ဆယ်ကျော်သက်လူငယ်တွေကို သင်ကြားပေးသင့်တဲ့ ဘဝသင်ခန်းစာ ၅ ခု

0
183
- Advertisement -

ဘဝဆိုတာ ခက်ခဲတဲ့ခရီးလမ်းတခုဘဲဖြစ်ပါတယ်။ အသက်ကြီးလာလေ ကိုယ့်ရဲ့ မိုက်မဲမှုတွေကို ပိုလို့သိမြင်လာရလေပါဘဲ။ ဒါပေမယ့် ပြန်လည်ပြင်ဆင်နိုင်ခွင့်ကတော့ မရရှိနိုင်ကြတော့ပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့သားသမီးတွေကို အချိန်မလွန်ခင်မှာ ပြင်ဆင်နိုင်ဖို့၊ နောင်တတရားတွေနဲ့ ရှင်သန်မနေရစေဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ သင်ကြားပေးပါ

သူတို့ရဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေနဲ့ အတွေးတွေသည် ကိုယ့်ကိုယ်ကို လေးစားမှုရှိဖို့အတွက် အခြေခံတွေဘဲဖြစ်ပါတယ်။ နောင်တချိန်ကြီးပြင်းလာချိန်မှာ သူတို့ရဲ့အနာဂတ်ဘဝကို အကောင်းဆုံးဖြစ်စေနိုင်ဖို့အတွက်ဆို သူတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးဖို့က အရေးကြီးပါတယ်။ တချို့သောကိစ္စတွေမှာ မိမိရဲ့ ဆယ်ကျော်သက်သားသမီးတွေကို လုပ်ပိုင်ခွင့်ပေးတဲ့အခါ သူတို့ရဲ့ ဘဝမှာကြုံတွေ့လာရနိုင်တဲ့ ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့စွမ်းအားတွေနဲ့ အတွေ့အကြုံကောင်းတွေကို ရရှိလာစေနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ သားသမီးတွေကို အမြဲတမ်းချုပ်ကိုင်မထားဘဲ လုပ်သင့်တာ၊ လုပ်ချင်တာမျိုးကို အတတ်နိုင်ဆုံးလိုက်လျောပေးဖို့လိုပါတယ်။

သူတို့ရဲ့ ဝါသနာနဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခွင့်ပေးပါ

ဒီနေ့ခေတ်မှာ လူအများစုဟာ ငွေကြေးချမ်းသာမှုနဲ့ ပစ္စည်းဥစ္စာတွေနောက်ကိုသာလိုက်နေကြပါတယ်။ လက်တွေ့ဘဝမှာ ငွေကြေးချမ်းသာမှုဆိုတာ အရေးပါပေမယ့် ကိုယ့်ရဲ့ဝါသနာကိုအရင်းတည်ပြီး လုပ်ကိုင်ရတာမျိုးက အောင်မြင်မှုတွေနဲ့ ပိုပြီးနီးစပ်မှုရှိစေပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခွင့်နဲ့ တစိုက်မတ်မတ်လျောက်လှမ်းနိုင်ဖို့ ကူညီထောက်ပံ့မှုတွေပေးဖို့လိုအပ်ပါတယ်။ Comfort zone ကနေရုန်းထွက်နိုင်တဲ့ သတ္တိမျိုးတွေကို မွေးမြူနိုင်ဖို့လည်း
သင်ကြားပေးရပါမယ်။ ဘဝဆိုတာ ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်ချင်မှ ဖြစ်လာတတ်တာမို့ အခက်အခဲတွေကို ကြုံတွေ့ရတဲ့အခါ စိတ်ဓါတ်မကျဖို့နဲ့ ပြန်လည်ရုန်းထနိုင်တဲ့ စိတ်စွမ်းအားတွေရှိနိုင်ဖို့ကိုလည်း သင်ကြားပေးရပါမယ်။

