ဆယ်ကျော်သက်လေးတွေက ဆိုးသွမ်းသူလေးတွေ မဟုတ်ပါဘူး။ မြီးကောင်ပေါက်အရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာနှင့် ဟော်မုန်းအပြောင်းအလဲတွေကို ရင်ဆိုင်ရတဲ့ အချိန်ဖြစ်တာကြောင့် မိဘနှင့် ကလေးအတွက် စိန်ခေါ်မှုအချိန်ဖြစ်နိုင်ပါတယ်။ တကယ့်တော့ သူတို့ကို ယဉ်ကျေးလွယ်ဆုံး၊ အပူအပင်မရှိဆုံး ကလေးငယ်တွေလို့ ထင်မြင်ကြသော မိဘတွေဟာ ဆယ်ကျော်သက်အရွယ်အတွင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေကြောင့် တုန်လှုပ်သွားနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေကို မိဘတွေအနေနဲ့ နားလည်ပေးနိုင်မယ်ဆိုရင် မိဘနှင့်သားသမီးကြားက ပြဿနာတွေရှိနိုင်တော့မှာ မဟုတ်ပါဘူး။
မြီးကောင်ပေါက်အရွယ်ကို နားလည်ခြင်း
ကြီးကောင်ဝင်ခြင်းက မြီးကောင်ပေါက်အရွယ်ရဲ့လက္ခဏာသွင်ပြင်တစ်ခုဖြစ်ပါတယ်။ လူပျို/အပျိုဖော်ဝင်ခြင်းက လိင်အင်္ဂါများဖွံ့ဖြိုးတိုးတတ်ခြင်း၊ မိန်းကလေးတွေမှာ ရာသီအစပြုခြင်းနှင့် ယောကျ်ားလေးတွေမှာ မျက်နှာအမွှေးအမျှင်ပေါက်ခြင်းတို့ပါဝင်သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပါတယ်။
မြီးကောင်ပေါက်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်း အကျုံးဝင်ပါတယ်။ ဒီဖွံ့ဖြိုးနေသောအဆင့်မှာ ဆယ်ကျော်သက်တစ်ယောက်ကို အုပ်ထိန်းရတာဟာ စိန်ခေါ်ချက်ဖြစ်နိုင်ပါတယ်။

ကလေးတစ်ယောက်ဟာ မြီးကောင်ပေါက်ဖြစ်လာပြီး ဆယ်ကျော်သက်အရွယ်မှာ လူပျို/အပျိုဖော်ဝင်လာပါတယ်။ သူတို့ဟာ အပြောင်းအလဲအများကြီးကို ကြုံတွေ့ရပါတယ်။ ဒီအပြောင်းအလဲတွေနဲ့ အကျွမ်းတဝင်ရှိဖို့ သူတို့ကြိုးစားနေတဲ့အချိန်မှာ မိဘကို ပြုမှုဆက်ဆံပုံ၊ ပြောဆိုပုံတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ သူတို့က ဆယ်ကျော်သက်တစ်ယောက်လို ပြုမှုနိုင်ပါတယ်။ သူတို့လုပ်တာက အသက်ကြီးလာတာနှင့်အမျှ ပြောင်းလဲမှုတွေကို တုံ့ပြန်တာဖြစ်ပါတယ်။ သင့်ရဲ့တုံ့ပြန်မှုက သင်အပြည့်အဝထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မေမေတို့ရဲ့ ဆယ်ကျော်သက်လေးဟာ မေမေတို့ရဲ့စိတ်ရှည်မှုကို စမ်းသပ်ပါလိမ့်မယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ ဆယ်ကျော်သက်ဆီကနေ လိုချင်တဲ့ တုံ့ပြန်မှုကို ရရှိဖို့ မေမေတို့ပြုမှုဖို့ လိုအပ်တဲ့ အကြံဉာဏ်လေးတွေ ရှိပါတယ်။
၁။ သင့်ကလေးကို နားထောင်ပေးပါ
