်သရော ဝိုင်းဝန်းကူညီပေးတာက မိမိတို့ရဲ့ ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့ အကျိုးဖြစ်ထွန်းမှုတွေရရှိလာနိုင်ပါတယ်။
ကျောင်းအသစ်ကို သွားရောက်လေ့လာခြင်း

ကလေးငယ်တွေကို ကျောင်းအသစ်မှာ မတက်ရောက်မှီ ကျောင်းရှိရာသို့ ခေါ်ဆောင်သွားပြီး ပတ်ဝန်းကျင်အသစ်၊ နေရာဒေသအသစ်နဲ့ ရင်းနီးကျွမ်းဝင်မှုရှိအောင်ပြုလုပ်ထားပေးသင့်ပါတယ်။ သူတို့ရဲ့ ဘာသာရပ်ဆိုင်ရာတွေကို လေ့လာခြင်း၊ သူတို့ရဲ့ ဝါသနာကို မြှင့်တင်ပေးနိုင်ဖို့အတွက် တက်ရောက်ရမည့်ကျောင်းအသစ်မှာ ဘယ်လိုထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနိုင်မလဲဆိုတာကို သိစေခြင်း၊ သူတို့ကို သူငယ်ချင်းအသစ်တွေ မြန်မြန်ဆန်ဆန်ရရှိအောင်ကူညီပေးခြင်း စတာတွေဟာ မိမိတို့ကလေးငယ်တွေရဲ့ စိုးရိမ်ကြောက်လန့်မှုတွေကို ဖြေဖျောက်ပေးစွမ်းနိုင်ပါလိမ့်မယ်။
ကျောင်းပြောင်းလဲခြင်းဟာ ကလေးငယ်တဦးချင်းစီအပေါ်မူတည်ပြီး သက်ရောက်မှုအနည်းနဲ့အများကြုံတွေ့လာရနိုင်ပါတယ်။ အရေးအကြီးဆုံးက သူတို့ကို နားလည်မှုပေးဖို့၊ ရိုးသားဖို့နဲ့ တည်ငြိမ်တဲ့အနေအထားကို ဖော်ဆောင်ပေးနိုင်ဖို့ဘဲဖြစ်ပါတယ်။ မိဘတွေကိုယ်၌ကလည်း ကလေးငယ်တွေကို စိတ်ရှည်ရှည်ထားပြီး သူတို့ရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးခြင်း၊ နေရာဒေသအသစ်မှာ လိုက်လျောညီထွေမှုရှိအောင်၊ သူငယ်ချင်းအသစ်တွေနဲ့ မြန်မြန်ဆန်ဆန်အဆင်ပြေမှုရှိအောင် ကူညီလုပ်ဆောင်ပေးတာက မိမိတို့ ကလေးငယ်တွေရဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေကို လျော့ကျစေပြီး ကျောင်းပညာရေးမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေရရှိလာနိုင်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremom