ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသင့်တဲ့ ဘဝတသက်တာ အရည်အချင်းများ

0
147
- Advertisement -

ဘဝတသက်တာအရည်အချင်းတွေဆိုတာဟာ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံး အသုံးပြုရမှာဖြစ်တဲ့ အဖိုးတန်သင်ခန်းစာတွေဖြစ်ပါတယ်။ ဒါပေမယ့် ကလေးအများစုက သူတို့အထက်တန်းကျောင်းမရောက်သေးခင်အထိ လက်တွေ့မှာကြုံကြိုက်လာတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မသိတတ်ကြပါဘူး။ ကလေးငယ်တွေကို ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ စောင့်မနေဘဲနဲ့ ဘဝတသက်တာအရည်အချင်းတွေကို သင်ကြားပေးထားတာက သူတို့အတွက် အကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဆုံးဖြတ်ချက်ချတတ်တဲ့ အရည်အချင်း

မှန်ကန်သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်ခြင်းက ကလေးတိုင်း ငယ်စဥ်ကတည်းက သင်ကြားထားသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ရေခဲမုန့်အရသာရွေးခိုင်းတာ၊ ခြေအိတ်အရောင်ရွေးတာ၊ ဘာနဲ့ကစားမှာဆိုတာမျိုးတွေလို အခြေခံကနေစပြီးတော့ သင်ကြားပေးပြီး ကျောင်းစနေတဲ့အရွယ်ရောက်ပြီဆိုရင်တော့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ရရှိလာတတ်တဲ့ နောက်ဆက်တွဲအခြေအနေတွေအကြောင်းကို စတင်သင်ကြားနိုင်ပြီဘဲဖြစ်ပါတယ်။

- Advertisement -

တကိုယ်ရည်သန့်ရှင်းမှု

ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်လို့ ကလေးတွေသင်ကြားဖို့ဆိုတာ ဘယ်အရွယ်ရောက်မှ သင်ရမယ်ဆိုတာ မရှိပါဘူး။ နေ့တိုင်းမှန်မှန် ရေချိုးတာ၊ သွားတိုက်တာ၊ လက်ဆေးတာ၊ အတွင်းခံတွေလဲဝတ်တာ စသဖြင့် နေ့စဥ်ကိစ္စလေးတွေကို အမြဲတမ်းပြောပြပေး၊ သင်ကြားပေးဖို့လိုပါတယ်။

အချိန်စီမံခန့်ခွဲတတ်မှု

မိသားစုတစုကို ထိန်းသိမ်းရာမှာ အချိန်စီမံခန့်ခွဲမှုက ဘယ်လောက်ထိအရေးပါလဲဆိုတာကို မိဘတိုင်းနားလည်သဘောပေါက်ကြသလို ထိုနည်းတူ သားသမီးတွေကိုလည်း အခုချိန်ကတည်းက သင်ကြားထားပေးဖို့လိုအပ်ပါတယ်။ အချိန်ကိုဘယ်လို ခန့်ခွဲရမလဲ၊ အချိန်မှီပြီးစီးဖို့ဘယ်လိုလုပ်ရလဲ၊ စသဖြင့် သင်ထားပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ကျောင်း သို့မဟုတ် အလုပ်ခွင်ကို အချိန်မှီသွားတတ်အောင် သင်ကြားပေးရာရောက်ပါတယ်။

အစားအသောက်ပြင်ဆင်ခြင်း

ကြယ်ငါးပွင့်အဆင့်မှီအစားအသောက်တွေကို ပြင်ဆင်ရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကြက်ဥကြော်တာမျိုးဖြစ်ဖြစ်၊ ထမင်းပေါင်းအိုးနဲ့ ထမင်းချက်တာမျိုးဖြစ်ဖြစ် အစရှိတာတွေကို သင်ကြားပေးထားတာက နောင်တချိန်မှာ မလွဲမသွေ သူတို့အတွက် အကျိုးရှိလာစေနိုင်ပါတယ်။

ငွေကြေးစုဆောင်းခြင်း

ရေတွက်တတ်အောင်၊ အခြေခံသင်္ချာတွေကို သင်ပေးသလိုမျိုးပဲ လက်ထဲရောက်လာတဲ့ ပိုက်ဆံကို စနစ်တကျနဲ့ ဥာဏ်ပညာရှိရှိ ကိုယ်တွယ်အသုံးပြုတတ်အောင်၊ စုဆောင်းတတ်အောင် သင်ကြားပေးခြင်းဖြင့် ငွေကြေးတန်ဖိုးအကြောင်းကို သိနားလည်စေနိုင်ပါတယ်။ လက်တွေ့ဘဝကြီးမှာ ဘယ်လိုအရာမဆို အလကားမရနိုင်ဘူးဆိုတာမျိုးကို ငယ်စဉ်ကတည်းက နားလည်သဘောပေါက်အောင် ပြောပြထားပေးတာက ကြီးပြင်းလာချိန်မှာ သူတို့အတွက်အကောင်းဆုံးသောလမ်းကြောင်းတွေကို ရွေးချယ်စေပြီးသား ဖြစ်လာစေနိုင်ပါတယ်။

သန့်ရှင်းရေးပြုလုပ်ခြင်း

ကလေးရဲ့အသက်အရွယ်နဲ့သင့်တော်တဲ့ အိမ်မှုကိစ္စလေးတွေ ကူလုပ်ခိုင်းပြီး အိမ်အလုပ်တွေလုပ်စေတာက နောက်တစ်ချိန် ကျောင်းတက်ဖို့သွားတဲ့အခါ သူတို့ဘာသာသူတို့ အိမ်ရဲ့ဝေယျာဝစ္စတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ အိပ်ရာသိမ်းတာ၊ ပန်းကန်ဆေးတာ၊ ဖုန်သုတ်တာ စသဖြင့် အသေးအဖွဲလေးကနေ စတင်သင်ကြားပေးနိုင်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- verywellfamily

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here