ဆယ်ကျော်သက်အရွယ်သားသမီးတွေရဲ့ စရိုက်လက္ခဏာတွေကို အတိအကျသိနိုင်ဖို့ဆိုတာခက်ခဲပါတယ်။ ဒါကြောင့်မို့ မိဘနဲ့ သားသမီးတွေဟာ ဆက်သွယ်ပြောဆိုရခက်ခဲတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရတာဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ကိုယ့်ရဲ့ ဆယ်ကျော်သက်အရွယ်သားသမီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနိုင်ဖို့အတွက် အသုံးပြုလို့ရတဲ့ အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူငယ်ချင်းတယောက်လို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြောဆိုလို့ရတာကို သိစေပါ
မိဘတယောက်အနေနဲ့ မိသားစုကိစ္စ၊ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စ အစရှိတာတွေနဲ့ အလုပ်ရှုပ်နေရပေမယ့်လည်း သူတို့ရင်ဖွင့်ပြောဆိုတိုင်ပင်ချင်တဲ့အခါမျိုးမှာ အမြဲတမ်းအဆင်သင့်ရှိနေတယ်ဆိုတာမျိုးကို ပြောပြထားပေးပါ။ လိုအပ်ပါက သူငယ်ချင်းကောင်းတယောက်လို နားလည်ပေးဖို့၊ ရိုးသားပေးဖို့နဲ့ လေးစားပေးဖို့ပါ အဆင့်သင့်ရှိနေပြီး ဘယ်လိုအနေအထားဘဲဖြစ်ပါစေ၊ ဘယ်လိုအကြောင်းအရာမျိုးတွေဘဲဖြစ်ပါစေ ဆွေးနွေးတိုင်ပင်လို့ရကြောင်းကို သိစေထားတာက မိဘနဲ့သားသမီး ကောင်းမွန်တဲ့ ဆက်ဆံရေးအခြေအနေတွေကို ဖြစ်ပေါ်လာစေပါတယ်။
၂။ သူတို့ရဲ့ စကားတွေ၊ ကိစ္စဝိစ္စတွေကို စိတ်ဝင်စားမှုရှိကြောင်းပြပါ
သူတို့ရဲ့ ကြောက်ရွံ့မှုတွေ၊ စိတ်ဝင်စားမှုတွေ၊ ခံစားချက်တွေနဲ့ ဖြစ်လိုတဲ့ဆန္ဒတွေကို ပြောပြနေချိန်မျိုးမှာ တိတ်တဆိတ်နေပြီး စိတ်ဝင်တစားနားစိုက်ထောင်ပေးပါ။ အပြန်အလှန်ပြောဆိုတိုင်ပင်ဆွေးနွေးမှုပုံစံမျိုးကိုသာ ဦးတည်ပြီး လိုအပ်တဲ့ဝေဖန်မှုတွေ၊ အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေကို ထောက်ပြပေးတာက သူတို့အတွက်ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်လာစေတဲ့အပြင် မိဘနဲ့သားသမီးကြား ရင်းနှီးတဲ့ဆက်ဆံရေးတွေကိုပါ တိုးတက်လာစေနိုင်ပါတယ်။
၃။ ယုံကြည်မှုကိုတည်ဆောက်ပါ
ဆယ်ကျော်သက်တဦးနဲ့ ကောင်းမွန်တဲ့ဆက်သွယ်မှုတခုဖြစ်ဖို့အတွက် အရေးကြီးတဲ့ သော့ချက်တခုက ယုံကြည်မှုဘဲဖြစ်ပါတယ်။ ဘယ်လိုအရာမျိုးကိုမဆို အမှန်အတိုင်းပြောဆိုဖို့နဲ့ အဲဒီလိုပြောဆိုတာဟာ ရှက်စရာမဟုတ်ဘဲ မိဘတွေကို အမှန်အတိုင်းဖွင့်ဟပြောဆိုတာက သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အကောင်းမွန်ဆုံးဖြစ်ပြီး အမှန်အတိုင်းပြောဆိုမှသာ ဖြစ်လာသမျှပြဿနာတွေကို လိုအပ်သလိုကူညီနိုင်လိမ့်မည်ဖြစ်ကြောင်းပြောပြထားပေးပါ။ ဒါ့အပြင် ဆယ်ကျော်သက်သားသမီးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမျိုးမှာ လောကကို သူတို့ရှုမြင်ပုံမျိုးနဲ့ ပြောဆိုဆက်ဆံတာက ရင်းနှီးတဲ့ဆက်ဆံရေးတွေ ပိုပြီးဖြစ်ပေါ်လာစေနိုင်ပါတယ်။

၄။ သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို လက်ခံပေးပါ
ကိုယ့်သားသမီးတွေရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို မကြိုက်နှစ်သက်ဘူးဆိုရင်တောင်မှ အသိအမှတ်ပြုလက်ခံပေးပြီး မကြိုက်တဲ့အချက်အလက်တွေနဲ့ မလုပ်သင့်တဲ့ ကိစ္စတွေကို လက်ခံလာအောင် စည်းရုံးသိမ်းသွင်းဖို့လိုပါတယ်။ သူတို့ရဲ့ အပေါင်းအသင်းသူငယ်ချင်းတွေအကြောင်း နစ်နစ်နာနာပြောဆိုတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ တရင်းတနှီးဖြစ်တာက ဆိုးရွားတဲ့ကိစ္စမျိုးတွေကို တားဆီးပေးနိုင်သလို ကောင်းမွန်တဲ့ အကြံဉာဏ်တွေနဲ့ လမ်းညွှန်ပြသမှုတွေပြုလုပ်ပေးနိုင်တာကြောင့် သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေး ရင်းနှီးခင်မင်မှုတွေကို အလိမ္မာရှိရှိ အသုံးချတတ်ဖို့လည်းလိုအပ်ပါတယ်။
