ချစ်မေမေတို့အတွက် အိမ်တွင်းရေးကို အေးချမ်းအောင်ထိန်းသိမ်းနည်း

0
188
- Advertisement -

အိမ်တွင်းရေး တည်ငြိမ်အေးချမ်းဖို့ဆိုတာက မိသားစုတိုင်းအတွက် အရေးကြီးတဲ့အရာပါ။ အချို့အိမ်တွေမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖေဖေက အိမ်တွင်းရေး အေးချမ်းသာယာအောင် ဦးဆောင်ကြိုးပမ်းပြီး အချို့အိမ်တွေမှာတော့ ချစ်မေမေတို့ကပဲ အဓိက ဦးဆောင်ထိန်းသိမ်းရတာပါ။ အဲ့ဒါကြောင့် ချစ်မေမေတို့အနေနဲ့ အိမ်တွင်းရေးအေးချမ်းသာယာဖို့အတွက် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ထိန်းသိမ်းရလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပါ။
အိမ်မှာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ဘယ်လိုမျိုး ပြဿနာပဲဖြစ်ဖြစ်၊ ဖြစ်တာနဲ့ တစ်ပြိုင်နက် ချက်ချင်းရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ပြဿနာအသေးစားလေးမို့လို မဖြေရှင်းဘဲထားလိုက်ရင် ပြဿနာသေးသေးလေးတွေ စုစည်းရင်း တစ်ချိန်ချိန်မှာ ကြီးမားတဲ့ပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် မိသားစုများပြားတဲ့နေအိမ်တွေမှာ ထမင်းချက်၊ အဝတ်လျှော်၊ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးလုပ်တာကအစ သူလုပ်သင့်တယ်၊ ငါလုပ်သင့်တယ်ဆိုပြီး အငြင်းပွားတတ်ကြပါတယ်။ အဲ့ဒီအခါကျရင် ချစ်မေမေတို့ကိုယ်တိုင် လုပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်နေ့မှာဘယ်သူက လုပ်သင့်တယ်ဆိုပြီး အချိန်ဇယားဆွဲပေးထားတာမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်ဖြေရှင်းထားသင့်ပါတယ်။

၂။ အမှားလုပ်မိမှာ မကြောက်ပါနဲ့။
ဒါကတော့ အိမ်တွင်းရေးမှာသာမက ပြင်ပလောကမှာပါ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်များများကတော့ အမှားလုပ်မိမှာကြောက်တတ်ကြပြီး တစ်ခုခုကိုလုပ်လို့ မှားသွားမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ အိမ်ထဲမှာ အဲ့ဒီလိုမျိုး တစ်ခုခုမလုပ်ဘဲ၊ တစ်ခုခုမပြောဘဲ အိမ်ထဲမှာတိတ်ဆိတ်ရင်း အမှားလုပ်မိမှာ ကြောက်နေတယ်ဆိုရင်တော့ ချစ်မေမေတို့ရဲ့ နေအိမ်ကလည်း သာသာယာယာမရှိဘဲ ခြောက်ကပ်နေပါလိမ့်မယ်။

- Advertisement -

၃။ အရာရာတိုင်းအတွက် ကျေးဇူးတင်စကားပြောတတ်ပါစေ။
မိသားစုဝင်တစ်ယောက်ယောက်က ကိုယ့်အတွက် တစ်ခုခုလုပ်ပေးလိုက်ပြီဆိုရင် အဲ့ဒီအတွက် ကျေးဇူးတင်စကား ပြောလိုက်ပါ။ ဒါက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိတယ်ဆိုတာကို ပြသနေတာဖြစ်ပြီး လက်ရှိပစ္စုပ္ပန်ကိုပဲ တည့်တည့်ကြည့်ရင်း ကိုယ့်အတွက်ဖြစ်တည်နေတဲ့အရာအားလုံးကို ကျေးဇူးတင်တတ်အောင် ကြိုးစားလိုက်ပါ။

၄။ အဆိုးမမြင်ပါနဲ့။
ကိုယ့်အိမ်သားက သူလုပ်ရမယ့်အလုပ်ကို မလုပ်ဘဲ ကတ်သတ်နေတာမျိုး၊ မေ့လျော့နေတာမျိုးဖြစ်ရင်တောင် အပြစ်မမြင်ဘဲ ကိုယ်တိုင်ဝင်လုပ်လိုက်တာမျိုး ဒါမှမဟုတ် မေ့နေတာကို သတိပေးလိုက်တာမျိုး ပြုလုပ်သင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ မျက်စောင်းတခဲခဲနဲ့ ဘာမှမပြောဘဲ အမြင်ကတ်နေတယ်ဆိုရင်တော့ နောက်ပိုင်းကျရင် ပြဿနာတွေဖြစ်လာဦးမှာပါ။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့အိမ်သားတစ်ယောက်ယောက်၊ မိသားစုဝင်တစ်ယောက်ယောက်က ကိုယ်နဲ့ ပတ်သက်ပြီး တစ်ခုခုစိတ်ခုနေတာမျိုးဖြစ်နေလို့ လုပ်စရာရှိတာမလုပ်တာမျိုးဆို ပြဿနာက ပိုလို့တောင် ဆိုးရွားလာဦးမှာပါ။

၅။ ပြဿနာတွေပဲ အဖြစ်မခံပါနဲ့။
ဘယ်နေ့မှာ ဘာဖြစ်သွားမယ်မှန်းမသိတဲ့ လူ့ဘဝမှာ နေ့တဓူဝ ပြဿနာတွေချည်း အဖြစ်မခံပါနဲ့။ စိတ်အေးအေးချမ်းချမ်းဖြစ်နိုင်မယ့် နည်းလမ်းတွေကို ချစ်မေမေတို့က ကိုယ်ကိုယ်တိုင်ရော၊ မိသားစုဝင်တွေကိုပါ မျှဝေပေးသင့်ပါတယ်။ စာဖတ်တာမျိုး၊ တရားထိုင်တာမျိုးတွေကို ပြုလုပ်တာက စိတ်အေးချမ်းဖို့၊ စိတ်တည်ငြိမ်ဖို့ အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်တာကြောင့် ချစ်မေမေတို့ရဲ့ အိမ်တွင်းရေး အေးချမ်းသာယာဖို့ အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို လိုက်နာကျင့်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

#HM

#ChitMayMay

Source: magforwomen

LEAVE A REPLY

Please enter your comment!
Please enter your name here