ချစ်မေမေကောင်းတစ်ယောက်ဖြစ်ဖို့ မဖြစ်မနေသိထားသင့်တဲ့အချက်များ။

0
64
- Advertisement -

ချစ်မေမေတို့ရေ….။ သားသားမီးမီးလေးတို့နဲ့ပတ်သက်လာရင် ဘယ်သူမဆို မိခင်ကောင်းတစ်ယောက်ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ခါတလေမှာလည်း ချစ်မေမေတို့က ချစ်တဲ့ဇောနဲ့…

ချစ်မေမေတို့ရေ….။ မွေးရဖွားရတာထက် ပိုခက်တဲ့အရာက သားသားမီးမီးတို့အတွက် မိခင်ကောင်းတစ်ယောက်၊ သူတို့လေးတွေ သိပ်ချစ်ရတဲ့ ချစ်မေမေတစ်ယောက်ဖြစ်ဖို့ပါပဲနော်။ ချစ်မေမေတို့ကရော သားသားမီးမီးတို့က ချစ်မေမေမှ ချစ်မေမေဖြစ်နေတယ်ဆိုတာမျိုး မလိုချင်ဘူးလား?? ဒါဆိုရင် ချစ်မေမေကောင်းတစ်ယောက်ဖြစ်ဖို့အတွက် မဖြစ်မနေ သိထားသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ ကိုယ့်ကိုယ်ကိုယ် တခြားမိဘတွေနဲ့မနှိုင်းယှဥ်ပါနဲ့။

- Advertisement -

ချစ်မေမေတို့ရဲ့ ရင်သွေးလေးတွေအတွက် လိုလေသေးမရှိ အစစအရာရာဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။ ဒါပေမယ့် ချစ်မေမေတို့ဘက်က လိုအပ်ချက်ရှိလို့၊ တခြားမိဘတွေလောက် မဖြည့်ဆည်းပေးနိုင်ဘူးလို့ မတွေးပါနဲ့နော်။ ဒါက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးနှိမ့်ချတာပါ။ အရေးကြီးဆုံးက သားသားမီးမီးတို့အတွက် လိုအပ်သမျှကို ပေးဆပ်ပြီး နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေကို ပေးစွမ်းနိုင်ဖို့ပဲ မဟုတ်ပါလား။

၂။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။

သားသားမီးမီးတို့ကို တုနှိုင်းမမှီတဲ့ချစ်ခြင်းတရားနဲ့ ချစ်တဲ့ ချစ်မေမေတို့ရဲ့ အချစ်တွေကို စကားလုံးတွေနဲ့ ဖော်ပြလို့တောင်မရပါဘူးနော်။ ဒါပေမယ့် တစ်ဖက်မှာလည်း ချစ်မေမေတို့က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းကျန်းမာနေအောင် ဂရုစိုက်ဖို့လိုအပ်တာပေါ့။ ဘာလို့လဲဆိုတော့ ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ကောင်းမွန်စွာအရွယ်ရောက်လာအောင် သေချာပြုစုပျိုးထောင်ရမှာက ချစ်မေမေတို့ရဲ့ တာဝန်မို့လို့ပဲလေ။

၃။ သားသားမီးမီးတို့ရဲ့ ပြောစကားများကို နားထောင်ပေးပါ။

ချစ်မေမေတို့က “ငါက မိဘပဲ၊ ငါပြောတာကိုပဲ သူတို့နားထောင်ရမယ်” ဆိုတဲ့ ငါစွဲအတ္တဆိုးကြီးမထားဖို့ လိုတယ်နော်။ ချစ်မေမေတို့က ဆုံးမစရာရှိတာလည်း ဆုံးမ၊ သားသားမီးမီးတို့ရဲ့ ပြောစကားတွေကိုလည်း ပြန်နားထောင်ပေးရင်းနဲ့ သားအမိတွေအကြား အပေးအယူမျှတနေဖို့ လိုအပ်ပါတယ်နော်။

၄။ အကျိုးကြောင်းသင့်တဲ့မျှော်လင့်ချက်တွေပဲထားပါ။

သားသားမီးမီးတို့ကို အကောင်းတကာ့ အကောင်းဆုံးပဲဖြစ်စေချင်တဲ့ ချစ်မေမေတို့ရဲ့ ဆန္ဒကို နားလည်ပါတယ်။ ဒါပေမယ့် သားသားမီးမီးတို့အတွက် အဆင်ပြေမယ့် ကိုယ်ပိုင်ဘဝလေးတွေကိုလည်း ဖန်တီးပေးသင့်တာပေါ့။ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ဂိုက်ဆိုတဲ့ ဘဝတည်းမှာပဲ မနစ်မျောစေဘဲ ကစားချိန်ကစား၊ စားချိန်စားဆိုပြီး အချိန်တွေ သတ်သတ်မှတ်မှတ်ထားပေးသင့်ပါတယ်။ နောက်ပြီး ချစ်မေမေတို့ ဖြစ်ချင်တာ တစ်ခုတည်းကို မတွေးဘဲ သားသားမီးမီးတို့ ဘာဝါသနာပါလဲဆိုတာကို မေးမြန်းရင်း သူတို့လေးတွေနဲ့ ပတ်သက်လာရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ မျှော်လင့်ချက်တွေကိုပဲ ထားပေးကြပါနော်။

၅။ လိုက်လျောညီထွေရှိတဲ့စည်းကမ်းများ သတ်မှတ်ပေးပါ။

သားသားမီးမီးတို့ကို အဆင်ပြေပြေထိန်းသိမ်းနိုင်ဖို့အတွက်ဆို သင့်လျော်တဲ့စည်းမျဥ်းစည်းကမ်းတွေကို သူတို့နားလည်အောင် ချမှတ်ပေးထားသင့်ပါတယ်။ သူတို့လေးတွေကို အရမ်းကြီးမချုပ်ချယ်သင့်ဘူးဆိုပေမယ့် အရမ်းကြီးလွှတ်ပေးထားရင်လည်း ပျက်စီးသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် စည်းကမ်းတွေကို သတ်မှတ်ပေးထားပြီး သားသားမီးမီးလေးတို့ နားလည်နိုင်အောင် ရှင်းပြပေးထားပါ။

၆။ ရှုံးနိမ့်ခွင့်ပေးပါ။

အရာရာတိုင်းကို အမြဲတမ်းအောင်နိုင်ရမယ်၊ အတန်းထဲမှာလည်း အဆင့် (၁) ကနေ မဆင်းဘူး၊ သူများနောက်ဘယ်တော့မှမရောက်ရဘူးအစရှိသဖြင့် အမြဲတမ်းလိုလို အောင်မြင်သူဖြစ်စေချင်တာက သားသားမီးမီးတို့ကို မမြင်နိုင်တဲ့ဖိအားတွေ၊ စိတ်ဒဏ်ရာတွေကို ရရှိစေမှာပါ။ ဘဝဆိုတာကလည်း လဲကျဖူးမှ၊ ကျရှုံးဖူးမှပဲ သင်ခန်းစာတွေယူရင်း ပိုမိုသန်မာလာမှာပါ။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို တစ်ခါတလေမှာတော့ လဲကျခွင့်၊ ချော်လဲခွင့်ပေးသင့်ပါတယ်။ ဒါမှလည်း သူတို့လေးတွေ ပိုမိုသန်မာလာမှာပါနော်။

ချစ်မေမေတို့ရေ….။ သားသားမီးမီးလေးတို့နဲ့ပတ်သက်လာရင် ဘယ်သူမဆို မိခင်ကောင်းတစ်ယောက်ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ခါတလေမှာလည်း ချစ်မေမေတို့က ချစ်တဲ့ဇောနဲ့ အမှားအယွင်းတွေ ကျူးလွန်မိတတ်ကြပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေကောင်းတစ်ယောက်ဖြစ်ဖို့ ဒီလိုတွေမမှားယွင်းရအောင်၊ လုပ်ပေးသင့်တဲ့အရာတွေ လုပ်ပေးနိုင်အောင် အခုလိုပဲ မျှဝေပေးလိုက်တာဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: mom365, everythingmom

LEAVE A REPLY

Please enter your comment!
Please enter your name here