မိဘတွေက အကြိမ်တစ်သန်းလောက် သတိပေးစရာမလိုဘဲ ကိုယ့်အခန်းကိုယ် ရှင်းလင်းနိုင်စွမ်းရှိတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေ ရှိကြပါတယ်။ တစ်ချို့ကလေးတွေဆိုရင် သွားတိုက်ဖို့၊ လက်ဆေးဖို့ကအစ မိဘတွေက သတိပေးနေရပါတယ်။ မြီးကောင်ပေါက်အရွယ်၊ ဆယ်ကျော်သက်တွေအရွယ်တွေဟာ ဒီအရာတွေကို သတိပေးစရာမလိုဘဲ သူတို့ဘာသာသူတို့ လုပ်နိုင်ပါတယ်။ သို့သော် သူတို့ မလုပ်ကြပါဘူး။ ဒီနေ့မှာတော့ မေမေတို့ ဆယ်ကျော်သက်လေးတွေ ဘာ့ကြောင့်အိမ်ကိစ္စတွေကို မလုပ်ချင်ကြတာလဲဆိုတာ ပြောပြပေးပါမယ်။
ယေဘုယျအားဖြင့် ဆယ်ကျော်သက်တွေဟာ အိမ်မှုကိစ္စကို သူတို့မလုပ်ချင်ရင် အခြားတစ်ယောက်ယောက်က လုပ်သင့်တယ်လို့ ထင်မြင်ကြပါတယ်။ (ဒါမှမဟုတ်) အိမ်မှုကိစ္စကို သူတို့အခုအချိန်မှာ မလုပ်ချင်ရင် နောက်ပိုင်း သူတို့လုပ်ချင်တဲ့အခါမှ လုပ်မယ်လို့တွေးကြပါတယ်။ ဒါဘာ့ကြောင့်လဲ? ဆယ်ကျော်သက် သားသားမီးမီးတွေ အိမ်မှုကိစ္စ မလုပ်ချင်ရင် သင်ဘာလုပ်နိုင်မလဲ?
“အိမ်မှုကိစ္စလုပ်ဖို့ သမီးမေ့သွားတယ်”
ကြီးကောင်ဝင်စအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ မိဘတွေက ဘာကိုပဲ လုပ်ခိုင်းခိုင်း “မေ့သွားတယ်”လို့ အမြဲပြောတတ်ကြပါတယ်။ ကိုယ့်ကျောပိုးအိတ်ကို ချိတ်ထားဖို့၊ ညစ်ပတ်နေတဲ့ ပန်းကန်တွေကို ဘေစင်ဆီကို ယူသွားဖို့၊ အခန်းထဲမှာ သပ်သပ်ရပ်ရပ်ထားဖို့ ၊ စာကျက်ဖို့ စသဖြင့် မေ့သွားကြပါတယ်။ ဒီမေ့လျော့ခြင်းက အသုံးချဖို့ လှည့်စားမှုတစ်ခုလို့ သင့်အနေနဲ့ သံသယရှိပါက ဒေါသထွက်တာတွေ၊ စိတ်တိုတာတွေ ခံစားရနိုင်ပါတယ်။ ဒေါသတွေက ပိုများသထက် ပိုများလာပါလိမ့်မယ်။

“မေမေတို့ဆယ်ကျော်သက်ကလေးက အိမ်မှုကိစ္စနဲ့ ကွန်ပလိမ်းတတ်တဲ့အခါ သတိထားပါ”
ညည်းညူခြင်းက မိဘနဲ့ communicate လုပ်ဖို့ သင့်ကလေးအတွက် သင့်တော်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ပုံမှန်အသံနဲ့ပြောဖို့ ပြောခြင်းဖြင့် ကွန်ပလိန်းတတ်ခြင်းကို ရပ်ဖို့ အားပေးပါ။ ဒါမှမဟုတ် သူတို့ကွန်ပလိန်းတတ်တဲ့အခါ ဒီတုန့်ပြန်မှုကို ရိုးရိုးရှင်းရှင်း ငြင်းဆန်ပါ။ နောက်မှ သင့်ကိုတာဝန်ယူတဲ့ပုံစံနဲ့ စကားပြောခြင်းအတွက် သူတို့ကို ချီးမွမ်းပေးပါ။
အိမ်မှုကိစ္စတွေ လုပ်လာတဲ့အခါ သင့်ကလေးကို ဆုချပါ။ ပြီးတော့ ညည်းညူစရာမလိုဘဲ အိမ်မှုကိစ္စတွေ ဘာ့ကြောင့်လုပ်သင့်သလဲဆိုတာ ဖြည်းဖြည်းအေးအေး ရှင်းပြပါ။ တကယ်လို့ သူတို့ကွန်ပလိန်းတတ်ရင် သင့်ကို ဒီထက်ပိုပြီး လေးလေးစားစား မပြောမချင်း နားထောင်မပေးနိုင်ကြောင်း ပြောပြပါ။

တစ်ချို့ဆယ်ကျော်သက်တွေ၊ ကြီးကောင်ဝင်စအရွယ်တွေက အရမ်းအသုံးချတတ်ကြတာ အမှန်ပါပဲ။ သို့သော် အများစုက ” နောက်တစ်ခါကျရင်လုပ်မယ်” တို့၊ “တစ်မိနစ်လောက်နေမှ လုပ်မယ်”တို့ စသဖြင့် ကတိပေးတဲ့အခါ စိတ်ရင်းမှန်နဲ့ပါပဲ။
ဒါပေမယ့် သိပ်မကြာခင်မှာ သူတို့ပေးထားတဲ့ကတိတွေ မေ့လျော့သွားလေ့ရှိပါတယ်။ ရလဒ်ကတော့ စားပွဲပေါ်မှာ စားပြီးသားပန်းကန်တွေ ပျံ့ကြဲနေဆဲ၊ သူတို့အိပ်ခန်းတွေ ရှုပ်ပွနေဆဲဖြစ်ပါတယ်။

သူတို့တီဗီအစီအစဉ်လေး ပြီးတဲ့အထိ ကြည့်ပါစေဆိုပြီး စောင့်တာက လေးစားမှုပေးထားပုံရပေမယ့် သူတို့ရဲ့ကတိတွေကို တည်နိုင်စွမ်းမပြပါက ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးတာက အကျိုးဖြစ်ပါလိမ့်မယ်။ ဥပမာ- အခန်းမရှင်းထားရင် ဖုန်းမသုံးရလို့ သတ်မှတ်တာမျိုးဖြစ်ပါတယ်။
ကလေးက သင့်ကိုလိမ်ပြောနေသလိုမျိုး ခံစားရရင် သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်သည်ဖြစ်စေ၊ သင်ဟာ ရှုံးနိမ့်သလိုခံစားရပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေသည်ဖြစ်စေ အခြေအနေက အပျက်သဘောဆောင်နေပါတယ်။
“သင့်ကလေးက သင့်ကို အယုံအကြည်မဲ့အောင်လုပ်နေတယ်လို့ မထင်ပါနဲ့”
သင့်ကလေးက အိမ်မှုကိစ္စကို တစ်မိနစ်အတွင်းလုပ်မယ်လို့ ကတိပေးပြီး မလုပ်တဲ့အခါ သင့်ကို သစ္စာဖောက်နေတယ်လို့ ခံစားရလွယ်ပါတယ်။ တစ်ချိန်တည်းမှာ ထိုကတိတွေကို ပုံမှန်ချိုးဖောက်တဲ့ ဆယ်ကျော်သက်တစ်ယောက်ကို ဆက်ပြီး ယုံကြည်ရတာက မိုက်မဲရာကျပါတယ်။ ပြဿနာကို ဖြေရှင်းတာထက် သင့်ယုံကြည်မှုကို ဆက်ပေးထားပါက သင်ဟာ ပြဿနာရှာသူသာ ဖြစ်သွားပါလိမ့်မယ်။

