ဆယ်ကျော်သက်အရွယ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အကောင်းဆုံးအဆင့်ပါ။ ဒီအရွယ်ဟာ ရွှင်လန်းမှု၊ စိတ်အားထက်သန်မှု၊ ပျော်စရာနှင့် စိတ်လှုပ်ရှားမှုတွေ အများဆုံး ရရှိတဲ့ အရွယ်ပါ။ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့ ကိုယ့်ရဲ့ ကလေးကို ထိန်းသိမ်းစောင့်ရှောက်ရတာဟာ မိဘတွေအတွက် လွယ်မယောင်နဲ့ ခက်နေတတ်တဲ့ အခြေအနေပါနော်။ ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်အတွက်တော့ အရာရာတိုင်းက အသစ်အဆန်းတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို စူးစမ်းကြည့်ချင်စိတ်တဲ့ လွန်ကဲတတ်တဲ့ အရွယ်ဖြစ်တာကြောင့် ဒီအရွယ်မှာ အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်ဖို့ မိဘတွေအနေနဲ့ ဘေးကနေ စနစ်တကျ ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ တခါတလေ အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးတွေမှာ လိုတာထက်ပိုပြီး ပြဿနာများစွာ ကြုံတွေ့ရပါတယ်။ ဆယ်ကျော်သက်အရွယ်ဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပြီး သေးငယ်တဲ့ကိစ္စတွေက သူတို့အတွက် အရမ်းကြီးမားပုံရပါတယ်။ မိဘတစ်ဦးအနေနဲ့ ဆယ်ကျော်သက်မိန်းကလေးမှာ အမူအကျင့်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အကူအညီပေးဖို့ လိုအပ်ပါတယ်။
၁။ အသွင်အပြင်
ဒါက ဆယ်ကျော်သက်မိန်းကလေးတိုင်းရဲ့ ပြဿနာတွေထဲက နံပါတ်တစ် ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီအချိန်ဟာ သူမရဲ့ ခန္ဓာကိုယ်ပြောင်းလဲနေချိန်ဖြစ်ပြီး သူမရင်ဆိုင်ဖြေရှင်းရမယ့် အချိန်ဖြစ်ပါတယ်။ အပျိုဖော်ဝင်လာတဲ့ ဆယ်ကျော်သက်အရွယ်မှာ လှချင်ပချင်စိတ် ဖြစ်လာတာ အဆန်းတော့ မဟုတ်ပါဘူး။ ပိန်တာ၊ ဝတာ၊ ခန္ဓာကိုယ်အချိုးအစားမကျတာတွေနှင့်အတူ ရွယ်တူချင်းနှိုင်းယှဉ်မှုတွေကို အကြီးအကျယ် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်သမီးငယ်ရဲ့ ကျန်းမာရေး၊ အလှအပနှင့် သူတို့ရဲ့ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပေးပါ။ ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အစာတွေ မစားစေဖို့ သတိပြုပေးပါ။

၂။ ပညာရေး
ဒီအချိန်က သင့်ရဲ့ ဆယ်ကျော်သက်သမီးငယ်ဟာ အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲတွေ၊ အခြားပညာရေးဆိုင်ရာရှေ့တန်းတွေမှာ ကောင်းမွန်စွာ လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ရဲ့ အရည်အချင်းကို သက်သေပြရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအရာက ငယ်ရွယ်တဲ့ မိန်းကလေးအပေါ်မှာ ကြီးမားတဲ့ ဝန်ကို ဖြစ်စေပြီး စိတ်ဖိစီးမှုနှင့် မလိုအပ်တဲ့ ဖိအားကို ဖြစ်စေပါတယ်။ မေမေတို့ရဲ့ ဆယ်ကျော်သက်သမီးငယ်ကို စာကောင်းကောင်း သင်ယူသင့်ပြီး အမှတ်ကောင်းကောင်း ရသင့်တယ်ဆိုတာ နားလည်စေပါ။ သူမနှစ်သက်တဲ့ သင်ရိုးပြင်ပလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ အားပေးပါ။ ဒါက သူမရဲ့ အာရုံစူးစိုက်မှုနှင့် အာရုံစိုက်နိုင်စွမ်းကို တည်ဆောက်ရာမှာ relax ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။
၃။ အချစ်ရေး
ဆယ်ကျော်သက်အရွယ်ဟာ စိတ်ကစားတတ်တဲ့အရွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအရွယ်မှာ သူတို့လေးတွေ သိသင့်သိထိုက်တာတွေကို ပြောပြထားဖို့ လိုပါတယ်။ သူမရဲ့ အချစ်ရေးကို မိဘတွေအနေနဲ့ အမြဲတမ်းမထိန်းချုပ်ထားနိုင်တာကြောင့် မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးနှင့် ပတ်သတ်တဲ့ information တွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုအပ်ပြီး သူမနဲ့ ဆွေးနွေးနိုင်ပါတယ်။ ဒါက မပြောအပ်တဲ့အရာ မဟုတ်ပါဘူး။

၄။ အနိုင်ကျင့်ခံရခြင်း
အနိုင်ကျင့်ခံရခြင်းဟာ ဆယ်ကျော်သက်မိန်းကလေးတစ်ချို့ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမှုကို သက်ရောက်မှု ရှိစေပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ဆယ်ကျော်သက်သမီးဖြစ်သူကို အရာရာတိုင်း ဆွေးနွေးခွင့်ပေးပါ။ သူမအနိုင်ကျင့်ခံရတယ်လို့ ခံစားရပါက ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ အကြံပေးပါ။

