ဆယ်ကျော်သက်အရွယ်လူငယ်တွေ ဖုန်းသုံးစွဲမှု လွန်ကဲခြင်းကို ထိန်းချုပ်ရန်နည်းလမ်းများ

0
193
- Advertisement -

ဒီနေ့လို နည်းပညာခေတ်ကြီးမှာ လူတိုင်းဟာ ဆဲလ်ဖုန်းများကို နေ့စဉ်ဘဝရဲ့ အချိန်တော်တော်များများအတွက် အသုံးပြုနေကြပါတယ်။ နည်းပညာတိုးတက်မှုရဲ့ ကောင်းကျိုးတွေ များစွာရှိပေမယ့် ဆိုးကျိုးတွေကလည်း ဒွန့်တွဲလျက်ရှိပါတယ်။ အထူးသဖြင့် အသက်ငယ်ရွယ်တဲ့ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ ဖုန်း၊ တက်ဘလက်စတာတွေကို လွန်ကဲစွာအသုံးပြုလျက်ရှိပြီး စွဲလန်းမှုလွန်ကဲနေတဲ့ သဘောသဘာဝတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာချို့တဲ့မှုမျိုးကို ဖြစ်ပေါ်လာစေပါတယ်။ ဒီတော့ ဆယ်ကျော်သက်လူငယ်တွေနဲ့ ကလေးငယ်တွေကို ဖုန်းသုံးစွဲမှုလွန်ကဲခြင်းကနေ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါ့မယ်။

စည်းကမ်းများချမှတ်ထားပါ

မိဘတွေရဲ့ အမိန့်အာဏာသုံးတာမျိုးထက် သားသမီးတွေနဲ့ ကောင်းမွန်စွာပြောဆိုပြီး အပေးအယူသဘောမျိုးလုပ်ဆောင်တာက ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်။ ကျောင်းစာကြည့်ချိန်၊ ညစာစားချိန်၊ အိမ်သာဝင်ချိန်စတာတွေမှာ ဖုန်းအသုံးမပြုဖို့နဲ့ ညအိပ်ရာဝင်ချိန်မျိုးမှာလည်း ဖုန်းအသုံးပြုချိန်ကို ကန့်သတ်ထားဖို့လိုအပ်ပါတယ်။ လိုက်နာမှုမရှိပါက ရက်အကန့်အသတ်နဲ့ ဖုန်းအသုံးပြုခွင့်ပိတ်ပင်ခြင်းမျိုးကို လုပ်ဆောင်မယ်လို့ သတိပေးပြောဆိုပြီး ချိုးဖောက်ပါက ထိထိရောက်ရောက်အရေးယူမျိုးကိုလည်း ပြုလုပ်ပေးရပါမယ်။ ဒါမှသာ စည်းကမ်းကို ကောင်းမွန်စွာလိုက်နာမှာဘဲဖြစ်ပါတယ်။

- Advertisement -

အကျိုးရှိတဲ့ လေ့လာမှုမျိုးကို ဖန်တီးပေးပါ

ဒီနေ့လို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကနေတဆင့် သိချင်တဲ့အရာတွေအားလုံးကို လေ့လာလို့ရနေပါပြီ။ တနေ့တာ ၂၄ နာရီမှာ ပုံမှန်အားဖြင့် အိပ်ချိန်က ၈ နာရီ၊ ကျောင်းတက်ခြင်း (သို့) အလုပ်လုပ်ချိန် ၈ နာရီ၊ ကိုယ်ပိုင်အချိန် ၈ နာရီ စသည်ဖြင့် ပိုင်းခြားလို့ရပြီး ကိုယ်ပိုင်အချိန် ၈ နာရီမှာ တရက်ကို ၂ နာရီလောက်ဘဲဖြစ်ဖြစ် အကျိုးရှိတဲ့ လေ့လာမှုတခုခုကို ပြုလုပ်ပါက မိမိအတွက်လည်း အကျိုးရှိနိုင်သလို ဘဝရှေ့ရေးအတွက်လည်း ကောင်းမွန်တဲ့ ထောက်ပံ့မှုမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို ကောင်းမွန်တဲ့ လေ့လာမှုမျိုး၊ အကျိုးဖြစ်ထွန်းစေမယ့် လေ့လာမှုမျိုးဖြစ်အောင် ဖန်တီးပေးဖို့လိုပါမယ်။ သူတို့ရဲ့ ဝါသနာကို အခြေခံပြီး အင်တာနက်ကနေလေ့လာလို့ရတဲ့ ဝက်ဘ်ဆိုဒ်မျိုးတွေကို ရှာဖွေပေးတာ၊ ကူညီလမ်းပြပေးတာက အကျိုးမဲ့အချိန်ဖြုန်းခြင်း၊ အကျိုးမဲ့ ဖုန်းအသုံးပြုခြင်းမျိုးကို တားဆီးပြီးသားဖြစ်စေနိုင်ပါတယ်။