ဆယ်ကျော်သက်တွေနှင့်အတူ စကားပြောရတာက လက်ပေါက်ကပ်နိုင်ပါတယ်။ ထိုသို့သော ပြောဆိုမှုတွေက ပုံမှန်ဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်ဟာ သူတို့မကျေနပ်ရင် ကြမ်းပြင်ပေါ်မှာ လှိမ့်နေနိုင်သော်လည်း ဆယ်ကျော်သက်တစ်ယောက်ကတော့ စကားလုံးတွေ သုံးလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ အရမ်းကောင်းတဲ့ စကားတွေ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ မိမိကိုယ်ကို သင့်တော်တဲ့ကန့်သတ်ချက်တွေချမှတ်ပြီး အေးဆေးတည်ငြိမ်နေမယ်ဆိုရင် သူတို့ ဒေါသနှင့်အတူ တုံ့ပြန်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ဆယ်ကျော်သက်နှင့်အတူ သင့်ရဲ့ဆက်ဆံရေးက ကောင်းမွန်သော ဦးတည်ချက်ဖြစ်လာပါလိမ့်မယ်။
ဆယ်ကျော်သက်ကလေးတွေ ပြောတာကို နားထောင်ပါ။ သူတို့မှာလည််း ကိုယ်ပိုင်ထင်မြင်ချက်တွေေ ရှိပါတယ်။ သူတိုမှာ အခွင့်အရေးရှိပါတယ်။ သူတို့အမြင်တွေကို လေးစားပါ။ သူတို့ရဲ့ရှုထောင့်ကို ကြည့်ရှုဖို့ ကြိုးစားပါ။ သူတို့စိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ နားလည်ဖို့ သင်ပြောတာထက်ပိုပြီး နားထောင်ပါ။
ဆယ်ကျော်သက်တွေဟာ မိဘတွေထက် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလေ့ရှိတဲ့ အရွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် စကားပြောတာ၊ တစ်ခုခုလုပ်တာတို့ အတူတူ အချိန်ဖြုန်းဖို့ ကြိုးစားပါ။

သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ၊ အစီအစဉ်တွေနဲ့ သူတို့ဘဝရဲ့ အခြားအသေးစိတ်အချက်အလက်တွေကို သူတို့နှင့် မကြာခဏ စကားပြောပါ။ သူတို့ကို ဖိအားမပေးပါနဲ့။ သူတို့ကို ယုံကြည်ကိုးစားခြင်းဖြင့် သူတို့ရဲ့ ယုံကြည်မှုကို ရယူပါ။ သူတို့ယုံကြည်လာတဲ့အခါ သင်ကို ပိုပြီးပြောပါလိမ့်မယ်။
သူတို့ပိုမိုလွတ်လပ်စွာ ကြီးပြင်းလာတာနှင့်အမျှ ဆယ်ကျော်သက်တွေဟာ privacy နဲ့ ‘space’ လိုအပ်လာပါတယ်။ သူတို့ရဲ့ privacy ကိုလေးစားပါ၊ ဒါပေမယ့် သူတို့ဘယ်သွားမယ်၊ သူတို့ဘာလုပ်နေတယ်ဆိုတာတော့ အသိပေးခိုင်းပါ။ သင့်ကလေးဟာ ကြီးပြင်းလာနေနိုင်သော်လည်း သင်က မိဘဖြစ်နေဆဲပါ။
သင့်ဆယ်ကျော်သက်လေးက သင့်ကို စိတ်အနှောက်အယှက် ပေးနိုင်ပါတယ်။သို့သော် သူတို့က သင့်ရဲ့ ချစ်ခြင်းမေတ္တာနှင့် ချစ်ခင်မှုကို လိုအပ်နေဆဲဖြစ်ပါတယ်။ဒီခက်ခဲသောနှစ်တွေမှာ သူတို့ရရှိဖို့ လိုအပ်တဲ့ မေတ္တာပြည့်ဝသော မိဘဖြစ်ပေးပါ။
