၂၀၁၄ ခုနှစ်တွင် အမေရိကန်စိတ်ပညာအသင်းမှ ပြုလုပ်တဲ့စစ်တမ်းတခုအရ ဆယ်ကျော်သက်လူငယ်တွေဟာ အရွယ်
ရောက်ပြီးတဲ့ လူကြီးတွေထက် စိတ်ဖိစီးမှုပိုမိုများပြားကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်း
ပြောင်းလဲမှု၊ တွေ့ကြုံလာရတဲ့ အခက်အခဲများ စတာတွေကြောင့် စိတ်ဖိစီးမှုဖြစ်ရတာဟာ အဆန်းမဟုတ်ပေမယ့် ပိုမိုဆိုးဝါးမှုမဖြစ်စေဖို့အတွက်တော့ မိဘတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။

စိတ်ဖိစီးမှုဆိုသည်မှာ အသစ်အသစ်သောအတွေ့အကြုံတွေကို ခံစားရတဲ့အခါ(သို့) ခြိမ်းခြောက်ခံရတဲ့အခါမျိုးမှာ ပေါ်ထွက်လာတတ်ပါတယ်။ တခုခုကို မဖြစ်မနေလုပ်ရမယ်ဆိုပြီး ဖိအားပေးခံရတဲ့အခါမျိုး၊ ဆိုးဝါးတဲ့အခြေအနေတခုကို ရင်ဆိုင်ရတဲ့အခါမျိုးမှာလည်း စိတ်ဖိစီးမှုကိုခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုသည် ပြန်လည်တိုက်ခိုက်ရန် ဒါမှမဟုတ် လက်လျော့အရှုံးပေးရန် အစရှိတာတွေကို ဖြစ်ပေါ်လာစေပါတယ်။ ပြန်လည်တိုက်ခိုက်ရန်(သို့) လက်လျော့အရှုံးပေးရန် တခုခုကို သက်ဝင်လှုပ်ရှားစေတဲ့အခါမျိုးမှာ ဦးနှောက်မှာရှိတဲ့ အာရုံခံစနစ်ဟာ ဦးနှောက်ရဲ့ ဆက်သွယ်ရေးစင်တာဖြစ်တဲ့ hypothalamus သို့ ဒုက္ခနဲ့ကြုံတွေ့နေရပြီဆိုတဲ့အကြောင်းကို အချက်ပြပါတယ်။

အဆိုပါ hypothalamus သည် adrenal glands တွေဆီကို အလိုအလျောက်အာရုံကြောစနစ်မှတဆင့် တုံ့ပြန်အချက်ပြပေးတဲ့အခါ adrenal glands တွေဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်ကိုမြင့်တက်စေပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို လိုအပ်တဲ့စွမ်းအင်များပေးပို့ပေးပါတယ်။ ဒီလိုအခြေအနေကို ကြုံတွေ့ရတဲ့အခါ နှလုံးခုန်နှုန်းတိုးလာခြင်း၊ ခန္ဓာကိုယ်တုန်လှုပ်နေခြင်း၊ သွေးမရှိတော့သလို ခန္ဓာကိုယ်ရှိအရေပြားများ ဖြူဖွေးလာခြင်း စတဲ့အခြေအနေတွေဖြစ်ပေါ်လာပါတယ်။ ဒီလိုမျိုးကြုံတွေ့ရတဲ့ လူတွေဟာပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိဖို့အတွက် မိနစ် ၂၀ မှ ၆၀ လောက်အထိကြာရှည်တတ်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွေဟာ လူကြီးတွေကဲ့သို့ စိတ်ဖိစီးမှုကို စနစ်တကျမတုံ့ပြန်နိုင်ခြင်း၊ မကြာခနစိတ်ဖိစီးဒဏ်ခံစားရခြင်း အစရှိတာတွေကြောင့်မို့ တခါတရံမှာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပေးဖို့၊ ဆေးဝါးဆိုင်ရာအထောက်အပံ့ယူဖို့ လိုအပ်တတ်ပါတယ်။ စိတ်ဖိစီးမှုသည် စိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ဖော်ပြပါတယ်။ စိတ်ဖိစီးမှုတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ မပျော်ရွှင်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အလွန်အမင်းစိတ်လှုပ်ရှားခြင်း၊ စိုးရိမ်
ပူပန်ခြင်း စတာတွေကြောင့် အကြောင်းကိစ္စမယ်မယ်ရရမရှိဘဲနဲ့လည်း စိတ်တိုဒေါသထွက်တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ နားမလည်နိုင်ကြသလို သူတို့အပေါ်လည်း ဘယ်လိုလူကမှ နားလည်မပေးနိုင်ကြဟု ထင်မြင်ယူဆပြီး အကူအညီမဲ့ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း အစရှိတာတွေကြောင့် တခါတရံ ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်စေတဲ့ အပြုအမူမျိုးတွေကို စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ကြပါတယ်။

ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုလက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်းအစရှိတာတွေအပြင် အစာချေဖျက်မှုဆိုင်ရာစနစ်တွေကိုပါ လုပ်ဆောင်မှုမှားယွင်းစေတာမျိုးအထိ ဖြစ်ပွားစေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားများကို စိတ်မဝင်စားခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မိန်းကလေးတွေအနေနဲ့ကတော့ ဓမ္မတာမမှန်ခြင်း အစရှိတဲ့ပြောင်းလဲမှုတွေကိုပါ ကြုံတွေ့ရနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွင် စိတ်ဖိစီးမှုကို အလွန်အမင်းကြုံတွေ့ရပါက မှတ်ဉာဏ်ပိုင်းဆိုင်ရာစွမ်းရည်များကိုပါ ထိခိုက်စေတတ်ပါတယ်။ အာရုံစူးစိုက်နိုင်မှုအားနည်းခြင်း၊ အပျက်သဘောဆောင်တဲ့စိတ်ထားများနဲ့ မကောင်းတဲ့အပြုအမူများကို ပြုလုပ်တတ်ကြတဲ့အတွက် မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးသည် စိတ်ဖိစီးမှုဒဏ်ကို အလွန်အမင်းကြုံတွေ့နေရကြောင်း သိရှိနိုင်ဖို့အတွက် လေ့လာစောင့်ကြည့်မေးမြန်းမှုများ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သူတို့ကို ကူညီဖေးမပေးနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ အဖြစ်ဆိုးမျိုးတွေကို မကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- momjunction