ချစ်မေမေတို့က ကိုယ့်ရဲ့သားသားမီးမီးလေးတွေကိုပဲ ဂရုစိုက်ရင်း၊ အိမ်ရဲ့ဝေယျာဝစ္စတွေကိုပဲ လုပ်နေရင်း အချိန်တွေကုန်နေရတယ်ဆိုတာကို ဘဝတူချင်းနားလည်ပါတယ်ရှင်။ ဒါပေမယ့် ကိုယ့်ရဲ့အလှအပအတွက်လည်း ဂရုစိုက်ရမယ့်အရာတွေ ရှိသေးတယ်မဟုတ်လား။ အပျိုဘဝတုန်းကလို ပြိုင်ဘက်ကင်းမလှနိုင်တော့ရင်တောင်မှ “ကလေးတစ်ယောက်အမေ၊ ကလေးနှစ်ယောက်အမေဆိုပေမယ့် အခုခေတ်အပျိုလေးတွေကိုတော့ ယှဉ်လို့ရပါသေးတယ်ရှင်။” လို့ ဂုဏ်ယူဝံ့ကြွားစွာပြောနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ နှုတ်ခမ်းတွေခြောက်သွေ့နေရင်။
နှင်းဆီဖူးလေးလို လှပခဲ့တဲ့ ကိုယ့်ရဲ့နှုတ်ခမ်းတစ်စုံက ခြောက်ကပ်နေရင် နေရထိုင်ရအဆင်မပြေနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုကင်းမဲ့နေပါလိမ့်မယ်။ တချို့ကျ နဂိုတည်းကိုက နှုတ်ခမ်းတွေအလွန်ခြောက်တတ်ပြီး မိသားစုတစ်ခုရဲ့တာဝန်တွေယူရတဲ့အချိန်ကျ ဒါတွေကို ဂရုမစိုက်နိုင်တော့ဘူးပေါ့။ ဒါပေမယ့်အဲ့ဒီအတွက် ကိုယ်နဲ့လိုက်ဖက်သင့်တော်တဲ့နှုတ်ခမ်းနီတွေကို ရွေးချယ်သုံးစွဲနိုင်သလို၊ နို့ခရင်မ်ကို နှုတ်ခမ်းပေါ်လိမ်းလိမ်းပေးတာကလည်း ချစ်မေမေတို့ရဲ့ နှုတ်ခမ်းတစ်စုံကို ဖူးပွင့်စပန်းလေးတစ်ပွင့်လို လှပစေမှာပါ။

၂။ အသားအရည်ဝင်းမွတ်တောက်ပနေဖို့။
ဂရမ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက်စာပမာဏကို ပေါင်းစပ်ပါ။ ပြီးရင်တော့ သံပုရာရည်၊ နို့ခရင်မ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ မုန့်ညင်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်စာပမာဏကို ထပ်မံပေါင်းထည့်ပါ။ ဒါတွေအကုန်လုံးကို ရောမွှေပြီးရင်တော့ မျက်နှာပေါ် ဒါမှမဟုတ် ကိုယ့်ရဲ့အသားအရည်အပေါ်ကို လိမ်းပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ မျက်နှာသစ်တာ ဒါမှမဟုတ် ရေချိုးလိုက်ပါ။ ဒီလိုမျိုးပြုလုပ်ပေးခြင်းအားဖြင့် ချစ်မေမေတို့ရဲ့ မျက်နှာနဲ့အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရည်ကို ဝင်းမွတ်တောက်ပစေမှာ အသေအချာပါပဲရှင်။

၃။ အညိုအမည်းတွေကင်းစင်ဖို့။
Charoli အစေ့ကို ဆယ်မိနစ်လောက် သေချာလေးပြုတ်ပြီး ကြိတ်ပါ။ ပြီးရင် နို့နဲ့ရောမွှေပြီး အညိုအမည်းတွေဖြစ်ပေါ်နေတဲ့ နေရာကို နူးနူးညံ့ညံ့လေး ပွတ်လိမ်းပေးပါ။ အဲ့ဒီနောက် (၁၅) မိနစ်၊ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ရေနဲ့ပြန်လည်သန့်ရှင်းနိုင်ပါတယ်။ ဒီနည်းလမ်းက ကိုယ့်ရဲ့ အရေပြားပေါ်က အညိုအမည်းတွေကို ဖယ်ရှားပေးနိုင်ပြီး အခုခေတ်အပျိုလေးတွေလိုမျိုး Glow နေမယ့် အသားအရည်ကို ပိုင်ဆိုင်နိုင်မှာပါရှင်။

၄။ နက်မှောင်သန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့။
ခြောက်သွေ့နေတဲ့ ဟင်းရွက်အခြောက်တွေကို အမှုန့်ဖြစ်တဲ့အထိ ကြိတ်ပြီး အုန်းဆီလေးနည်းနည်းရောပြီးနောက်မှာတော့ အပူပေးလိုက်ပါ။ အဲ့ဒီကတစ်ဆင့် ရလာတဲ့အရည်ကို ခေါင်းမလျှော်ခင် (၁) နာရီ ဒါမှမဟုတ် (၂) နာရီအလိုမှာ ခေါင်းမှာလိမ်းထားပြီးမှ ခေါင်းလျှော်လိုက်ပါ။ အဲ့ဒီနည်းလမ်းက ချစ်မေမေတို့ရဲ့ ဆံပင်တွေကျွတ်တာကို သက်သာစေနိုင်ပြီး နက်မှောင်သန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်ရှင်။

၅။ မျက်ကွင်းညိုနေတာတွေ ပျောက်ကင်းဖို့။
ညဆိုလည်း သားသားမီးမီးတို့အိပ်ပြီးမှအိပ်ရ၊ မနက်ဆိုလည်း တစ်အိမ်လုံးမထခင် အစောကြီးထပြီးလုပ်စရာရှိတာတွေကို လုပ်ရတဲ့မေမေတို့ အိပ်ရေးတွေပျက်ပြီး မျက်ကွင်းညိုတာ ဒါမှမဟုတ် သူ့ဘာသူကို ဘာမှမဟုတ်ဘဲ မျက်ကွင်းညိုနေတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက်တော့ မပူပါနဲ့။ ဗာဒံစေ့ကိုကြိတ်ပြီးရလာတဲ့အဆီနဲ့ ပူစီနံအရွက်ကိုကြိတ်လို့ရလာတဲ့အဆီကိုပေါင်းစပ်ပြီး မျက်လုံးနားတစ်ဝိုက်ကို လိမ်းပေးပါ။ ပူစီနံက မျက်လုံးနားတစ်ဝိုက်က သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဗာဒံဆီကလည်း အသားအရည်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တာကြောင့် မျက်ကွင်းညိုတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

#Chit_MayMay
#HM
Chit Mayamayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။