သင့်ရဲ့ချစ်ခြင်းမေတ္တာကို လုပ်ရပ်တွေဖြင့်ပြပါ။ စကားလုံးတွေနဲ့ မဟုတ်ပါဘူး။ အတူတူပျော်ရွှင်ပါ။ အငြင်းပွားမှုတွေနဲ့ မနှစ်မြို့စရာ အတွေ့အကြုံတွေ ရှိလာနိုင်သော်လည်း သင်တို့နှစ်ယောက်စလုံး နှစ်သက်မယ့် အရာတွေကို လုပ်ဆောင်ပါ။
ဆယ်ကျော်သက်တွေက အမှီအခိုကင်းပါတယ်။ သူတို့အတွက် ဆုံးဖြတ်ချက်ချတာကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် သူတို့ကို ဆုံးဖြတ်ချက်ချရာမှာ ပါဝင်အောင်လုပ်ပါ။ ဆုံးဖြတ်ချက်တွေက သူတို့လိုချင်တာ အမြဲဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အနည်းဆုံးတော့ သူတို့ဟာ ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။ ၎င်းမှတစ်ဆင့် သင်ဟာ သူတို့ရဲ့ ယုံကြည်မှုကို ရနိုင်မှာဖြစ်ပြီး သူတို့ရဲ့အစီအစဉ်တွေကို မျှဝေနိုင်ဖွယ် ရှိပါတယ်။
ပြောဆိုဆက်ဆံတဲ့အခါ ရှောင်ရမယ့်အချက်များ
အော်ဟစ်ခြင်း (သို့) တစ်ခုခုလုပ်ဖို့ သူတို့ကို မြည်တွန်တောက်တီးခြင်း။
သူတို့ သူငယ်ချင်းတွေရှေ့မှာ အရှက်ခွဲခြင်း၊ အထက်စီးနှင့်ဆက်ဆံခြင်း။
ဆယ်ကျော်သက်တစ်ယောက်ဟာ လမ်းညွှန်မှုအနည်းငယ် လိုအပ်တဲ့ လူကြီးတစ်ဝက်အရွယ်ဖြစ်ပါတယ်။ သူတို့ရဲ့အပြုအမှုအပေါ် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်လိုအပ်ပါတယ်။ သူတို့ကို စကားလက်ဆုံပြောဆိုမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်အောင် လုပ်ပေးရပါလိမ့်မယ်။
၂။ Sex ၊ လိမ်လည်မှုနှင့် အရက်သေစာ
ဆယ်ကျော်သက်တွေနှင့်အတူ သိမ်မွေ့စွာ ကိုင်တွယ်ဖို့လိုတဲ့ ပြဿနာအချို့မှာ Sex ၊ အရက်နှင့် မူးယစ်ဆေးဝါးဖြစ်ပါတယ်။ ကလေးတွေအတော်များများက ဒီအကြောင်းအရာတွေကို မိဘနဲ့ဆွေးနွေးရမှာ ကြောက်ပါတယ်။ သူတို့က သူငယ်ချင်းတွေ(သို့) ကျောင်းမှ ယုံကြည်စိတ်ချရသူတစ်ယောက်နဲ့ စကားပြောချင်ကြပါတယ်။ တကယ်လို့ ဒီပြဿနာကို မိဘက ဖိအားသွားပေးရင် သင့်အားလိမ်လည်ဖို့ ဖိအားပေးခံရသလို ခံစားရနိုင်ပါတယ်။ ဒီအရာတွေကို ဘယ်လိုကိုင်တွယ်နိုင်တယ်ဆိုတဲ့ အချက်ကို ဖော်ပြပေးပါမယ်။ ပဋိပက္ခအချို့က ဖွံဖြိုးတိုးတတ်မှုရဲ့ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး လွှဲရှောင်လို့ မရပါဘူး။
- Sex
