ဆယ်ကျော်သက်အရွယ် သားသမီးတွေကို ထိရောက်စွာ ဆုံးမပဲ့ပြင်နိုင်ဖို့အတွက် နည်းလမ်းများ

0
215
- Advertisement -

ဆိုဆုံးမလို့မရဘဲ အမြဲတမ်းမိဘတွေကို ကန့်လန့်တိုက်၊ ဂျစ်ကန်ကန်လုပ်တတ်တဲ့ ဆယ်ကျော်သက်သားသမီးတွေကို
ကိုင်တွယ်ရတာဟာ မိဘတွေအတွက် တကယ့်ကို ခက်ခဲပါတယ်။ စိတ်အပြောင်းလဲမြန်ပြီး စည်းမျဉ်းစည်းကမ်းတွေကို
အမြဲလိုချိုးဖောက်ဖို့ကြိုးစားနေတဲ့၊ မိဘတွေရဲ့ စေတနာမေတ္တာကို အထင်အမြင်လွဲမှားနေတဲ့ ဆယ်ကျော်သက်အရွယ်တွေကို
ဘယ်လိုမျိုးထိန်းကျောင်းပြုပြင်နိုင်မလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြပေးပါ့မယ်။

အပြန်အလှန်လေးစားမှုမျိုးထားရှိပေးပါ

ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့ကိုယ်သူတို့ အရွယ်ရောက်လာပြီ၊ လူကြီးဖြစ်လာပြီလို့ ထင်မြင်တတ်ကြပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ချင်တတ်ကြပါတယ်။ သူတို့ရဲ့ စိတ်သဘောထားအတိုင်းသာနေထိုင်ချင်တတ်ကြပါတယ်။ မိဘတွေရဲ့ ဆိုဆုံးမပြောဆိုမှုများကိုလည်း မလိုက်နာချင်ကြတော့ပါဘူး။ ဒီလိုမျိုးအရွယ်တွေကို နားဝင်အောင်ပြောဆိုဖို့၊ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနိုင်ဖို့အတွက်ဆို မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ဆယ်ကျော်သက်အရွယ်သားသမီးတွေကို အပြန်အလှန်လေးစားမှုမျိုးထားရှိပေးရပါမယ်။ သူတို့ရဲ့ အတွေးတွေ၊ ထင်မြင်ချက်တွေကိုလည်း ဂရုတစိုက်နားထောင်ပေးပြီး မိဘတွေရဲ့ အမြင်နဲ့ ဖြစ်စေချင်တာတွေကို ညှိနှိုင်းယူတာက မိဘနဲ့သားသမီးတွေအတွက် အကောင်းဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ငါတို့က မိဘတွေဖြစ်တဲ့အတွက် ငါတို့ပြောဆိုသမျှကိုသာ လိုက်နာရမယ်ဆိုတာမျိုးက မိမိတို့ရဲ့ သားသမီးတွေရဲ့ အမူအကျင့်တွေကို ပိုပြီးဆိုးဝါးသွားစေနိုင်ပါတယ်။

မိဘတွေရဲ့ ဖြစ်စေချင်တာမျိုး၊ ထားရှိတဲ့မျှော်လင့်ချက်တွေကို နားလည်အောင်ပြောပြပါ

မိမိတို့ရဲ့ သားသမီးတွေနဲ့ ရင်းနီးနွေးထွေးတဲ့ စကားပြောဆိုမှုမျိုး၊ ဆက်ဆံရေးမျိုးကို တည်ဆောက်တာက မိဘနဲ့ သားသမီးကြား အထင်အမြင်လွဲမှားမှုတွေ နည်းပါးနိုင်ပါလိမ့်မယ်။ ဘယ်လိုအရာမျိုးက ဘဝမှာ အရေးပါတယ်၊ ဘယ်လိုအသက်မွေးဝမ်းကျောင်းမှုမျိုးကို တတ်မြောက်ဖို့လိုအပ်တယ် အစရှိတာတွေကို အတင်းအကျပ်ပုံသွင်းတာမျိုးထက် သူတို့ကိုနားလည်သဘောပေါက်စေပြီး ပြုလုပ်စေတာက ပိုပြီးအကျိုးရှိစေနိုင်ပါတယ်။