၅။ Self-Esteem
ဆယ်ကျော်သက်မိန်းကလေးတွေဟာ သူတို့ကိုယ်ခန္ဓာနှင့် အသွင်အပြင်ကို သက်တူရွယ်တူ မိန်းကလေးတွေနဲ့ နှိုင်းယှဉ်လေ့ရှိပါတယ်။ ဒါက သူတို့မသိစိတ်ထဲမှာ ဖိအားတစ်ခု ဖြစ်စေပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက်မတူကြောင်း၊ လူတိုင်းက ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ပေမယ့် လူတိုင်းမှာ ပင်ကိုအလှကိုယ်စီရှိကြောင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ။ သူမဝါသနာပါတဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့နှင့် သူမရဲ့ ကျွမ်းကျင်မှုကို အချိန်ပေးပြီးလုပ်ဖို့ အားပေးပါ။

၆။ မူးယစ်ဆေးဝါးသုံးခြငး
ယနေ့ကမ္ဘာတစ်ဝှမ်းက ဆယ်ကျော်သက်တွေ၊ မိန်းကလေးနှင့် ယောကျ်ားလေးတွေ ရင်ဆိုင်ရတဲ့ အဓိကပြဿနာဖြစ်ပါတယ်။ ဒီကိစ္စအများစုဟာ ရွယ်တူချင်းဖိအားပေးပြီး ဒီအန္တရာယ်ရှိတဲ့ အလေ့အထကို မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေဟာ စိတ်ဖိစီးမှုတွေ သက်သာစေဖို့၊ လုံခြုံမှုခံစားရစေဖို့ဆိုပြီး မူးယစ်ဆေးသုံးစွဲတာမျိုးတွေရှိပါတယ်။ သမီးဖြစ်သူကို မကောင်းသော ဘေးထွက်ဆိုးကျိုးများနှင့် သုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို ပြောပြပါ။
၇။ ရာသီလာခြင်း
မေမေတို့အနေနဲ့ သမီးဖြစ်သူကို အပျိုဖော်ဝင်ချိန်မှာ ရာသီလာခြင်းနှင့် ပတ်သတ်တဲ့ ဗဟုသုတတွေပြောပြဖို့ လိုအပ်ပါတယ်။ တစ်ချို့မိခင်တွေက ဒီကိစ္စတွေမပြောကြတာကြောင့် သူမအတွက် ဒီကိစ္စဟာ အယူအဆမှားတွေနဲ့ စိတ်ရှုပ်စရာအကောင်းဆုံး ဖြစ်သွားနိုင်ပါတယ်။
ဒီလုပ်ငန်းစဉ်က သဘာဝဖြစ်တယ်ဆိုတာ သူမကို လက်ခံစေပါ။ မိန်းကလေးတိုင်းက ဘဝမှာ ဒီအရာကို ဘယ်လိုဖြတ်သန်းရကြောင်းနှင့် ဒါက သာမန်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောပြပါ။ အရေးပေါ်အခြေအနေတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ပေးပါ။
သူမရဲ့အိတ်ထဲမှာ အတွင်းခံအဝတ်အစားအပို နှင့် လစဉ်သုံးပစ္စည်းတွေ အမြဲသယ်ဆောင်သွားဖို့ ပြောပါ။ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာတွေရှိပါက ဆေးအနည်းငယ်ဆောင်ထားပေးရပါမယ်။
၈။ စိတ်ဓါတ်ကျခြင်း
ဆယ်ကျော်သက်မိန်းကလေးတွေဟာ စိတ်ဓါတ်ကျခြင်းကို ဘယ်အချိန်မဆို ကြုံရနိုင်ပါတယ်။ သူတို့ဖြစ်ချင်တာ ဖြစ်မလာတဲ့အခါ၊ သူတို့ရွယ်တူချင်း သတ်မှတ်ထားတဲ့ စံညွှန်းနှင့် မကိုက်ညီတဲ့အခါ ဖိအားပေးသလို ခံစားရပြီး Depression ဝင်နိုင်ပါတယ်။ စာမေးပွဲ အဆင့်ကျခြင်း၊ မိဘတွေရဲ့ မျှော်လင့်ချက် မြင့်မားခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ စတာတွေက ဆယ်ကျော်သက်မိန်းကလေးတွေကို စိတ်ကျရောဂါ ဖြစ်စေတဲ့ အချက်တွေဖြစ်ပါတယ်။

မေမေတို့ရဲ့ ဆယ်ကျော်သက်သမီးငယ်ကို စိတ်ဓါတ်ကျနေတဲ့ လက္ခဏာ ရှိ/မရှိ ရှာပါ။ သူမလုပ်နေတဲ့ အရာရာတိုင်းမှာ စိတ်ဝင်စားမှု ရုတ်တရက်ပျောက်ဆုံးတယ်လို့ ထင်ရင် အဲ့ဒီအကြောင်းနှင့်ပတ်သတ်ပြီး မေးမြန်းပါ။ အလွန်အမင်းအိပ်ချင်တာ (သို့) အိပ်ရေးမဝတာတွေက စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ မေမေတို့ရဲ့ ဆယ်ကျော်သက်သမီးငယ်လေး ဘာတွေကြုံတွေ့နေရတယ်ဆိုတာကို သတိပြုမိစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်းဖြစ်ပါတယ်။
Chit_MayMay
LM_Nandar
Source- momjunction