စမတ်ဖုန်းသုံးတဲ့ သားသားမီးမီးတို့အတွက် ဆိုးကျိုးပြဿနာများ

0
286
- Advertisement -

တိုးတက်လာတဲ့ ခေတ်စနစ်ကြီးနဲ့ အညီ အရွယ်မရောက်သေးတဲ့ သားသားမီးမီးတို့ကလည်း စမတ်ဖုန်းတွေ ကိုယ်စီ ကိုယ်စီ သုံးစွဲလာကြပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက ရွာကြီးလိုဖြစ်လာတဲ့ စကားက အရွယ်မရောက်သေးတဲ့ သားသားမီးမီးတို့အတွက် ပြဿနာဖြစ်နေဆဲလို့ဆိုရမှာဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စမတ်ဖုန်းသုံးစွဲတာကြောင့် သားသားမီးမီးတို့ဆီမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးပြဿနာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အနှောင့်အယှက်ဖြစ်စေတယ်။
ဖုန်းတော်တော်များများမှာ လျှပ်စစ်နဲ့သံလိုက်စွမ်းအားတွေ ပါဝင်ပြီး အဲ့ဒီအရာတွေက သားသားမီးမီးတို့ရဲ့ ဦးနှောက်မှာရှိတဲ့ ဆက်သွယ်ရေးဆိုင်ရာ အာရုံကြောတွေဆီကို အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ (၂) မိနစ်လောက် ဖုန်းပြောလိုက်တာနဲ့ သားသားမီးမီးတို့ရဲ့ ဦးနှောက်ထဲကို အဲ့ဒီလျှပ်စစ်သံလိုက်စွမ်းအင်တွေဝင်ရောက်သွားနိုင်ပြီး အာရုံကောင်းကောင်းမစိုက်နိုင်တာမျိုး အသစ်အဆန်းတွေကို သင်ယူတာမျိုးတွေမှာ အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။

၂။ ပညာရေးကို ထိခိုက်စေတယ်။
သားသားမီးမီးတို့က ကျောင်းသွားရင် သူတို့ရဲ့ စမတ်ဖုန်းတွေကို ယူဆောင်သွားတတ်ကြပြီး အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့ဖုန်းကတစ်ဆင့် စကားပြောတာ၊ ဂိမ်းကစားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ပိုမိုဆိုးရွားလာရင်တော့ စာသင်ချိန်မှာပါ ဆရာမ မသိအောင် ဖုန်းခိုးသုံးတာမျိုးတွေ ပြုလုပ်လာနိုင်ပြီး အကျိုးဆက်အနေနဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို လွတ်သွားတာ၊ အတန်းထဲမှာ အာရုံမစိုက်နိုင်တာနဲ့ စာမေးပွဲမှာအမှတ်နည်းတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

- Advertisement -

၃။ စမတ်ဖုန်းကို မရိုးသားတဲ့ နည်းလမ်းနဲ့ အသုံးချလာမယ်။
စာမေးပွဲခန်းဝင်တဲ့အခါမှာ စမတ်ဖုန်းတွေကို အသုံးပြုပြီး စာခိုးချတာမျိုးတွေ၊ သင်္ချာစွမ်းရည် တိုးတက်ရမယ့် အရွယ်မှာ ဖုန်းထဲကဂဏန်းပေါင်းစက်ကို အသုံးပြုပြီး အလွယ်လမ်းလိုက်တာမျိုးတွေကို သားသားမီးမီးတို့ ပြုလုပ်လာနိုင်ပါတယ်။ စာမေးပွဲအဖြေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဖုန်းထဲမှာ ဓာတ်ပုံရိုက်ပြီး ယူသွားတာမျိုးတွေကို နောက်ပိုင်း ကလေးငယ်တွေ တော်တော်များများ ပြုလုပ်လာတာ တွေ့မြင်နေရပြီး ဒါက ပညာရေးဆိုင်ရာပြဿနာတင်မဟုတ်တော့ဘဲ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြဿနာအထိ ဖြစ်လာတာကြောင့် အထူးသတိထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။

