စိတ်ဓါတ်ကျဆင်းနေတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို ကူညီဖြေရှင်းပေးဖို့ နည်းလမ်းများ

0
96
- Advertisement -

ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကလည်း လူသားတွေဘဲမို့ တခါတရံမှာ ဝမ်းနည်းစရာများ၊ ဒေါသထွက်စရာများနဲ့ ဂရုမစိုက်တတ်ခြင်းများ အစရှိတဲ့ ခံစားချက်တွေကို ခံစားတတ်ကြပါတယ်။ သူတို့ရဲ့ စိတ်ဓါတ် အတက်၊ အကျကို လွယ်လွယ်ကူကူသိရှိနိုင်တယ်ဆိုပေမယ့် တခါတလေကျ လူကြီးမိဘတွေမသိရှိအောင် ဟန်ဆောင်ဖုံးကွယ်ထားတတ်ကြတာတွေလည်း ရှိတတ်ကြတာမို့ သူတို့ရဲ့ အပြုအမူတွေ ဂရုပြုဖို့လိုအပ်ပါတယ်။ ကလေးတွေရဲ့ စိတ်ဓါတ်ကျခြင်းအခြေအနေတွေဟာ လျစ်လျူရှုမှုများကြောင့် ဝမ်းနည်းခြင်း၊ သူတို့ရဲ့ စိတ်ပါဝင်စားမှုတွေကို အသိအမှတ်မပြုခံရခြင်း၊ ချစ်မြတ်နိုးရသူတဦးဦး သေဆုံးခြင်း၊ မိဘများ ကွာရှင်းခြင်း၊ ကျောင်းပြောင်းခြင်း(သို့) ကျောင်းပညာရေးနဲ့ပတ်သတ်လို့ အလွန်အကျွံဖိအားပေးခံရခြင်း စတာတွေမှာ အခြေတည်ပြီး ဖြစ်ပေါ်တတ်ကြပါတယ်။ အဲဒီအခြေအနေတွေကို စနစ်တကျကိုင်တွယ်ခြင်းမရှိပါက စိတ်ဓါတ်ကျခြင်း(သို့) စိတ်ကျရောဂါမျိုးကိုပါ ခံစားရနိုင်ပါတယ်။

ကျောင်းမှာ အနိုင်ကျင့်ခံရခြင်း ဒါမှမဟုတ် အနှောင့်အယှက်ခံရခြင်းတွေဟာလည်း ကလေးငယ်တွေကို စိတ်ဒဏ်ရာခံစားရစေနိုင်ပါတယ်။ ဒီအကြောင်းအရာတွေဟာ သူတို့ချစ်ခင်ယုံကြည်ရသူတွေရဲ့ အကူအညီမပါဘဲ ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲတတ်ကြပြီး သူတို့ဘာသာ ကြိတ်ပြီးခံစားတတ်တာက အခြေအနေတွေကို ပိုပြီးဆိုးရွားသွားစေသလို ကလေးငယ်တွေကိုလည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်စေပါတယ်။ တိမ်မြုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ၊ အာရုံစူးစိုက်မှုဆိုင်ရာပြဿနာများ၊ စာသင်စာဖတ်ရခက်ခဲတဲ့ ဦးနှောက်ပိုင်းဆိုင်ရာချို့ယွင်းမှုများ စတာတွေကလည်း သူတို့လိုအပ်နေတဲ့ အာရုံစူးစိုက်မှုနဲ့အရင်းအမြစ်တွေကို မရရှိနိုင်သလိုဖြစ်စေတာမို့ အကျိုးဆက်အားဖြင့် ဘာရယ်မဟုတ်ဘဲ စိုးရိမ်ပူပန်တတ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အာရုံခံစားမှုဆိုင်ရာပြဿနာတွေကို ခံစားရစေခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လူကြီးမိဘတွေရဲ့ ဂရုစိုက်ခြင်းကို မခံရဘဲ စိတ်ပျက်အားငယ်စရာတွေနဲ့ တွေ့ကြုံနေရတဲ့ ကလေးငယ်တွေဟာ အလိုလိုနေရင်းဒေါသကြီးခြင်း၊ သည်းခံနိုင်မှုများလျော့နည်းလာခြင်း စတာတွေဖြစ်ပေါ်လာပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ အမှားများ၊ ရှုံးနိမ့်မှုများ၊ မကောင်းတဲ့ပြုမူပြောဆိုခြင်းများ စတာတွေကို မကိုင်တွယ်တတ်သေးတာကြောင့် မလိုလားအပ်တဲ့လမ်းကြောင်းအမှားတွေဆီကို ဦးတည်သွားမိနိုင်ပါတယ်။

