မေမေတို့ကလေးဟာ ခုနေ ဝုန်းဒိုင်းကြဲပစ်ပြီး တအောင့်နေ အခန်းထောင့်မှာ စူပုပ်ပုပ်နဲ့ ထိုင်နေတာကို မြင်လို့ အံသြနေသလား? စိတ်မပူပါနဲ့။ ဒါက ကလေးအတော်များများ ဖြစ်တတ်ကြပါတယ်။ စိတ်အပြောင်းအလဲမြန်က လူကြီးတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း စိတ်ပြောင်းလွယ်လေ့ရှိပါတယ်။
ကလေးတွေဟာ သူတို့စိတ်ပျက်တာတွေကို ထုတ်မပြောနိုင်တာကြောင့် တခါတရံ စိတ်ဓါတ်ကျတတ်ကြပါတယ်။ စိတ်အပြောင်းအလဲမြန်တဲ့ ကလေးတစ်ယောက်နဲ့ ဆက်ဆံရတာက မကြာခဏ စိတ်ပျက်စရာဖြစ်ပေမယ့် မေမေတို့ ကလေးကို ဆုံးမတဲ့အခါ၊ ကိုင်တွယ်တဲ့အခါ ကြမ်းတမ်းတဲ့ ဆုံးမနည်းတွေကို ရှောင်ရှားရပါမယ်။

Child development ကျွမ်းကျင်သူများက ကလေးတွေမှာ စိတ်အပြောင်းအလဲမြန်တာက ဖြစ်လေ့ဖြစ်ထရှိပြီး တစ်ချို့ကလေးတွေဟာ သာမန်ကလေးတွေထက် ပိုပြီးစိတ်ထိခိုက်လွယ်တာကြောင့် ဖြစ်ပါတယ်။
အောက်ဖော်ပြပါဆောင်းပါးမှာ စိတ်အပြောင်းအလဲလွယ်တဲ့ ကလေးတွေကို ဘယ်လိုဆက်ဆံမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
စိတ်ပြောင်းလွယ်တဲ့ကလေးတွေကို အုပ်ထိန်းခြင်း
မေမေတို့ရဲ့ စိတ်ပြောင်းလွယ်တဲ့ ကလေးငယ်ကို ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သတ်လာရင် ဒီအခြေခံမှုလေးတွေကို မှတ်ထားပေးပါ။ ဒီအချက်တွေက အခြေအနေကို ပိုကောင်းစွာ ကိုင်တွယ်ဖို့ ကူညီပါလိမ့်မယ်။
၁။ ကလေးကို အာရုံစိုက်ပေးပါ
သင်ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ကလေးနှင့်အတူ အချိန်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေဟာ မိဘရဲ့ ဂရုစိုက်မှုဖြင့် လုံခြုံမှုရှိတယ်လို့ ခံစားရနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိဘနှစ်ယောက်စလုံးက ကလေးကို အချိန်ပေးပြီး သူတို့ခံစားနေရတဲ့ ပြဿနာတွေကို ဆွေးနွေးလမ်းညွှန်ပေးရပါမယ်။

၂။ သူ့ကိုယ်သူ ဖော်ပြခွင့်ပေးပါ
မိသားစုအိမ်ဆိုတာ နွေးနွေးထွေးထွေးရှိပြီး ကလေးအား ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ကိုယ်သူ ဖော်ပြနိုင်တဲ့ နေရာဖြစ်သင့်ပါတယ်။ တခါတရံမှာ ကလေးတွေဟာ ဘာလုပ်ရမယ်ကို မသိတာကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်တတ်ကြပါတယ်။ ကလေးတွေဟာ သူတို့ရဲ့မကျေနပ်မှုကို ပြသဖို့ မလှုပ်မယှက်နေတဲ့ အပြုအမှုကို ကျင့်သုံးတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကို ဖော်ပြခွင့်ပေးပါ၊ အာရုံစိုက်ပေးပါ။ ဒီလိုမှသာ သူ့ပြဿနာတွေကို မိဘတွေအား ပြောပြနိုင်မှာပါ။