၄။ ညစ်ညမ်းပုံရိပ်တွေကို အလွယ်တကူ ကြည့်ရှုလာနိုင်တယ်။
တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပါပဲ။ ဖုန်းတွေက အသုံးချတတ်ရင် ဗဟုသုတရှာမှီးစရာဖြစ်နိုင်ပြီး တလွဲနည်းလမ်းတွေနဲ့ အသုံးချရင်တော့ လမ်းမှားပေါ် လွယ်လွယ်လေးနဲ့ရောက်သွားနိုင်ပါတယ်။ သားသားမီးမီးတို့အနေနဲ့ အရွယ်မတိုင်ခင် မမြင်သင့်တဲ့စာတိုတွေ၊ ပုံရိပ်တွေ၊ စာသားတွေကို သူတို့ သူငယ်ချင်းအချင်းချင်း မျှဝေရာကတစ်ဆင့် မြင်တွေ့သွားနိုင်ပြီး အခြားသောကလေးငယ်တွေဆီကိုလည်း ပျံ့နှံ့သွားနိုင်ပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်ပြီး အကျွမ်းတဝင်မသိသင့်သေးတဲ့ အရွယ်မှာ သင့်တော်တဲ့လိင်ပညာပေးမဟုတ်ဘဲနဲ့ အပြာစာပေတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဇာတ်ကားတွေကို မြင်တွေ့နေရတာက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခံယူချက်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။

၅။ အိပ်ချိန်ကို ထိခိုက်စေတယ်။
ချစ်မေမေတို့ရဲ့ နောက်ကွယ်မှာ ညအိပ်ချိန် ဖုန်းခိုးသုံးရင်း သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ ဂိမ်းကစားတာ၊ ဆိုရှယ်မီဒီယာတွေကို အသုံးပြုတာကြောင့် တစ်ညလုံးအိပ်ရေးပျက်ပြီး မနက်စာသင်ခန်းထဲရောက်မှ အိပ်ငိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အဲ့ဒါဆိုရင် ပညာရေးကို အလိုအလျောက်ထိခိုက်စေမှာဖြစ်ပြီး အိပ်ချိန်အလုံအလောက် လိုအပ်တဲ့ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၆။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းရဲ့ အကျိုးဆက်တွေကို ခံစားရမယ်။
အချိန်လေးနည်းနည်းအားပြီဆိုတာနဲ့ သားသားမီးမီးတို့က ဖုန်းသုံးဖို့၊ ဖုန်းနဲ့ဂိမ်းဆော့ဖို့အတွက်ပဲ စိတ်ရောက်နေမှာဖြစ်ပြီး အဲ့ဒီလိုသာဆိုရင်တော့ သူတို့ရဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်တွေက သိသိသာသာကို လျော့နည်းသွားပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အကျိုးဖြစ်ထွန်းမှုတွေ ရရှိနိုင်မှာမဟုတ်ဘဲ နောက်ပိုင်းမှာ အဝလွန်တာမျိုး၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့လို ပြင်းထန်တဲ့ ရောဂါဝေဒနာတွေပါ ဝင်ရောက်လာနိုင်ချေရှိပါတယ်။

၇။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေမယ်။
သားသားမီးမီးတို့အနေနဲ့ ငယ်ရွယ်သေးတဲ့အချိန်မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြစ်တင်ဝေဖန်မှုတွေကို ကောင်းကောင်းခံယူနိုင်စွမ်း၊ တုံ့ပြန်နိုင်စွမ်းမရှိသေးတာကြောင့် မတော်တဆ အဲ့ဒါမျိုးတွေနဲ့ပါ ရင်ဆိုင်လာရပြီဆိုရင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တော်တော်များများက သူတို့ရဲ့ ငယ်ရွယ်စဉ်ဘဝမှာ အွန်လိုင်းပေါ်ကနေ ဒီလိုမျိုး ဝေဖန်အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို အရွယ်ရောက်မှ ထုတ်ပြောတတ်ကြတာပါ။ ဒါ့အပြင် သားသားမီးမီးတို့အနေနဲ့ အွန်လိုင်းပေါ်မှာရှိတဲ့ အခြားသူတွေဆီကနေ သူတို့လိုချင်တဲ့ အာရုံစိုက်မှုတွေ မရဘူးဆိုရင်လည်း စိတ်ကျရောဂါတွေ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်တတ်တာကြောင့် သားသားမီးမီးတို့ကို စမတ်ဖုန်းပေးသုံးတဲ့နေရာမှာ စည်းကမ်းတကျနဲ့ ခွင့်ပြုပေးသင့်တယ်လို့ ချစ်မေမေတို့ကို အကြံပေးလိုက်ရပါတယ်။

#HM

#ChitMayMay

Source: Parenting

LEAVE A REPLY

Please enter your comment!
Please enter your name here