လိင်အကြောင်းပြောခြင်းနှင့် ပတ်သတ်လာရင် ဆယ်ကျော်သက်တွေနဲ့ မိဘတွေဟာ အရှက်အကြောက်ကြီးပါတယ်။ လိင်အကြောင်းပြောဆိုခြင်းက အသက် ၁၆နှစ်အရွယ်မှာ လွယ်ကူပါတယ်။ သို့သော် လိင်အကြောင်းကို အစောပိုင်းပြောဆိုဖို့နှင့် မကြာခဏပြောဆိုဖို့ အရေးကြီးပါတယ်၊ ဆယ်ကျော်သက်တွေဟာ ဘယ်ဟာလုပ်သင့်တယ်။ ဘယ်ဟာမလုပ်သင့်ဘူးဆိုတာကို အပြောခံရတာ မကြိုက်ကြပါဘူး။ ဒါ့ကြောင့် စကားစမြည်ပြောရင်း သူတို့နဲ့ ဆွေးနွေးပါ။ ကလေးမှာရှိနိုင်တဲ့ မေးခွန်းတွေကို ဖြေပါ။ ဒီလိုနည်းနဲ့ သူတို့ဟာ သင့်ပြောတာကို နားထောင်ဖို့ ပွင့်လင်းလာပါလိမ့်မယ်။
သင်နားထောင်ပေးတဲ့အခါ သင့်ဆယ်ကျော်သက်ကလေးဟာ သူ့ရဲ့လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှု၊ လိင်နှင့်ပတ်သတ်သောစိုးရိမ်မှုတွေကို ဖွင့်ဟဖို့ ပိုဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်နှင့် STDs ကဲ့သို့သော အန္တရာယ်တွေအကြောင်းကို ပိုနားလည်စေနိုင်ပါတယ်။ အဆင်မပြေတဲ့ စကားဝိုင်းမဖြစ်စေဖို့ သတိထားပါ။ ဘယ်လိုဆွေးနွေးရမယ်ဆိုတာသိဖို့ အင်တာနက်မှာ ရှာဖွေတာတွေ လုပ်နိုင်ပါတယ်။
- အရက်
အသက်မပြည့်သေးဘဲ အရက်သောက်သုံးခြင်းက ပြဿနာတစ်ခုဖြစ်ပါတယ်၊ ဒါ့ကြောင့်သူတို့ မမြည်းစမ်းခင်မှာ စကားပြောပေးပါ။ သူတို့ကို အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများနှင့် အရက်က စွမ်းဆောင်ရည်၊ အပြုအမှုနှင့် စိတ်နေစိတ်ထားအပေါ် ဘယ်လိုသက်ရောက်နိုင်ကြောင်း ပြောပြပါ။
- မူးယစ်ဆေးဝါး
ဆယ်ကျော်သက်တစ်ယောက်အတွက် အရာအားလုံးနီးပါးက စွန့်စားခန်းတစ်ခုဖြစ်ပါတယ်။ သူတို့က စူးစမ်းချင်ကြပါတယ်။ ဒါ့ကြောင့် ကလေးအား မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာမဖြစ်ပေါ်စေဖို့ ဒီအရာလေးတွေပြုလုပ်ပါ။ ပထမခြေလှမ်းကတော့ ဆယ်ကျော်သက်အရွယ်မှာ မူးယစ်ဆေးဝါးပြဿနာတွေအကြောင်း သင်မသိသေးဘူးဆိုရင် လေ့လာပါ။ ကလေးတစ်ယောက်ရဲ့ အကျင့်နှင့် သူတို့ကို မူးယစ်ဆေးဝါးသုံးလာအောင် ဘယ်အရာတွေ ဆွဲဆောင်နိုင်တယ်ဆိုတာကို လေ့လာပါ၊ သင့်ကလေးအား မူးယစ်ဆေးဝါးသုံးစွဲမှုရဲ့ ဥပဒေရေးရာရှုထောင့်တွေနဲ့ ဥပဒေကို ချိုးဖောက်ခြင်းရဲ့ အကျိုးဆက်တွေအကြောင်း ပညာပေးပါ။
၃။ သင့်ရဲ့တိုက်ပွဲကို ပညာရှိရှိရွေးချယ်ပါ
ဆယ်ကျော်သက်တစ်ယောက်နဲ့ စကားလက်ဆုံပြောဆိုမှုတွေက အငြင်းပွားမှုသို့ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။ မိဘတစ်ချို့က ဆေးမင်ကြောင်ထိုးခြင်း (သို့) နားဖောက်တာတို့ကို တားမြစ်နိုင်ပါတယ်။ အခြားသူတွေက ဒါဟာ သေးငယ်ပြီး ယေဘုယျအားဖြင့် မမြင်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ တည်ရှိပါက ဒီတားမြစ်မှုဟာ လွတ်လပ်မှုကင်းမဲ့တဲ့ ဖော်ပြချက်လို့ ယူမှတ်နိုင်ပါတယ်။

