ဒီနေ့ခေတ်ရဲ့ ကလေးအမေ ငယ်ငယ်လေးတွေဟာ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် ကလေးမွေးလာရင်လည်း ဘယ်လိုမျိုးအကောင်းဆုံး ပြုစုစောင့်ရှောက်ရမလဲ ဆိုတာတွေနဲ့ပတ်သက်လို့ လေ့လာမှတ်သားနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကလေးအထူးကုဆရာဝန်တွေနဲ့ စိတ်ပညာရှင်တို့ ရေးသားထားတဲ့ အွန်လိုင်းဘလော့ဂ်တွေ၊ ဆွေးနွေးပွဲတွေ နောက်ပြီး အဖွား၊ အမေတို့ဆီကနေ အမျိုးစုံ လေ့လာနိုင်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကမှ မီးဖွားထားတဲ့ မိခင်တွေကို ဝေမျှပေးထားတဲ့ အကြံပေးချက်တွေကတော့ တစ်ခုနဲ့တစ်ခု ကွဲလွဲဆန့်ကျင်မှုတွေရှိတတ်ပါတယ်။ ဒါဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုအရှုပ်အထွေးတွေက ရုန်းထွက်ပြီးတော့ ဘယ်အရာကမှန်ကန်တဲ့လုပ်ရပ်လဲဆိုတာကို ဘယ်လိုသိနိုင်မလဲ။
အခုပြောပြပေးမယ့် အမှားလေးတွေကို သေချာဖတ်ထားမယ်ဆိုရင်တော့ အရာအားလုံးက အဆင်ပြေသွားပါလိမ့်မယ်။
ကလေးနို့မှုန့်မတိုက်ကျွေးခြင်း

မိခင်နို့ကတော့ ကလေးအတွက် အကောင်းဆုံးအစာအာဟာရတစ်ခုဆိုပေမယ့်လည်း တစ်ခါတစ်လေကျတော့ မိခင်နို့က လုံလုံလောက်လောက်မရှိနိုင်ပါဘူး။ ဒါကြောင့်လည်း ကလေးတွေကို ဝဝလင်လင် တိုက်ကျွေးနိုင်ရန်အတွက် သားဖွားဆောင်အတွင်းရှိ သူနာပြုတွေက နို့မှုန့်တွေဖျော်တိုက်တာဆိုပေမယ့် တစ်ချို့မိခင်တွေကတော့ အတိုက်မခံကြပါဘူး။ ဆာလောင်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေကာ ထိုမှတဆင့် အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်လို့ ဗိုက်ဆာတာက ကလေးတွေအတွက် အင်မတန်ကို အန္တရာယ်ရှိနိုင်ပါတယ်။
လိုတာထက်ပိုကျွေးခြင်း

ကလေးငိုတယ်ဆိုတာနဲ့ ဗိုက်ဆာလို့ပဲဆိုပြီးတော့ တစ်သမတ်တည်း တွေးထားလို့မရပါဘူး။ တစ်ခုခုနာကျင်လို့ ဒါမှမဟုတ် အမေကိုလွမ်းလို့ စသဖြင့် တခြားအကြောင်းအရင်းတွေကြောင့်လည်း ငိုကျွေးနိုင်ပါတယ်။ တစ်ခါတစ်လေကျရင် သူတို့ငိုတာကို တိတ်အောင်လို့ အစားနဲ့ချော့တတ်ပေမယ့်လည်း လိုတာထက်ပိုပြီးကျွေးမယ်ဆိုရင်တော့ ဗိုက်ထဲမှာနေထိုင်မကောင်းဖြစ်တာ၊ ဂတ်စ်တွေများတာ စတဲ့အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။
ကလေးကမစားချင်ဘူးဆိုရင် အတင်းမကျွေးပါနဲ့။ အကယ်လို့ ကလေးက လုံလုံလောက်လောက် မစားဘူးလို့ထင်တယ်ဆိုရင် ကလေးဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ကြည့်ပါ။
နို့ရည်ကိုစုပ်ထုတ်ပြီး ဘူးကတဆင့်တိုက်ကျွေးခြင်း

မကြာခဏဆိုသလိုပဲ မိခင်နို့ကို ကလေးတွေက ကောင်းကောင်းမသောက်သုံးတဲ့အတွက် သူတို့ကိုအစာကျွေးရန်အတွက် မိခင်တွေက နို့ကိုညှစ်ထုတ်တတ်ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် အန္တရာယ်မရှိနိုင်ပေမယ့်လည်း နို့ဘူးကနေ စုပ်သောက်တာက မိခင်နို့ကနေ သောက်တာထက် ပိုပြီးလွယ်ကူပြီး အကျင့်ပါသွားတတ်ပါတယ်။ အချိန်ကြာသွားတဲ့အခါ မိခင်နို့ကို မစုပ်တတ်တော့လို့ ကိုက်ခြင်း၊ စကားပြောခက်ခဲခြင်း၊ နို့ထွက်နည်းခြင်း စတဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
ကလေးကိုအလွန်အကျူးထုတ်ပိုးထားခြင်း

ကလေးတွေက မိခင်ဝမ်းဗိုက်ထဲမှာ နေစဥ်ကတည်းက ပူအိုက်တဲ့အပူချိန်ကို ကျင့်သားရနေပြီဖြစ်တာကြောင့် သူတို့ကို နွေးနွေးထွေးထွေး ထုပ်ပိုးပေးထားရမယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။ သို့သော်လည်း လိုတာထက်ပိုပြီး အပူဓာတ်များသွားမယ်ဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ကာ ကလေးငယ်ရုတ်တရက်သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်လို့ ကလေးဆရာဝန်များက အပူချိန် ၆၄ နှင့် ၆၈ ဒီဂရီဖာရင်ဟိုက်ကြားမှာ သက်သောင့်သက်သာထားဖို့အတွက် အကြံပြုထားကြပါတယ်။ ကလေးတွေကို စောင်အများကြီးခြုံပေးတာမျိုး၊ အပူပေးစက်တွေနားထားတာမျိုး မလုပ်ပါနဲ့။ သူတို့အိပ်ပြီဆို ခေါင်းစွပ်၊ ဦးထုပ်တွေဖယ်ပေးလိုက်ပါ။
ကလေးလက်တွန်းလှည်းကို မှန်မှန်ကန်ကန် အသုံးမပြုခြင်း

ကလေးကို လက်တွန်းလှည်းထဲထည့်ထားတယ်ဆိုတာနဲ့ သူတို့ကို လုံခြုံစိတ်ချရပြီလို့ အမြဲတွေးထင်မထားပါနဲ့။ ကလေးလက်တွန်းလှည်းကို အသုံးပြုပြီး ဓာတ်လှေကားထဲဝင်တော့မယ်ဆိုရင် တံခါးက ဘယ်အချိန်ပိတ်မယ်မှန်း သေချာမှန်းလို့မရတဲ့အတွက် ကလေးအန္တရာယ်မရှိအောင်လို့ ကလေးကိုချီပြီးမှအထဲဝင်ပါ။
#Chit_May_May
#Thinzar
Ref- brightside