- Advertisement -

စိတ်ဓါတ်ကျဆင်းနေတဲ့ ကလေးငယ်တွေရဲ့ စရိုက်လက္ခဏာများ

စိတ်ဓါတ်တွေပြိုလဲကျနေတဲ့ ကလေးငယ်တွေဟာ ပုံမှန်အပြုအမူများ၊ စိတ်နေသဘောထားများနဲ့ ကွဲထွက်ပြီး ထုံပေပေနိုင်လာခြင်း၊ အလိုလိုနေရင်းစိတ်တိုနေခြင်း၊ နေ့စဉ်လုပ်ငန်းတာဝန်တွေကိုဂရုစိုက်ခြင်း မရှိတော့တဲ့ အပြုအမူတွေကို လုပ်ဆောင်လာတတ်ကြပါတယ်။ ကလေးငယ်တွေဟာ ပြဿနာနဲ့ ဆိုးကျိုးများအပေါ်သာ အာရုံစူးစိုက်တတ်ကြပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မှုတွေမြင့်တက်လာပါတယ်။ မပျော်မရွှင်ဖြစ်လာကြပြီး မိသားစုများ၊ မိတ်ဆွေများနဲ့ သီးခြားနေခြင်း၊ အိပ်ချိန်၊ အစာစားချိန်များ ပုံမှန်မဟုတ်တော့ခြင်း၊ ခေါင်းကိုက်ခြင်း(သို့) အစာအိမ်နာခြင်းများဖြစ်ပေါ်တယ်လို့ မကြာခနပြောဆိုခြင်းများကို ပြုလုပ်တတ်ကြပါတယ်။

စိတ်ဓါတ်ကျဆင်းမှုကို ကူညီဖြေရှင်းနည်းများ

မိမိတို့ရဲ့ ကလေးငယ်တွေမှာ အဲဒီလို စရိုက်လက္ခဏာတွေ တွေ့မြင်လာရပါက လူကြီးမိဘတွေအနေနဲ့ ကလေးငယ်တွေကို စိတ်ရှည်ပေးဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ပြောဆိုတာမျိုးကိုရှောင်ရှားပြီး ယုယကြင်နာခြင်းများပေးဖို့ ကြိုးစားရပါမယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ဟပြောဖို့ တောင်းဆိုပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးဖို့လည်းလိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာလန်းဆန်းတက်ကြွမှုတွေပြန်လည်ရရှိအောင် ကိုယ်လက်လှုပ်ရှားအားကစားတခုခုကို အတူတကွလုပ်ဆောင်ပေးခြင်း၊ အတူတူကစားခြင်း၊ အဟာရရှိသောအစားအစာများကို ဂရုတစိုက်ကျွေးမွေးခြင်း၊ အချိန်မှန်အိပ်စက်ခိုင်းခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးရပါမယ်။ အပြုသဘောဆောင်တဲ့ လှုံ့ဆော်မှုတွေက သူတို့ကို ပြန်လည်ကောင်းမွန်စေရန် အကူအညီဖြစ်စေပြီး အပျက်သဘောဆောင်တဲ့ အာရုံပျံ့လွင့်ခြင်းတွေကနေ လွတ်မြောက်စေနိုင်ပါတယ်။ တကယ်လို့ ကလေးငယ်ရဲ့ စိတ်အခြေအနေတွေဟာ ပုံမှန်အနေအထားထက်ကို ဆိုးဆိုးရွားရွားနိမ့်ကျနေပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တဦးဦးရဲ့ အကူအညီကို ရယူဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here