ချစ်မေမေတို့ရဲ့ ပူတူတူးလေးတွေ လူလည်ခေါင်မှာ အော်ငိုပြီဆိုရင် ဘယ်လိုမျိုးထိန်းသိမ်းကြမလဲ။

0
210
- Advertisement -

(၁) နှစ် (၂) နှစ်အရွယ် သားသားမီးမီးတို့ဆိုတာကတော့ ငယ်တုန်းရွယ်တုန်းမှာ မသိဘူး၊ ငိုမယ်ဆိုတာတွေချည်းပါပဲ။ တစ်အိမ်လုံးအိပ်ပြီ၊ ငိုရတော့မယ်ဆိုတာမျိုးက သူတို့အတွက် တာဝန်တစ်ခုဖြစ်နေသလို လူလည်ခေါင်ရောက်ပြီ၊ ဖေဖေမေမေတို့နဲ့ ဈေးဝယ်ထွက်ပြီ၊ စားသောက်ဆိုင်မှာ မိသားစုတွေ ညစာအတူတူထွက်စားပြီဆိုရင်လည်း အသံပြဲကြီးနဲ့ အော်ငိုတတ်ကြသူတွေပါ။ ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းလေးတွေရှိပါတယ်။


မသိစိတ်ထဲမှာ သူတို့က စကြာဝဠာကြီးရဲ့ အလယ်တည့်တည့်ကို ရောက်သွားသလိုဖြစ်နေပြီး မြင်မြင်သမျှ ပစ္စည်းတိုင်းကို လိုချင်လို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဖေဖေမေမေတို့ ဈေးဝယ်နေတာကို မစောင့်နိုင်တာမျိုးဖြစ်လာပြီး အလွယ်တကူနဲ့ စိတ်ဆိုးဒေါသထွက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်သေးလွန်းတဲ့အရွယ်ကြောင့်လည်း ဒေါသထွက်လာတာမျိုးကို မထိန်းချုပ်နိုင်တာကြောင့် သူတို့အတွက် ငိုရုံပဲရှိပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။


ဒါဆိုရင် ဒီလိုအခြေအနေမျိုးတွေကို ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းကြမလဲ။
ဖေဖေမေမေတို့ အထူးသဖြင့် ချစ်မေမေတို့က စိတ်အေးအေးထားပြီးတော့ ဒီအရွယ်မှာ ဒီလိုဖြစ်တတ်တာက သဘာဝဆိုတာကို စိတ်ထဲမှတ်ထားပါ။ နောက်ပြီး ပူတူတူးလေးတို့ စိတ်အေးသွားအောင်၊ ငိုတာလျော့သွားအောင် ဖိဆူနေတာမျိုးမဟုတ်ဘဲ ချော့မြူတဲ့စကားလုံးလေးတွေပြောဆိုရင်း ညင်ညင်သာသာ ပွတ်သပ်ပေးရပါမယ်။ ရိုက်တာမျိုးတွေတော့ လုံးဝမလုပ်ပါနဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူတို့လေးတွေ အရွယ်ရောက်လာရင် အကြမ်းဖက်ဖို့အတွက် အားပေးတာမျိုးဖြစ်သွားပါလိမ့်မယ်။


နောက်ထပ်နည်းလမ်းအနေနဲ့ အော်ကြီးဟစ်ကျယ်ငိုယိုနေတာကို လျစ်လျူရှုထားပြီး အေးဆေးဖြစ်သွားတာကို စောင့်ဆိုင်းပြီး ချော့လိုက်ပါ။ ကစားစရာ တစ်ခုခု ဒါမှမဟုတ် ကာလာစုံ ကာတွန်းစာအုပ်ထဲက ရုပ်ပုံလေးတွေကို ပြပြီး သူတို့လေးတွေကို အာရုံလွှဲနိုင်ပါသေးတယ်။ အဲ့ဒီလောက်အထိ နည်းလမ်းအကုန်သုံးပြီးလို့မှ အဆင်မပြေဘူးဆိုရင်တော့ သူတို့လေးတွေကို တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသာ ခေါ်သွားပြီး အငိုတိတ်အောင် ချော့မြူပေးလိုက်ပါနော်။


ဒါမျိုးက တစ်ကြိမ်တည်း ကြုံတွေ့ရမယ့် ပြဿနာမဟုတ်ပါဘူး။ ဒီတော့ နောက်အခေါက်တွေမှာလည်း ဒီလိုမဖြစ်အောင် ဘယ်လိုမျိုးဆောင်ရွက်ရမလဲဆိုတာကို သိထားဖို့ လိုပါသေးတယ်။

အရင်ဆုံးလိုအပ်တာကတော့ စိတ်ရှည်ပါ။ ပူတူတူးလေးတွေဟာ သူတို့အပေါ် စူစူအောင့်အောင့်လုပ်နေတဲ့ ဘယ်သူ့ကိုမှ စိတ်ရှည်မှာမဟုတ်ဘဲ အသံပြဲကြီးနဲ့ အော်ငိုကြမှာပါ။ ဒီတော့ ခရီးသွားမယ်၊ အပြင်သွားမယ်ဆိုရင် တစ်ခဏနဲ့ ရောက်နိုင်တဲ့နေရာမျိုးကို သွားပြီး သူတို့လေးတွေကို မပင်ပန်းပါစေနဲ့။ နောက်ပြီး အရမ်းငယ်သေးတဲ့အချိန်မှာ လူအရမ်းများတဲ့ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ မလိုအပ်ဘဲနဲ့ ဆေးရုံလို နေရာမျိုးတွေကို မခေါ်သွားပါနဲ့။ အဲ့ဒီလိုနေရာတွေမှာ ထပြီး အော်ငိုလိုက်မယ်ဆိုရင်တော့ ကိုယ်ချော့ရတာ အကြောင်းမဟုတ်ဘဲ တခြားသူတွေကပါ ကိုယ့်ရဲ့ ချစ်စရာဘေဘီလေးတွေကို စိတ်ကွက်သွားနိုင်ပါတယ်။ တတ်နိုင်ရင်တော့ အရွယ်နည်းနည်းရောက်မှပဲ သူတို့လေးတွေ ဗဟုသုတရဖို့ သင့်တော်တဲ့နေရာတွေကို ခေါ်သွားသင့်ပြီး အတတ်နိုင်ဆုံးတော့ အရမ်းငယ်သေးတဲ့ ပူတူတူးလေးတွေကို သူတို့ရဲ့ ကျန်းမာရေးအရပါ လူအရမ်းများတဲ့နေရာတွေကို မခေါ်သွားဖို့ ချစ်မေမေတို့ကို အကြံပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: apa

LEAVE A REPLY

Please enter your comment!
Please enter your name here