တာဝန်ယူမှုဆိုတာက မြီးကောင်ပေါက်အရွယ်တွေ သင်ယူဖို့လိုအပ်တဲ့အရာဖြစ်သော်လည်း ဒါကို သင်ယူဖို့အတွက် သင်ဆရာ၊ မြင်ဆရာတစ်ယောက်လိုအပ်ပါတယ်။ ဒီဆရာကတော့ သင်ကိုယ်တိုင်ပါပဲ။ သင်ကိုယ်တိုင်က မကျင့်ကြံနိုင်ဘူးဆိုရင် သင့်ကလေးတွေကို သူ့တို့တာဝန်တွေ သူတို့ဂရုစိုက်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သင်ကိုယ်တိုင်က ညစာစားပြီးတိုင်း ထမင်းဝိုင်းမသိမ်းဘဲ ထထွက်သွားတာမျိုး၊ သင့်အခန်းက ဖရိုဖရဲဖြစ်နေတာမျိုး ဆက်တိုက်ဖြစ်နေရင် သူတို့ကိုလည်း ကွဲပြားခြားနားနေတာမျိုး မျှောလင့်ထားလို့ မရပါဘူး။
“ငါ သူတို့ကို မွေးထားတာပဲ”ဆိုပြီး သားသမီးကိုချည်း ခိုင်းနေလို့မရပါဘူး။ ရှေ့ကနေ စနစ်တကျ လုပ်ပြရင်း တတ်ညီလက်ညီလုပ်ပြတာမျိုးက ကလေးတွေကို တာဝန်ယူတတ်သူတွေ၊ ” အမေ သားဒါတွေ လုပ်လိမ့်မယ်နော်”၊ ” အမေ..သမီးပန်းကန်တွေအကုန် ဆေးလိုက်မယ်”လို့ ပြောသူတွေ ဖြစ်စေပါလိမ့်မယ်။ သင်ဟာ သင့်ကလေးတွေမှာ ဖွံ့ဖြိုးစေလိုတဲ့ အပြုအမှုရဲ့ ဥပမာကောင်းဖြစ်ဖို့ လိုအပ်ပါတယ်၊ တာဝန်ဝတ္တရားတွေကို သင်ဘယ်လိုကိုင်တွယ်တယ်ဆိုတာကအစ သင်လုပ်သမျှအရာအားလုံးက သူတို့ရဲ့ အဓိက စံနမူနာရှင်ဖြစ်လိမ့်မယ်ဆိုတာ သတိရပါ။
“စိတ်ရှည်ပါ”
သင့်ကလေးတွေကို စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြီးကောင်ပေါက်အရွယ်ဆိုတာက လူတိုင်းအတွက် ရှုပ်ထွေးတဲ့ အဆင့်ပါ။ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေကို ရှာဖွေနေကြပြီး “ကိုယ်ပိုင်နည်းလမ်း”ဖောက်ဖို့ ကြိုးစားပါလိမ့်မယ်။ ပြီးတော့ သူတို့က ကန့်သတ်ချက်တွေကို တွန်းလှန်ပြီး သင့်စည်းမျဉ်းတွေကို စိန်ခေါ်ဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒါက လုံးဝပုံမှန်ပါပဲ။ သို့သော်ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ သင့်သဘောထားက အခြေခံကျပါတယ်။

သူတို့လုပ်တဲ့နည်းလမ်းကို ဒေါသထွက်လာ၊ စိတ်ဆိုးလာရင် မကောင်းတဲ့ဖိအားပေးမှုတွေ သင်ပေးမိပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ကလေးတွေကို စိတ်ရှည်သည်းခံခြင်းဖြင့် သူတို့နဲ့ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ရရှိပါလိမ့်မယ်။ သူတို့ကို အမြဲတမ်း respect ပေးထားသလို ခံစားရပါလိမ့်မယ်။
မြီးကောင်ပေါက်အရွယ်ဆိုတာ လေးစားခံရပြီး တန်ဖိုးထားခံရတဲ့အခါ အမြဲသတိပေးစရာမလိုဘဲ အရာရာကို လုပ်ဆောင်ဖို့ ပိုများပါတယ်။ ထို့ကြောင့် ညှိနှိုင်းဖို့နဲ့ flexible ဖြစ်ဖို့ဆန္ဒရှိပါ။ တစ်ချိန်တည်းမှာပဲ သင့်ကလေးတွေကို အကျိုးဆက်တွေ ကြိုသတ်မှတ်ပေးထားပါ။ ဒီနည်းအားဖြင့် သူတို့တာဝန်မယူရင် ဘာဖြစ်လာမလဲဆိုတာကို သိလာပါလိမ့်မယ်။
Chit_MayMay
LM_nandar
Source-yourmom
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။