စိတ်ဓာတ်ကြံ့ခိုင်တဲ့သားသားမီးမီးလေးတွေဖြစ်လာအောင် သင်ကြားပေးနိုင်မယ့်နည်းလမ်းများ

0
310
- Advertisement -

ချစ်မေမေတို့ဟာ သားသားမီးမီးတို့နဲ့ အများဆုံးအနီးကပ်နေရတဲ့လူပုဂ္ဂိုလ်တွေပါ။ သားသားမီးမီးတို့ရဲ့ ကျန်းမာကြံ့ခိုင်ရေးအတွက် သင့်လျော်မှန်ကန်တဲ့အစားအသောက်တွေကို ကျွေးမွေးရသလို တစ်ဖက်မှာလည်း သူတို့လေးတွေ လူ့လောကအလယ်မှာ ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့စိတ်ဓာတ်ရေးရာအပိုင်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးရပါတယ်။ ဒီအတွက် စိတ်ဓာတ်ကြံ့ခိုင်တဲ့သားသားမီးမီးလေးတွေဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးနိုင်မယ့်နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ ကိုယ်ရောစိတ်ပါဂရုစိုက်တတ်အောင် သင်ကြားပေးပါ။

ချစ်မေမေတို့အများစုက သားသားမီးမီးလေးတို့နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုနေဖို့၊ သွားတိုက်တဲ့အခါ ဘယ်လို၊ လက်ကိုဘယ်လိုဆေး၊ လေ့ကျင့်ခန်းမှန်မှန်လုပ် အစရှိသဖြင့် အများဆုံးသင်ကြားပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သင်ကြားပေးဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်လက်ကြံ့ခိုင်ဖို့အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်သန်မာဖို့ကလည်း ဦးစားပေးကိစ္စရပ်ပါ။ အဲ့ဒါကြောင့် သူတို့လေးတွေကို စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးကို သေချာသင်ကြားပေးပါ။ သားသားမီးမီးလေးတို့က ငယ်ငယ်တည်းက ငူငူငိုင်ငိုင်နဲ့နေတတ်တယ်ဆိုရင် ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကို အဖြေရှာပါ။ လိုအပ်ပါက စိတ်ရောဂါအထူးကုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

- Advertisement -

၂။ ခံစားချက်တွေကို ဖွင့်ဟတတ်ပါစေ။

လေ့လာမှုတွေအရ သားသားမီးမီးတော်တော်များများက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအစရှိသဖြင့် ပြီးဆုံးသွားချိန်မှာ တက္ကသိုလ်၊ ကောလိပ်ကိုတက်ရောက်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာအသင့်မဖြစ်သေးတာကို တွေ့ရပါတယ်။ ဒါက သူတို့ဆီမှာ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ အထီးကျန်တာမျိုးတွေဖြစ်နေလို့ပါ။ ဒီလိုဖြစ်ရတာကိုလည်း သားသားမီးမီးအများစုက ထုတ်ပြလေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်တည်းက ဒီလိုမျိုးမလုပ်ခဲ့ဖူးသလို ချစ်မေမေတို့ကလည်း ဒါနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့တာမျိုးမရှိလို့ပါ။ အဲ့ဒါကြောင့် သားသားမီးမီးတို့ရဲ့ စိတ်ထဲမှာတစ်စုံတစ်ခုကို ခံစားနေရတယ်ဆိုရင် ထုတ်မပြောတော့ဘဲ ချစ်မေမေတို့ဘက်ကလည်း သူတို့လေးတွေအပေါ် ဘာမှမကူညီနိုင်တော့ပါဘူး။ ဒါမျိုးက အရွယ်ရောက်လာလေ၊ ပိုသိသာလေ၊ ပိုမိုခံစားရလေဖြစ်တာကြောင့် ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ငယ်ငယ်တည်းက ခံစားချက်တွေထုတ်ပြောတတ်အောင် သင်ကြားပေးထားပြီး အပြန်အလှန်ကူညီနိုင်အောင် ကြိုးစားပေးပါ။

