
ကျွန်မမှာ ငယ်ငယ်တုန်းက ချစ်စရာကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သူက ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ မပြောပြတတ်တဲ့၊ ဆုံးဖြတ်ချက် မချတတ်တဲ့သူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ “ငါတို့ စားသောက်ဆိုင်မှာ သွားစားကြမလား” လို့မေးတဲ့အခါ သူက “အင်း”လို့ ပြန်ဖြေပါတယ်။ “.နင် စားသောက်ဆိုင်မှာ စားချင်တာလား ဒါမှမဟုတ် လမ်းဘေးဆိုင်မှာ စားချင်တာလား” လို့ထပ်မေးတဲ့အခါ ” ငါအဆင်ပြေတယ်” လို့ တုံ့ပြန်လာပါတယ်။ ” နင်ဘာဖြစ်ချင်တာလဲ?…သူကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်တာကြောင့် ကျွန်မစိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ သူ့ကို ထင်မြင်ချက်တစ်ခုရလောက်အောင် ယုံကြည်မှုရှိစေချင်ခဲ့ပါတယ်။ သမီးလေးတစ်ယောက်ရှိလာတော့ ဆုံးဖြတ်ချက်တွေချဖို့ မခက်ခဲတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် အစွမ်းကုန် ပျိုးထောင်ပေးချင်ပါတယ်။ သမီးကို အခိုင်အမာပြောတတ်သူဖြစ်အောင် တွန်းအားပေးရန် ကြိုးစားနေပါတယ်။ အိမ်မှာ (သို့) ကျောင်းမှာ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိပြီး အဲ့ဒါကို လိုက်နာစေချင်ပါတယ်။ ခိုင်မာပြတ်သားသူဖြစ်ခြင်းက ဘဝအတတ်ပညာတစ်ခုဖြစ်ပြီး ကျွန်မတို့ဟာ ဒါကို ငယ်စဉ်ကတည်းက စတင်သင်ကြားပေးနိုင်ပါတယ်။ ခိုင်မာပြတ်သားတဲ့ မိန်းကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာ ကူညီပေးနို်ငမယ့် နည်းလမ်း (၅)ခုရှိပါတယ်။
၁။ သူ့ရဲ့ ထင်မြင်ချက်ကို မေးပါ
ကိုယ်က သဘောမတူဘူးဆိုရင်တောင် သူ့ကို မေးခွန်းတွေ မေးပြီး သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို အသိအမှတ်ပြုပါ။ သူ့ထင်မြင်ယူဆချက်က majority မဟုတ်မှန်း သူသိနေရင်တောင် ပြောဖို့ ယုံကြည်မှု ရှိစေပါလိမ့်မယ်။ ဥပမာ- ဟယ်ရီပေါ်တာဇာတ်လမ်းတွဲကို ဘာကြောင့်ကြိုက်တာလဲ? ကျောင်းရန်ပုံငွေပွဲမှာ ပါဝင်ချင်သလား? ဒီနေ့ကျောင်းကို စက်ဘီးနဲ့သွားချင်သလား၊ လမ်းလျှောက်ချင်သလား? သူ့ထင်မြင်ချက်ကို ထုတ်ပြောဖို့ အခွင့်အရေးရအောင် မေးလို့ရတဲ့ အဆုံးမဲ့မေးခွန်းတွေ ရှိပါတယ်။

၂။ ရွေးချယ်မှုတွေပေးပါ
သူ့ကို ရွေးချယ်မှုတွေပေးပါ။ ဥပမာ- ဂျာကင်အပြာရောင် ဝတ်မှာလား ဒါမှမဟုတ် သိုးမွှေးအင်္ကျီပန်းရောင် ဝတ်မှာလား? ပုံပြင်နားမထောင်ခင် သွားတိုက်မှာလား ဒါမှမဟုတ် နားထောင်ပြီးမှ သွားတိုက်မှာလား? ငယ်ငယ်ရွယ်ရွယ်နဲ့ ဒါကို စလုပ်ပေးမယ်ဆိုရင် ဆုံးဖြတ်ချက်တွေချရာမှာ အလေ့အကျင့်ရှိလာပြီး သူ့ရွေးချယ်မှုတွေအပေါ် ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။
၃။ စံနမူနာ ဆုံးဖြတ်ချက် ချခြင်း
ကလေးတွေဟာ ကျွန်မတို့ကို ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာ စံနမူအနေဖြင့် ရှုမြင်တဲ့အတွက် မေမေတို့လည်း ဆုံးဖြတ်ချက်ချရာမှာ ခိုင်မာသေချာပါစေ၊ ခင်ပွန်းက ” မင်းဘယ်မှာ ညစာသွားစားချင်လဲ”လို့မေးရင် ” အကင်ဆိုင်သွားရအောင်” စသဖြင့် စိတ်ချလက်ချနဲ့ တစ်ခုခုကို ရွေးချယ်ပါ။ အဖွားက အားလပ်ရက်ကို သူ့အိမ်မှာ ကုန်ဆုံးချင်သလားလို့ မေးရင် ” ခရစ္စမတ်နေ့မှာ ကျွန်မမိသားစုနဲ့ အိမ်မှာပဲနေချင်တယ်၊ ဒါပေမယ့် နောက်နေ့အလည်လာမယ်” ဆိုတာမျိုး opinion တစ်ခုနဲ့ တုံ့ပြန်ပါ။ ကလေးအား ခိုင်လုံတဲ့ ပုံစံပြခြင်းဖြင့် ကြံ့ခိုင်တဲ့ အမျိုးသမီးတွေ လုပ်နိုင်တယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်။

၄။ Would you rather ဆိုတဲ့ မေးခွန်းဂိမ်းကစားပါ
လမ်းလျှောက်ထွက်ရင်း၊ အိမ်မှုကိစ္စလုပ်ရင်း ဒီအမေး- အဖြေဂိမ်းကို ဆော့လို့ရပါတယ်။ ဥပမာ- သမီးရဲ့အပြင်သွားတဲ့ အဝတ်အစားတွေကို တစ်ရက်လုံးဝတ်ရတာ ကြိုက်လား ဒါမှမဟုတ် နောက်ပြန်ဝတ်ချင်သလား? တစ်ပတ်လုံး ခေါက်ဆွဲစားချင်လား ဒါမှမဟုတ် ထမင်းစားချင်လား? မေမေတို့ကလေးက ထပ်မေးပါဦးလို့တောင် ပြောလာနိုင်ပါတယ်။
၅။ တာဝန်တွေ ပေးပါ
ဥပမာ- သူ့ပစ္စည်းတွေ ဘယ်နားထားမလဲဆိုတာ ဆုံးဖြတ်ခိုင်းပြီး သူ့အခန်းကို စနစ်တကျဖြစ်အောင်လုပ်ဖို့ တာဝန်တွေ ပေးထားပါ။
Chit_MayMay
Nandar
Ref-imom