ကောင်းမွန်တဲ့ ထောက်ပံ့မှုမျိုးပြုလုပ်ပေးပါ

မိမိတို့ရဲ့ သားသမီးတွေအတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့အရာက သူတို့ရဲ့ အနီးနားမှာရှိနေပြီး လိုအပ်တဲ့အရာတွေကို ထောက်ပံ့မှုမျိုးပြုလုပ်ပေးတာဘဲဖြစ်ပါတယ်။ ဘာတွေဘဲဖြစ်ဖြစ် သူတို့ရဲ့နောက်မှာ အားပေးမယ့်သူ၊ နားလည်ပေးမယ့် မိဘတွေရှိနေတယ်ဆိုတာမျိုးက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို ပိုပြီးတိုးတက်စေပါတယ်။
သူတို့ရဲ့ ဝါသနာနဲ့ ထူးချွန်မှုတွေကို လေ့လာပြီး ပိုမိုကျွမ်းကျင်မှုရှိဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အတတ်နိုင်ဆုံးပြုလုပ်ပေးတာက မိမိတို့ရဲ့ သားသမီးတွေအတွက် အကောင်းဆုံးသောနည်းလမ်းဘဲဖြစ်ပါတယ်။

မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတယောက်လို နေပေးပါ

မိဘတဦးကို လူငယ်သဘာဝဖြစ်တတ်တဲ့ အရာမျိုးတွေ၊ အခက်အခဲတွေကို ပြောဆိုရင်ဖွင့်ဖို့အတွက်ဆို သားသမီးတွေအနေနဲ့ တွန့်ဆုတ်တတ်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတယောက်လို နေပေးတဲ့၊ နားလည်ပေးတဲ့ မိဘဆိုရင်တော့ သူတို့ရဲ့ အခက်အခဲတွေ၊ စိတ်ခံစားချက်တွေဖွင့်ပြောပြဖို့အတွက် ရဲရဲတင်းတင်းရှိပါလိမ့်မယ်။ ဒါကြောင့်မို့ သူတို့ရဲ့အခက်အခဲတွေကို
ကူညီဖြေရှင်းပေးဖို့အတွက်ဆို မိဘတဦးလို ချဉ်းကပ်တာမျိုးထက် သူငယ်ချင်းတယောက်လို ချဉ်းကပ်တာက ပိုပြီးအဆင်ပြေထိရောက်နိုင်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ သဘောတရားကို နားလည်သဘောပေါက်အောင်ပြောပြထားပါ

သူတို့ရဲ့ လုပ်ရပ်အပြုအမူတွေဟာ တခုခုမှားယွင်းသွားပါက အပြစ်ပေးတာမျိုးထက် နောက်ဆက်တွဲအကျိုးဆက်တွေ၊ ထိခိုက်နစ်နာမှုတွေကို နားလည်သဘောပေါက်အောင် ပြောဆိုတာက အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်စေဖို့အတွက် အကူအညီဖြစ်စေနိုင်ပါတယ်။ စည်းကမ်းချက်တွေနဲ့ တားမြစ်ပိတ်ပင်တာမျိုးထက် သူတို့ကိုယ်တိုင်သိမြင်နားလည်စေတာက သူတို့ရဲ့ အမှားတွေကတဆင့် ကောင်းမွန်တဲ့နည်းလမ်းတွေကို သူတို့ဘာသာ သင်ယူနိုင်ပါလိမ့်မယ်။ သူတို့ကို အရှက်ရစေခြင်း၊ ဝမ်းနည်းသိမ်ငယ်စေခြင်း အစရှိတဲ့ အပြုအမူတွေကို လုံးဝမပြုလုပ်မိစေဖို့ လိုအပ်ပါတယ်။ သူတို့ ဘယ်လိုအမှားတွေပြုလုပ်မိသလည်းဆိုတာ
မျိုးကို သူတို့ကိုယ်တိုင်စဉ်းစားစေပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို လမ်းညွှန်ပြသပေးတာက ရင့်ကျက်တဲ့ ဆယ်ကျော်သက်လူငယ်တယောက်ဖြစ်လာစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- Monjunction

LEAVE A REPLY

Please enter your comment!
Please enter your name here