၃။ တည်ငြိမ်ပါ
ကလေးက စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့အချိန်မှာ အလွန်အမင်း သွားမတုံ့ပြန်ပါနဲ့။ ဒီအရာက ကလေးအား မကောင်းတဲ့ အပြုအမှုကို ပြသဖို့ စွမ်းအားပိုပေးပါလိမ့်မယ်။ အကောင်းဆုံးက သူ့ကိုလျစ်လျူရှုထားပါ။ တကယ်လို့ မိဘက သူ့အပြုအမှုကို အသိအမှတ်မပြုတော့ပါက ထိုအပြုအမှုကို ရပ်တန့်သွားပါလိမ့်မယ်။
၄။ အိမ်မှာ စိတ်ဖိစီးမှုအဆင့် နည်းအောင်ထားပါ
မိဘတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုတွေကို အိမ်မှာ အနည်းဆုံးထားသင့်ပါတယ်။ ကလေးတွေဟာ စိတ်ဖိစီးမှု အများဆုံးသော အခြေအနေတွေမှာ အများဆုံး သက်အများဆုံးထိခိုက်မှုရှိပါတယ်။ အိမ်မှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချိန်တွေကြောင့် ကလေးတွေဟာ စိုးရိမ်ပူပန်မှုနှင့် စိတ်ညစ်စရာတွေ ဖြစ်လာပါတယ်။ဒေါသက ကလေးတွေကို အလွယ်တကူ စိတ်ဖိစီးစေပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ စိတ်နုတဲ့ကလေးနှင့် ဆက်ဆံတဲ့အခါ ဒေါသကို ရှောင်ကြဉ်ပါ။

၅။ သင့်လျော်တဲ့ အာဟာရတွေ ရရှိပါစေ
ကလေးကျန်းမာရေးကောင်းနေစေဖို့ လိုအပ်ပါတယ်။ သူ့မှာ မရှိမဖြစ်လိုအပ်သော အာဟာရအားလုံး ရရှိရပါမယ်။ မာတီဗီတာမင်ဖြည့်စွက်ဆေးများက သူ့ခန္ဓာကိုယ်မှာ လိုအပ်သမျှကို ရရှိစေပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီက စိတ်ကို မြှင့်တင်ပေးပါတယ်။ ငါးအဆီမှရရှိသော Essential fatty acid ကလည်း ဒီကိစ္စမှာ ထိရောက်မှုရှိနိုင်ပါတယ်။
၆။ တိုင်ကြားဖို့ အချိန်ဇယားပေးပါ
မကျေနပ်မှုတွေကို တိုင်တန်းဖို့အတွက် အထူးအချိန်ပေးပါ။ ဒီအချိန်အတွင်းမှာ သူ့ကို အနှောက်အယှက်ပေးတဲ့ ကိစ္စတွေနှင့်ပတ်သတ်ပြီး ပြောဆိုနိင်တယ်ဆိုတာ ပြောပြပေးပါ။ သူတိုင်ကြားလို့ရမယ့် ထွက်ပေါက်တစ်ခုရှိပါက သူတိုင်တောချင်တဲ့ အရာတွေကို စဉ်းစားပါလိမ့်မယ်။ ဒီနည်းလမ်းက နောက်ပိုင်းမှာ နားမခံသာအောင် ဂျီကျနေတတ်တဲ့ အလေ့အထတွေ၊ တိုင်တန်းတတ်တဲ့ သူ့အလေ့အထတွေကို လျော့နည်းသွားစေပါတယ်။

စိတ်ငယ်တဲ့ ကလေးတစ်ယောက်ကို စီမံခန့်ခွဲဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ သို့သော် မိဘတွေအနေနဲ့ သူ့ရဲ့ ဒေါသထွက် အလိုမကျဖြစ်တာကို ကိုင်တွယ်ဖို့ နည်းဗျူဟာကောင်းများကို အမြဲတမ်းဖန်တီးနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction