ကလေးငယ်တွေ ချောင်းဆိုးတယ်ဆိုတာက မေမေတို့အားလုံးအတွက် ဖြစ်ရိုးဖြစ်စဥ်ကိစ္စရပ်တွေလို့ပဲဆိုရမှာပါ။ ဒါပေမယ့် ဒီလိုတွေဖြစ်တာက အချိန်ကြာလာပြီဆိုရင် ကလေးငယ်တွေအတွက် အိပ်ရေးပျက်တာမျိုး၊ အားနည်းလာတာမျိုးတွေဖြစ်လာတတ်ပြီး မေမေတို့လည်း ကိုယ့်ရဲ့ရင်သွေးငယ်လေးအတွက် ပူပန်သောကရောက်ရမှာ အသေအချာပါပဲ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ကလေးငယ်တွေချောင်းဆိုးလာပြီဆိုရင် ကုသနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို မေမေတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပျားရည်တိုက်ပါ။
လေ့လာသူတွေရဲ့ အဆိုအရ ပျားရည်ဟာ အခြားသောဆေးဝါးတွေထက်တောင်မှ အစွမ်းထက်ပြီး ပျားရည်ရဲ့ချိုမြတဲ့အရသာကြောင့်လည်း ဆေးကြောက်တတ်တဲ့ကလေးတွေ ချောင်းဆိုရင် လွယ်လွယ်ကူကူနဲ့ကုသနိုင်မှာပါ။ အသက် (၁) နှစ်ကနေ (၅) နှစ်အတွင်း ကလေးငယ်တွေကို လက်ဖက်ရည်ဇွန်းတစ်ဝက်ပမာဏရှိတဲ့ပျားရည်တိုက်ကျွေးသင့်ပြီး အသက် (၆) နှစ်ကနေ (၁၁) နှစ်အတွင်း ကလေးငယ်တွေကိုတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ တိုက်ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အသက် (၁) နှစ်အောက် ကလေးငယ်တွေအတွက် ပျားရည်ကအဆိပ်သင့်နိုင်တာကြောင့် မတိုက်ကျွေးသင့်ဘူးလို့ ဆိုထားပါတယ်။

၂။ ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်က အကောင်းဆုံးအိမ်တွင်းဆေးဝါးတစ်လက်ဖြစ်တယ်ဆိုတာကို ရှေးတည်းကလက်ခံကျင့်သုံးလာခဲ့ကြပြီး ချွဲသလိပ်တွေကိုလျှော့ချပေးနိုင်တဲ့အပြင် ချောင်းဆိုးလို့ညအိပ်မရဖြစ်ပြီး အားအင်ကုန်ခမ်းနေတာတွေကိုလည်း ပြန်လည်ကုစားပေးနိုင်ပါတယ်။

၃။ ရေပူ ဒါမှမဟုတ် ရေအေး
ရေဓာတ်က လည်ချောင်းရှင်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီး ရေနွေးနဲ့ရေကျက်အေးတို့ကလည်း လည်ချောင်းထဲကချွဲသလိပ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။

၄။ သကြားဓာတ်မပါတဲ့သကြားလုံးများ
လည်ချောင်းနာပြီး ချောင်းဆိုနေတာကြောင့် သကြားလုံးကျွေးလို့မရပေမယ့် ကလေးကအရမ်းဂျီကျနေမယ်ဆိုရင်၊ အသက်ကလည်း (၄) နှစ်ကျော်ပြီဆိုရင်တော့ သကြားဓာတ်မပါဝင်အောင်ထုတ်လုပ်ထားတဲ့သကြားလုံးနဲ့ လော်လီပေါ့တွေကို ကျွေးလို့ရပါတယ်။

၅။ လေသန့်စင်စက်
ညဘက်ကလေးအိပ်တဲ့အချိန်မှာ လေသန့်စင်စက်ဖွင့်ထားပေးခြင်းက အခန်းတွင်းမှာရှိတဲ့လေကို သန့်ရှင်းစေပြီး ညဥ့်နက်သန်းခေါင်မှ ချောင်းထဆိုးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မနက်ရောက်ရင်တော့ အခန်းတံခါးတွေအားလုံးကို ဖွင့်ပြီး အခန်းတွင်းရှိတဲ့လေအားလုံးကို ပြန်လည်သန့်စင်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေသန့်စင်စက်ကိုအမြဲတမ်းဖွင့်ထားမယ်ဆိုရင် အခန်းတွင်းမှာ မှိုနဲ့ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်လို့ပါပဲ။

၆။ ဆားရည်နဲ့ပလုတ်ကျင်းပါ။
ဒီနည်းလမ်းကလည်း ဘိုးဘေးဘီဘင် ခေတ်အဆက်ဆက်တည်းကကျင့်သုံးလာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဝက်ပမာဏရှိတဲ့ဆားကို ရေနွေးပန်းကန်လုံးတစ်လုံးစာ ရေနွေးနဲ့ ဖျော်ပြီး ပလုတ်ကျင်းပေးတာက လူကြီးတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် ကလေးငယ်တွေမှာတော့ ဒီဆားရည်ကိုပြန်ထွေးထုတ်ရမယ်ဆိုတဲ့အသိရှိတဲ့ အရွယ်မှာပဲ ဆားရည်နဲ့ပလုတ်ကျင်းပေးသင့်ပါတယ်။

၇။ ရင်ဘတ်ကိုဆေးပူလေးလူးပေးပါ။
မေမေတို့ရဲ့ ကလေးငယ်က အသက် (၂) နှစ်ကျော်ပြီဆိုရင်တော့ ရင်ဘတ်ကို ဒဏ်ကြေလိမ်းဆေးလိုမျိုး ဆေးပူလေးလူးပေးတာက ချွဲသလိပ်တွေကို ပျော်ကြစေတာကြောင့် ညဘက်တွေမှာ ချောင်းဆိုးသက်သာပြီး ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ပါလိမ့်မယ်။
#HM
#ChitMayMay
Source: Parents