၅။ သူတို့ရဲ့ ခံစားချက်တွေကို တန်ဖိုးထားပေးပါ
ဆယ်ကျော်သက်အရွယ်မှာ နှလုံးသားရေးရာကိစ္စမျိုးတွေကို စတင်တွေ့ကြုံလာရပါပြီ။ ဒီအခါမှာ မိဘတွေအနေနဲ့ သူတို့ရဲ့ဆက်ဆံရေးကို သဘောမတူပါက ကြမ်းတမ်းတဲ့ စကားလုံးမျိုးကို အသုံးပြုပြီး ပိတ်ပင်တားဆီးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းနည်းစရာကိစ္စတခုခု ဒါမှမဟုတ် စိတ်ပျက်စရာကိစ္စမျိုးနဲ့ သူတို့ကြုံတွေ့သွားရရင်လည်း “မိဘက သိလို့တားရဲ့သားနဲ့ အခုတော့ဖြစ်ပြီမလားဆိုတဲ့စကားမျိုးထက်” ပွေ့ဖက်နှစ်သိမ့်ပေးတာမျိုးကိုသာ လုပ်သင့်ပါတယ်။ ဒါကလည်း သူတို့လိုအပ်တဲ့
အချိန်မျိုးမှာ အကာအကွယ်ပေးခြင်းတမျိုးဘဲဖြစ်ပါတယ်။
၆။ ပြင်းထန်တဲ့ ဝေဖန်ပြောဆိုမှုတွေကို ရှောင်ကြဉ်ပေးပါ
ကလေးတွေကို လျစ်လျူရှုခြင်းနဲ့ ထပ်တူ ပြင်းထန်တဲ့ဝေဖန်ပြောဆိုမှုတွေကလည်း ဆိုးဝါးတဲ့အကျိုးသက်ရောက်မှုတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ ဆယ်ကျော်သက်ကလေးငယ်တွေဟာလိုအပ်တဲ့ အသိဉာဏ်နဲ့ ဗဟုသုတတွေကို မပြည့်ဝသေးဘူးဆိုတာမျိုးကို မိဘတွေအနေနဲ့ အမြဲတမ်းခေါင်းထဲထည့်ထားပေးဖို့လိုပါတယ်။ သူတို့ဟာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေး
ကြင်နာမှုတွေကို လိုအပ်နေဆဲဖြစ်တာကိုပါ သတိပြုနိုင်ဖို့လည်းလိုပါတယ်။ ပြင်းထန်တဲ့ဝေဖန်ပြောဆိုမှုတွေဟာ သူတို့ကို တွန်းအားမဖြစ်စေဘဲ မဖြစ်သင့်တဲ့ ကိစ္စမျိုးတွေကို ဖြစ်သွားစေနိုင်တာကိုလည်း မိဘတွေအနေနဲ့ သတိပြုဖို့လိုအပ်ပါတယ်။

၇။ သူတို့ကို ယုံကြည်စိတ်ချမှုရှိကြောင်း ပြသပေးပါ
များသောအားဖြင့် ဆယ်ကျော်သက်အရွယ်မှာ ကျရှုံးမှုတွေ၊ အလိုမပြည့်မှုတွေ၊ လမ်းပျောက်တာမျိုးတွေကို စတင်ခံစားလာရပြီဘဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို သူတို့ရဲ့ စွမ်းရည်နဲ့ ကိုက်ညီမှုရှိတဲ့လမ်းကြောင်းတွေကို လမ်းညွှန်ပြသပေးဖို့လိုအပ်ပြီး သူတို့ရဲ့လုပ်နိုင်စွမ်းတွေကိုလည်း ယုံကြည်စိတ်ချမှုရှိကြောင်းကို ပြောပြဖို့လိုအပ်ပါတယ်။ ဒါမှသာ စိတ်ဓါတ်ကျဆင်းမှုတွေဆီကနေရုန်းထွက်နိုင်ပြီး ကောင်းမွန်တဲ့လမ်းကြောင်းတွေဆီကို လှမ်းလျှောက်နိုင်မှာဘဲဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ် သားသမီးတွေဟာ စိတ်ထင်ရာလျှောက်လုပ်တတ်ပြီး နားလည်ရခက်ခဲနိုင်ပေမယ့် မိဘတွေအနေနဲ့ တတ်နိုင်သမျှ နားလည်ပေးပြီး လမ်းကြောင်းမှန်ကို ဆွဲတင်ပေးနိုင်ဖို့က အရေးကြီးပါတယ်။ ဒီလိုလမ်းကြောင်းမှန်ကို ပြသပေးရာမှာလည်း မိဘနဲ့ သားသမီး ကောင်းမွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့က အရေးကြီးပါတယ်။ ဒါမှသာ မိဘတွေရဲ့ စေတနာမေတ္တာကို နားလည်သဘောပေါက်ပြီး သူတို့ရဲ့ ဘဝအတွက်အကောင်းဆုံးဖြစ်နိုင်တဲ့လမ်းကို ဖန်တီးသွားနိုင်ပါမယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremom
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။