လက်ရှိဘဝကို တန်ဖိုးထားတတ်စေဖို့ သင်ကြားပေးပါ

အရွယ်ရောက်သူတော်တော်များများသည် ကုန်လွန်ခဲ့သောအတိတ်ကာလမျိုးမှာသာ နေထိုင်တတ်ကြပြီး အနာဂတ်ဘဝအတွက် စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဘဝဆိုတာ အတိတ်ကိုသာ တမ်းတလွမ်းဆွေးနေပြီး ဖြစ်မလာသေးတဲ့အနာဂတ်ကို စိုးရိမ်ပူပန်နေရမှာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့ မိမိတို့ရဲ့ သားသမီးတွေကို လက်ရှိပစ္စုပ္ပန်မှာသာ နေထိုင်တတ်အောင်သင်ကြားပေးရပါမယ်။ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေဖို့၊ အသက်ရှင်နေထိုင်ရခြင်းရဲ့ တန်ဖိုးကို သိနားလည်စေဖို့ကိုလည်း အလေးအနက်ထားသင်ကြားပေးရပါမယ်။ မှားယွင်းခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ဘဝရဲ့အောင်မြင်မှုတွေကို ဆွတ်ခူးယူနိုင်စေဖို့က အရေးကြီးပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင်သင်ကြားပေးပါ

ယနေ့လို နည်းပညာခေတ်ကြီးထဲမှာ စမတ်ဖုန်း၊တက်ဘလက် အစရှိတာတွေဟာ လူမှုဆက်ဆံရေးအတွက် အဓိကဆက်သွယ်ရေးပုံစံမျိုးဖြစ်နေပြီး ဆယ်ကျော်သက်အများစုသည် စမတ်ဖုန်း၊ တက်ဘလက် အစရှိတာတွေနဲ့သာ အချိန်ကုန်ဆုံးနေကြပါတယ်။ ဒီအချက်သည် လူမှုဆက်ဆံရေးကို ထိခိုက်မှုဖြစ်စေပြီး ရင်းနီးကျွမ်းဝင်တဲ့ဆက်ဆံရေးဖြစ်လာနိုင်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ သားသမီးတွေကို ပြင်ပလူမှုဆက်ဆံရေးရဲ့ အရေးပါပုံကို ပြောပြပေးရပါမယ်။ လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူတွေသည် မိတ်ဆွေအသိအကျွမ်းများပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပြားခြင်း၊ လိုအပ်တဲ့အချိန်မျိုးမှာ ကူညီထောက်ပံ့မှုများရရှိနိုင်ခြင်း အစရှိတဲ့ အကျိုးရလဒ်တွေကို ရရှိနိုင်တာမို့ လူမှုဆက်ဆံရေးကောင်းမွန်မှုရှိစေဖို့ကိုလည်း အလေးအနက်ထားသင်ကြားပေးဖို့လိုအပ်ပါတယ်။

အကောင်းမြင်တဲ့ အတွေးအခေါ်မျိုးရှိစေပါ

ဘဝဆိုတာ အတက်အကျများစွာရှိပါတယ်။ ကိုယ်မျှော်လင့်ထားသမျှဆုံးရှုံးသွားနိုင်သလို ကြိုးစားထားသမျှ ဘာတခုမှပြန်မရနိုင်တာမျိုးတွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ အပြုသဘောဆောင်တဲ့အပြုအမူများ၊ ဘဝကို အကောင်းမြင်တတ်သော စိတ်ဓါတ်ရေးရာများ စတာတွေဟာ အလွန်အရေးပါပါတယ်။ လက်လျော့အရှုံးပေးတယ်ဆိုတာမျိုးက လွယ်ကူပေမယ့် ကြိုးစားရုန်းကန်ပြီး ရှင်သန်ခြင်းသည်သာ ဘဝရဲ့ စစ်မှန်တဲ့တန်ဖိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ သားသမီးတွေကို အပြုသဘောဆောင်တဲ့ စိတ်ဓါတ်များ၊ အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်ဓါတ်များရှိနေစေဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ တွေ့ကြုံလာသမျှ လောကဓံကို လက်လျော့အရှုံးမပေးဘဲ အောင်မြင်မှုကို ရရှိအောင်စွမ်းဆောင်နိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- momjuction

LEAVE A REPLY

Please enter your comment!
Please enter your name here