ဆယ်ကျော်သက်လူငယ်တွေ ပြုမူတတ်ကြတဲ့ စရိုက်လက္ခဏာများ

0
219
- Advertisement -

အချို့ မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်ကလေးငယ်တွေဟာ လူကြီးမိဘတွေရဲ့ ဆိုဆုံးမစကားတွေကို နာခံလိုခြင်းမရှိတော့ဘဲမထီမဲ့မြင်အပြုအမူတွေကို ပြုမူပြောဆိုလာတတ်ကြပါတယ်။ အဲဒီလိုကလေးငယ်တွေကို မှန်ကန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ဆိုဆုံးမခြင်းမရှိပါက သူတို့ရဲ့ အနာဂတ်လမ်းကြောင်းဟာ လွဲမှားတဲ့ဘက်ကိုရောက်ရှိသွားတတ်ကြပါတယ်။ ဒါကြောင့်မို့ မြီးကောင်ပေါက်အရွယ်မှာဖြစ်တတ်တဲ့ လွဲမှားတဲ့ စရိုက်လက္ခဏာတွေနဲ့ စိတ်နေစိတ်ထားတွေကို မိဘတွေ သတိပြုမိနိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။

တယောက်ထဲသီးသန့်နေလိုခြင်း

မိဘတော်တော်များများက ဒီလိုအပြုအမူဟာ ပြဿနာတခုမဟုတ်ဘူးလို့ ထင်မှတ်တတ်ကြပါတယ်။ ပုံမှန်စိတ်အခြေအနေရှိတယ်ဆိုရင်တော့ ဒါဟာသူ့ဘာသာ သီးသန့်နေလိုတဲ့သဘောမို့ လွှတ်ထားပေးဖို့ဖြစ်နိုင်ပေမယ့်လည်း စိတ်ဓါတ်ကျခြင်း(သို့) စိတ်ကျဝေဒနာကို ခံစားနေရတဲ့ ကလေးဆိုရင်တော့ တယောက်ထဲနေလေ စိတ်အခြေအနေတွေက ပိုပြီးဆိုးရွားလာလေဖြစ်တတ်ကြတာမို့ မိမိတို့ သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း လေ့လာဖို့လိုအပ်ပါတယ်။

- Advertisement -

စိတ်အပြောင်းအလဲမြန်ခြင်း

ဒါဟာ ဆယ်ကျော်သက်အရွယ်တွေ နောက်ထပ်အဖြစ်များတဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။ ဒီလိုစိတ်အပြောင်းအလဲမြန်တဲ့ ဖြစ်ရပ်တွေရဲ့ အဓိကတရားခံကတော့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်လွယ်စေတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဘဲဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သူတို့ဟာ မိဘတွေရဲ့ မေတ္တာကို တန်ဖိုးမထားတဲ့အမူအရာများ၊ ထိလွယ်ရှလွယ်တဲ့ စိတ်ပိုင်းဆိုင်ရာအနေအထားများ၊ ဆိုဆုံးမမှုများကို ခွန်းတုန့်ပြန်ခြင်းများ စတဲ့အပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်။ မိဘတွေအနေနဲ့ သူတို့ရဲ့ အခြေခံစိတ်ရှုပ်ထွေးမှုတွေကို နားလည်ပေးဖို့လိုအပ်ပေမယ့် လုပ်ချင်တာလုပ်ခွင့်ပေးတာမျိုးကိုတော့ ခွင့်ပြုမပေးသင့်ပါဘူး။ သူတို့အသက်အရွယ်နဲ့ မသင့်တော်တဲ့ လုပ်ရပ်တွေကို စည်မျဉ်းစည်းကမ်းမျာ းသေချာချမှတ်ထားပြီး စနစ်တကျထိန်းချုပ်မှုများပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။

တရင်းတနှီး ပြောဆိုဆက်ဆံမှုများ လျော့နည်းသွားခြင်း

ငယ်စဉ်ကလေးဘဝက မိဘတွေနဲ့ တရင်းတနှီးပြောဆိုဆက်ဆံမှုများရှိခဲ့သလောက် ဆယ်ကျော်သက်အရွယ်မှာတော့ အဲဒီလိုအခြေအနေတွေ လျော့ပါးသွားနိုင်ပါတယ်။ မိဘအများစုက အဲဒီလိုအခြေအနေကို ပုံမှန်မဟုတ်ဟု ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ အချိန်များစွာဖြုန်းခြင်းစတာတွေဟာ ဆယ်ကျော်သက်အရွယ်မှာဖြစ်တတ်ကြတဲ့ အနေအထားမျိုးဘဲဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဘဲ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို စတင်ချဲ့ထွင်တာဟာ ပုံမှန်လို့ဆိုလို့ရပေမယ့် မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်တဲ့ ပစ္စည်းဥစ္စာအလွဲသုံးစားမှု၊ ဂိုဏ်းဖွဲ့ဆိုးသွမ်းမှုမျိုးနဲ့ မရည်ရွယ်ဘဲ အိမ်ထောင်ကျခြင်း၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရခြင်း
စတဲ့ ပြဿနာတွေကို မကြုံတွေ့ရစေဖို့အတွက် မသိမသာစောင့်ကြည့်မှုများ၊ လိင်မှုဆိုင်ရာပညာပေးမှုများလည်း သင်ကြားထားပေးသင့်ပါတယ်။

လွတ်လွတ်လပ်လပ်နေလိုခြင်း

ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့ကိုယ်သူတို့ အရွယ်ရောက်ပြီးသား လူကြီးတယောက်လို့မှတ်ယူပြီး ထင်မြင်ပြုမူပြောဆိုတတ်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာချမှတ်ချင်ကြပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရှိနေချိန်မျိုးမှာ မိဘတွေက ကလေးငယ်တယောက်လို ပြောဆိုဆက်ဆံတာမျိုးကို ရှက်ရွံ့တတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ မိဘတွေအနေနဲ့ နားလည်မှုပေးဖို့လိုအပ်ပြီး သူတို့ကို တတ်နိုင်သလောက်ယုံကြည်စိတ်ချမှုမျိုးထားရှိပေးသင့်ပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ ဝါသနာတွေကိုလည်း ထောက်ပံ့မှုတွေပြုလုပ်ပေးဖို့လိုအပ်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှုရှိအောင်၊ ရဲတင်းမှုရှိအောင် လေ့ကျင့်သင်ကြားပေးရပါမယ်။

ငြင်းဆိုတတ်လာခြင်း

မြီးကောင်ပေါက်အရွယ်မှာ ပိုပြီးလွတ်လွတ်လပ်လပ်နေချင်လာကြပါတယ်။ မိသားစုနဲ့ အတူတကွအလည်အပတ်သွားခြင်း၊
ခရီးထွက်ခြင်းတို့ထက် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနဲ့သာ နေလိုကြပါတယ်။ မိဘတွေရဲ့ တောင်းဆိုမှုတွေ၊ အမိန့်ပေးမှုတွေကိုလည်း ငြင်းဆိုတတ်လာကြပါတယ်။ အဲဒီလို ငြင်းဆိုမှုတွေကို တွေ့ကြုံလာရချိန်မျိုးမှာ မိဘတွေအနေနဲ့ နားလည်မှုပေးဖို့ လိုအပ်ပြီး ဒေါသတကြီးမဆက်ဆံဖို့နဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here