၃။ လက်တွေ့ကျကျစဥ်းစားတတ်အောင် သင်ကြားပေးပါ။

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးကို ငယ်ငယ်တည်းက စိတ်ကူးယဥ်ဆန်တဲ့အတွေးတွေနဲ့ပဲ မနစ်မျောစေဘဲ လက်တွေ့ကျတဲ့ အတွေးအမြင်တွေနဲ့ ပိုမိုအသားကျအောင် သင်ကြားပေးထားပါ။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးက လက်တွေ့ကျကျနဲ့ ရင်ဆိုင်ဖြတ်သန်းရတာဖြစ်ပြီး တစ်ချိန်လုံးစိတ်ကူးယဥ်ဆန်ဆန်တွေ လုပ်နေမယ်ဆိုရင်တော့ ဘဝမှာအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ထင်တာနဲ့မြင်တာမတူပါဘူး။ သားသားမီးမီးတို့က သူတို့ရဲ့ငယ်ရွယ်စဥ်ကာလမှာ “သင်္ချာကို ဘယ်တော့မှ နားလည်တော့မှာမဟုတ်ဘူး” လို့ ပြောလာရင် သေချာစနစ်တကျသင်ကြားပေးပြီး တကယ်တမ်းလက်တွေ့နဲ့ သူတို့ရဲ့အထင် မတူညီနိုင်ဘူးဆိုတဲ့အတွေးကို သေချာရိုက်သွင်းပေးထားဖို့ လိုအပ်ပါလိမ့်မယ်။

၄။ ချစ်မေမေတို့က စံပြပုဂ္ဂိုလ်ဖြစ်အောင်နေထိုင်ပါ။

သားသားမီးမီးတို့က သူတို့ရဲ့တစ်နေ့တာမှာ မကောင်းတာတွေကြုံလာရပြီဆိုရင် ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ သူတို့အတွက် စိတ်ပြေရာပြေကြောင်းတစ်ခုခုကို လုပ်လေ့ရှိပါတယ်။ ဥပမာ တစ်ယောက်က ကျောင်းမှာသင်ခန်းစာတစ်ခုခုလုပ်ရင်း အဆင်မပြေဖြစ်လာတာကြောင့် အိမ်ရောက်တာနဲ့ အဲ့ဒီသင်ခန်းစာကို ထပ်ခါတလဲလဲပြန်လည်လေ့ကျင့်တာမျိုး၊ တစ်ယောက်ကတော့ ကျောင်းမှာအဆင်မပြေတာကြောင့် အိမ်ပြန်ရောက်တာနဲ့ စိတ်ဆိုးလို့ငိုကြွေးတာမျိုးဆိုပြီး ကွဲပြားခြားနားတတ်ပါတယ်။ ဒါကပြဿနာတစ်ခုကို ဘယ်လိုမျိုးနည်းလမ်းနဲ့တုံ့ပြန်လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားတဲ့အရာတွေပါ။ အဲ့ဒါကြောင့် ချစ်မေမေတို့ကလည်း သူတို့ရှေ့မှာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့လာရရင် မှန်ကန်တဲ့နည်းလမ်းနဲ့တုံ့ပြန်ပြပြီး စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ်ရှိနေဖို့ လိုအပ်ပါတယ်။

၅။ ပြဿနာဖြေရှင်းတဲ့နေရာမှာ တက်ကြွစွာပူးပေါင်းပါဝင်ပါ။

သားသားမီးမီးလေးတို့ဆီမှာ ပြဿနာတစ်ခုခုဖြစ်လာရင် ချစ်မေမေတို့ကလည်း သူတို့လေးတွေနဲ့အတူတူပူးပေါင်းပြီး ပြဿနာကိုဖြေရှင်းပါ။ ဒီလိုမျိုးဖြေရှင်းတဲ့နေရာမှာ ပြဿနာအစအဆုံးကို လိုက်ပြီးဖြေရှင်းပေးတာထက် ဘယ်လိုဘယ်ပုံနဲ့ ဖြေရှင်းရမလဲဆိုတာကို သင်ကြားပေးသင့်ပါတယ်။ သူတို့တစ်ခုခုရုန်းကန်ရပြီဆိုရင် ချစ်မေမေတို့က ကူညီပေးပါ။ စိတ်ခွန်အားတွေပေးစွမ်းပါ။ ဖြေရှင်းနိုင်မယ့်နည်းလမ်းမျိုးစုံကိုပြသပေးပါနော်။


ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ကြီးပြင်းလာတာကို မြင်ရတာက ချစ်မေမေတို့အတွက် ဘာနဲ့မှအစားထိုးမရတဲ့ပီတိပဲမဟုတ်ပါလား။ အဲ့ဒါကြောင့် ချစ်မေမေတို့က အခုပြောပြပေးခဲ့တဲ့နည်းလမ်းလေးတွေနဲ့အတူ ကြံ့ခိုင်သန်မာတဲ့ သားသားမီးမီးလေးတွေဖြစ်လာအောင် ပျိုးထောင်လိုက်ကြပါနော်။

#HM

#ChitMayMay

Source: inc

LEAVE A REPLY

Please enter your comment!
Please enter your name here