အတွေးအမြင်ကွာဟမှုသည် ဆယ်ကျော်သက်သားသမီးများနှင့် မိဘတွေကြား ပြသနာအားလုံးရဲ့ အရင်းမြစ်ဘဲဖြစ်ပါတယ်။ ဒီပြသနာတွေနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ အုပ်ထိန်းမှုများကသာ ဆယ်ကျော်သက်သားသမီးများကို ရင့်ကျက်စေနိုင်ပါတယ်။
အကြံပေးစကားတွေက အရေးမကြီးသလိုဖြစ်လာတယ်

အကြံပေးတာတွေကို ငြင်းဆန်လာတယ်။ အမူအရာအပြောအဆိုတွေ ကြမ်းတမ်းလာတယ်။ ဒါကို မိဘတွေအနေနဲ့ အတင်းအကြပ်ဖိအားပေးပြီး ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်မယ်ဆိုရင် ပြသနာတွေက ပိုလို့ဆိုးဝါးသွားနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့နည်းလမ်းကတော့ အကြံပေးစကားတွေ ငြင်းဆန်တာမျိုးတွေကို လက်ခံလိုက်ပါ။ သူ့အတွေးနဲ့သူလုပ်ဆောင်နေတာတွေကို စိတ်ပျက်မနေဘဲ သူအမှားအယွင်းရှိနေရင်တောင် အင်အားသုံးပြီး အပြစ်ပေးတာမျိုးမလုပ်ပါနဲ့။ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးအဖြေရှာတာမျိုးကိုဘဲ လုပ်ဆောင်သင့်ပါတယ်။
သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ဝင်မနှောက်ယှက်ပါနဲ့

ကလေးတွေငယ်စဉ်ကတော့ မိဘတွေအပေါ်အရာရာမှီခိုပေမယ့် ဆယ်ကျော်သက်အရွယ်မှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချဖို့လိုအပ်ပါတယ်။ အဝတ်အထည်အသုံးအဆောင်ပစ္စည်းတွေကအစ လူမှုဆက်ဆံရေးနယ်ပယ်အဆုံး သူတို့စိတ်ကူး၊ သူတို့ဆုံးဖြတ်ချက်တွေနဲ့သာ ပြုလုပ်လိုလာပါတယ်။ ဒါကို အစပိုင်းမှာ လက်ခံဖို့ခက်ခဲပေမယ့် မိဘတွေကိုယ်တိုင်လည်း ဒီလိုအရွယ်မှာ ကိုယ့်စိတ်ကူးအတွေးနဲ့ ကိုယ်ပိုင်ဘဝကိုတည်ဆောက်ဖို့ အစပျိုးခဲ့တာကို သတိရစေချင်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို လက်ခံပြီး သူတို့ရဲ့လိုအပ်ချက်တွေ၊ မှားယွင်းမှုတွေကို သူငယ်ချင်းတစ်ယောက်လို မေးမြန်းစုံစမ်းပြီး ယုံကြည်အားကိုးတိုင်ပင်စေတာမျိုးကသာ ပြသနာကိုအဖြေရှာနိုင်ပါလိမ့်မယ်။
ဆယ်ကျော်သက်အရွယ်မှာ ဝါသနာအသစ်တွေရှိလာပါလိမ့်မယ်

ဆယ်ကျော်သက်အရွယ်မှာ ညဘက်အပြင်ထွက်လည်တာတို့၊ ဘီယာ၊ အရက်စတာတွေကို စမ်းသုံးကြည့်ဖို့ လုပ်ဆောင်တာမျိုးတွေရှိပါလိမ့်မယ်။ ဒါတွေကိုဖြေရှင်းဖို့အတွက်ကတော့ အတင်းအကြပ်ဖိအားပေးပြီး မထိန်းချုပ်ဖို့ပါဘဲ။ သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်းချမှတ်ပေးဖို့လိုပါလိမ့်မယ်။ ညဘက်အပြင်ထွက်တာကို ခွင့်ပြုပေးပြီး ဘယ်အချိန်မှာပြန်လာရမယ်ဆိုတာမျိုးကို သေချာနားလည်သဘောပေါက်အောင်ပြောပြထားဖို့လိုပါလိမ့်မယ်။ အရက်၊ ဘီယာစတာတွေကိုလည်း သောက်သုံးဖို့ အရွယ်မရောက်သေးတာကြောင့် မသောက်သုံးသင့်သေးကြောင်းနဲ့ လူငယ်ဘဝမှာ ကောင်းမွန်တဲ့ ပျော်ရွှင်ခြင်းများနဲ့သာ ပျော်ရွှင်စေလိုကြောင်းကို နားလည်သဘောပေါက်အောင် သေချာပြောပြထားသင့်ပါတယ်။
ဆယ်ကျော်သက်အရွယ်တွေက မိဘတွေထားရှိတဲ့ မျှော်လင့်ချက်ကို မမြင်နိုင်ကြပါဘူး

မိဘတွေဖြစ်စေချင်တာတမျိုး၊ သားသမီးတွေဖြစ်နေတာက တမျိုး စတာတွေကနည်းနည်းတော့ရှုပ်ထွေးနေပါလိမ့်မယ်။ သားသမီးတွေကို မိဘတွေရဲ့ ဖြစ်စေချင်တာမျိုးကိုပြောပြပြီး သူတို့လုပ်ချင်တာကို တားဆီးတာက ပြသနာကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက်တော့ သားသမီးတွေ ဖြစ်ချင်တာက လုံးဝမှားယွင်းတဲ့ လမ်းကြောင်းပေါ်မှာ မဟုတ်ဘူးဆိုရင် စောင့်ကြည့်လက်ခံပေးတာက ပိုပြီးအဆင်ပြေပါလိမ့်မယ်။ သူတို့ရဲ့ အရည်အချင်းနဲ့ သူတို့လုပ်ချင်တဲ့အလုပ်ကို ရွေးချယ်တာက သူတို့ကို အောင်မြင်တဲ့သူတွေပိုလို့ ဖြစ်စေနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်မျိုးတွေဆိုတာက စိတ်အပြောင်းအလဲမြန်တတ်တဲ့ သဘောရှိပါတယ်။ ဒါကို နားလည်ပေးပြီး စိတ်ရှည်မှုရှိစွာနဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ပြင်ဆင်ထားပါက ဆယ်ကျော်သက်အရွယ်သားသမီးများနဲ့ မိဘတွေရဲ့ကြား ဖြစ်တတ်တဲ့ ပြသနာမျိုးတွေကို ရှောင်ရှားနိုင်ဖို့ အခွင့်အလမ်းတွေ ပိုပြီးကောင်းလာနိုင်ပါတယ်။ ဒါကြောင့်မို့ ချစ်တာက နှစ်တာမျိုးမဖြစ်ရအောင် မိဘနဲ့ သားသမီး ဖြစ်ချင်တဲ့ ဆန္ဒတွေကို ညှိယူတာမျိုးက အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ အကြံဉာဏ်ပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- momjunction
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။