လူမှုဆက်ဆံရေးကို ချဲ့ထွင်ပေးပါ

မိသားစုအတွင်း ရင်းနီးနွေးထွေးတဲ့စကားဝိုင်းမျိုးဖန်တီးပေးခြင်း၊ တနေ့တာဖြတ်သန်းမှုများကို အတူတကွဆွေးနွေးခြင်း အစရှိတာတွေဟာ ဖုန်းအသုံးပြုချိန်ကို လျော့နည်းသွားစေသလို၊ မိသားစုအတွင်း ရင်းနီးမှုများလည်း ပိုပြီးတိုးပွားလာစေနိုင်ပါတယ်။ ဒါ့အပြင် ပရဟိတအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်စေခြင်း၊ သာရေးနာရေးကိစ္စများကို ဦးစီးလုပ်ကိုင်စေခြင်း စတာတွေကလည်း မိမိတို့ရဲ့ သားသမီးတွေကို နေရာပေးရာရောက်သလို လူ့အဖွဲ့အစည်းတွင် လိုက်လျောညီထွေစွာနေထိုင်တတ်ခြင်း၊ ရင်းနီးတဲ့ သူငယ်ချင်းမိတ်ဆွေများတိုးပွားလာခြင်း စတာတွေအပြင် မိမိပတ်ဝန်းကျင်ရဲ့ကောင်းကျိုး၊ လူသားချင်းထောက်ထားစာနာမှုမျိုး အစရှိတဲ့ ကောင်းမွန်တဲ့ စိတ်ဓါတ်များကိုပါ ရရှိစေနိုင်ပါတယ်။

အားကစားလှုပ်ရှားမှုများလုပ်ဆောင်စေခြင်း

များသောအားဖြင့် ဆယ်ကျော်သက်အရွယ်လူငယ်တွေ ဖုန်းသုံးစွဲမှုလွန်ကဲခြင်းဟာ တယောက်ထဲအထီးကျန်နေရခြင်းကြောင့်ဘဲဖြစ်ပါတယ်။ ပျင်းရိနေခြင်းကို ကျော်ဖြတ်ရန်အတွက် ရုပ်ရှင်ဇာတ်ကားများကြည့်ခြင်း၊ ဂိမ်းကစားခြင်းစတဲ့ အရာတွေကို ပြုလုပ်ကြပါတယ်။ မိမိတို့ရဲ့ သားသမီးတွေကို ဖုန်းအသုံးပြုမှုလျော့နည်းစေချင်ပါက တက်ကြွမှုရှိတဲ့ အားကစားလှုပ်ရှားမှုမျိုးကို ပြုလုပ်စေတာက အကောင်းဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။ အသင်းအဖွဲ့နဲ့ ပူးပေါင်းပြီး ကစားရတဲ့ လှုပ်ရှားမှုမျိုးဆိုပိုလို့ကောင်းမွန်ပါတယ်။

ဒီနေ့ခေတ်လို အန္တရာယ်များတဲ့ ခေတ်ကြီးထဲမှာ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံပညာတခုခုကို သင်ကြားစေခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အလှအပရေးရာများအတွက် Gym ကစားခိုင်းခြင်း အစရှိတာတွေအပြင် ကခုန်ခြင်း၊ အနုပညာတခုခုကို သင်ကြားခြင်းစတာတွေကလည်း ဘဝအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေဖြစ်ပေါ်လာစေသလို ဖုန်းသုံးစွဲမှုလွန်ကဲခြင်းမျိုးကိုလည်း လျော့ချပေးနိုင်မယ်ဖြစ်ပါကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- itstimetologoff

LEAVE A REPLY

Please enter your comment!
Please enter your name here