တကယ်လို့ သူတို့အခန်းတွေရှုပ်ပွနေမယ်၊ သူတို့ ဆံပင်ဆေးဆိုးနေမယ်ဆိုရင် အရမ်းကြီး စိတ်မပူပါနဲ့။ မကြိုက်ရင် မကြိုက်ဘူးပြောပြပါ၊ သူတို့တစ်ဖြည်းဖြည်းပြင်သွားပါလိမ့်မယ်။ သင့်ကလေးတွေ ပြုလုပ်တဲ့အရာတိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားပါက သူတို့ရဲ့လွတ်လပ်မှုကို အခိုင်အမာပြောဖို့ ခုခံ၊ ပြန်တွန်းနိုင်ဖွယ်ရှိပါတယ်။
၄။ စည်းမျဉ်းသတ်မှတ်ပေးပါ
စည်းကမ်းနှင့် ကန့်သတ်ချက်တွေက ဆယ်ကျော်သက်လူငယ်တွေအတွက် အရေးကြီးပါတယ်။ စမတ်ကျပြီး အောင်မြင်သော မိဘအုပ်ထိန်းမှုမှာ ကျိုးကြောင်းဆီလျော်မှု၊ အကျိုးဆက်တွေနှင့်အတူကောင်းမွန်စွာ သတ်မှတ်ထားသော စည်းမျဉ်းတွေ ချမှတ်မှုပေါ်မှာ အခြေခံပါတယ်။ အရေးအကြီးဆုံးကတော့ စည်းးမျဉ်းတွေနဲ့ အကျိုးဆက်တွေ ကိုက်ညီပါစေ၊ မိဘနှစ်ပါးစလုံးက စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သတ်လာရင် မျက်နှာသာ မပေးသင့်ပါဘူး။ ထို့ကြောင့် စည်းကမ်းချက်တွေ မချခင်မှာ သင့်လက်တွဲဖော်နှင့် ဆွေးနွေးပါ။ ဆယ်ကျော်သက်ကလေးတွေဟာ စည်းမျဉ်းတွေကို မိမိကိုယ်ကို ထိခိုက်စေခြင်းမရှိဘဲ သူတို့နှလုံးသား ရေးရာ (သို့) သူတို့ဘဝရဲ့ လေ့လာ့စူးစမ်းနိုင်တဲ့ နယ်နိမိတ်များအဖြစ် လုပ်ဆောင်တာကို နားလည်ဖို့ အရေးကြီးပါတယ်။
၅။ တာဝန်ယူတတ်အောင် သင်ပေးပါ
ရင်ဆိုင်ပါ။ သင့်ကလေးဟာ အရွယ်ရောက်ပြီး ငါးပေ၊ခြောက်ပေခန့်ရှိသော ဆယ်ကျော်သက်တစ်ယောက် ဖြစ်လာပါပြီ။ သူတို့ဟာ အကူအညီမဲ့နေတဲ့ ကလေးတွေတွေ မဟုတ်တော့ဘဲ အရာရာတိုင်း သင်လိုက်လုပ်ပေးစရာ မလိုတော့ပါဘူး။ သင်မကြိုက်ရင်တောင် သူတို့မကြာခင် လူကြီးတွေ ဖြစ်လာတော့မှာ ၊ လက်ကိုင်ထားစရာ မလိုတော့ကြောင်း လက်ခံဖို့ လိုအပ်ပါတယ်။ သူတို့ဆုံးဖြတ်ချက်ချတာကို ဒေါသထွက်မယ့်အစား သူတို့ကို တာဝန်ယူတတ်ဖို့ သင်ပေးပါ။

ဆုံးဖြတ်ချက်ချခြင်းနှင့် ဝေဖန်စဉ်းစားခြင်းက တာဝန်ယူမှုရဲ့ အရေးကြီးသော အခန်းကဏ္ဍနှစ်ခုဖြစ်ပါတယ်။ သင့်ဆယ်ကျော်သက်ကလေးကို သူတို့ကိုယ်သူတို့သာမက မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက်ပါ တာဝန်ယူတတ်အောင် သင်ပေးသင့်ပါတယ်။ သူတို့ကို တာဝန်ယူတတ်စေဖို့ အိမ်မှုကိစ္စတွေ ပေးခြင်း၊ နွေရာသီမှာ အလုပ်တစ်ခုလုပ်ဖို့ (သို့) လုပ်အားပေးလုပ်ဖို့ အားပေးခြင်းဖြစ်ပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction.