ဆုံးမပဲ့ပြင်ခြင်းနည်းပညာမှ ရိုက်ခြင်းအနုပညာ
ကျွန်မတို့ရဲ့ ဒီနေ့ခေတ်ကာလမှာ ဆရာ/ဆရာမတွေက ကလေးတွေကို ရိုက်တာနဲ့ပတ်သက်ပြီးတော့ မိဘတွေဘက်က မကျေနပ်ချက်တွေ၊ ခေတ်မမှီတော့ဘူးဆိုတာ ထိုးနှက်ချက်တွေ၊ ကလေးတွေမှာ စိတ်ဒဏ်ရာရသွားမယ်ဆိုတဲ့ ပညာပေးတွေစတဲ့ စတဲ့အကြောင်းအရာများစွာနဲ့ မရိုက်သင့်တော့ဘူးဆိုပြီး အတည်ပြုလာကြပါတယ်။ အားလုံးသိထားပြီးတဲ့အတိုင်း လူတစ်ယောက်ကို ကောင်းမွန်မှန်ကန်ပြီး ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်စေဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကလေးနည်းနည်းလောက်ပဲရှိတဲ့ မိဘတွေမှာတောင် အခက်အခဲတွေမြောက်များစွာရှိနေတယ်ဆိုရင် ဆရာ/ဆရာမတွေနေရာမှာ ပြဿနာတွေရှိလာတာ မဆန်းပါဘူး။သေချာတာနောက်တစ်ခုက ဒီကလေးဟာ အသက်ငါးနှစ်ပြည့်ပြီးမှသာ စာသင်ကျောင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ငါးနှစ်အထိကြီးပြင်းပုံကလည်း များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ကို ဆုံးမတဲ့နေရာမှာ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အရင်လေ့လာဖို့ လိုပါလိမ့်မယ်။

ဆရာမတွေအနေနဲ့လည်း ပဲ့ပြင်ဆုံးမဆိုတဲ့ ကျင့်ဝတ်တစ်ခုအပေါ်မှာ အလွဲသုံးစားပြုလုပ်တွေမျိုးတွေဟာ မဖြစ်သင့်ပါဘူး။ ဒေါသရဲ့ စေညွှန်မှု၊ ကိုယ်ပိုင်အတ္တရဲ့ ခိုင်းစေမှုတွေကြောင့် ရိုက်နှက်တယ်ဆိုရင် ဒါဟာဆရာ၊ ဆရာမတွေရဲ့ အလွန်ကြီးမားတဲ့မှားယွင်းမှုတစ်ခုပါ။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ရှင်သန်မှုပတ်ဝန်းကျင်အနေအထားမတူညီတဲ့အတွက် ပဲ့ပြင်ဆုံးမနည်းတွေကလည်း ပုံစံတစ်ခုတည်းတော့ ဖြစ်မနေသင့်ပါဘူး။ ဒါ့ကြောင့် ရိုက်ရမယ့် အနေအထားတွေကြုံလာရတဲ့အခါ (သို့) မသက်သာလို့ရိုက်ရတော့မယ်ဆိုရင် ဒီလိုနည်းလမ်းတွေ ကျင့်သုံးကြည့်ပါ။ ထပ်ပြီမျှဝေပေးချင်တဲ့အကြောင်းအရာကတော့ ဆရာတော်အရှင်ဆေကိန္ဒနှင့် ဆရာမကြီးတစ်ယောက်ရဲ့ အမေးအဖြေတစ်ခုနဲ့ ပတ်သက်ပြီး Video Linkကို စာပိုဒ်အောက်ဆုံးမှာ မျှဝေပေးပါ့မယ်။

၁။ ဓားစာခံအဖြစ်နဲ့ ကလေးကိုမရိုက်ပါနှင့်
ဆရာ/ဆရာမတွေဆိုတာ လူသားတွေဖြစ်တဲ့အတွက် လူနေမှုဘဝပုံစံတွေအမျိုးမျိုးရှိနေမှာပါပဲ။ ကျောင်းလာခါနီးမှ အိမ်မှာ တစ်ခုခုအဆင်မပြေတာတွေ၊ အခက်အခဲတွေ နောက်ပြီး ကျောင်းလာတဲ့လမ်းပေါ်မှာ ပြဿနာတစ်ခုခုကြုံရတာမျိုးတွေပေါ့။ ဒီနေရာမှာတစ်ခုပြောချင်တာက မီဒီယာသမားတွေ ပြောတတ်တဲ့စကားလေးတစ်ခွန်းရှိပါတယ်။ ”On Air”ခန်းထဲဝင်တော့မယ်ဆိုရင် အပြင်ကကိစ္စတွေ၊ ပြဿနာတွေအားလုံးကို အပြင်မှာပဲ ထားခဲ့ပါတဲ့။ အဲ့သလိုပါပဲ ဆရာ/ဆရာမတွေအနေနဲ့ ကျောင်းစာသင်ခန်းထဲဝင်တော့မယ်ဆိုရင် စာသင်ခန်းနဲ့ မဆိုင်တဲ့ ဘယ်လိုအပြင်ကိစ္စမျိုးကိုမဆို အပြင်မှာထားခဲ့ပါ။ ကလေးကို သင့်ရဲ့အပြင်က ပြဿနာတွေ၊ လူမှုရေးအရှုပ်အရှင်းတွေနဲ့ ရောမချပါနှင့်။

၂။ Systematicကျကျရိုက်ပါ
ဒီနေရာမှာတော့ဆရာတော် အရှင်ဆေကိန္ဒရဲ့ နည်းစနစ်လေးကို ပြောပြပေးချင်ပါတယ်။ ဆရာတော်မိန့်ထားတာက ဆရာတော်က ရိုက်တော့မယ်ဆိုရင် ကြိမ်လုံးနှင့်အတူ ပရုပ်ဆီဘူးပါတစ်ခါတည်း ယူလာပါတယ်တဲ့။ ခြေသလုံးကို ရိုက်ပါ၊ နှလုံးသားနဲ့ ခံစားရပါတယ်။ ဒူးခေါင်းကို မရိုက်ပါနှင့်တဲ့။ တင်ပါးကို ရိုက်ပါ၊ ခါးကို မရိုက်ပါနှင့်။ ခါးသီးသွားတတ်ပါတယ်တဲ့။ အထူးသဖြင့် ခေါင်းတွေ၊ မျက်နှာတွေကို လုံးဝလုံးဝ မရိုက်ပါနှင့်။
တစ်ဆက်တည်းပြောချင်တာက သင်ဒေါသအလွန်အကျွံထွက်နေချိန်မှာ လုံးဝမရိုက်ပါနှင့်။ ဒီလိုအချိန်မှာ ရိုက်ခြင်းက အလွန်အကျွံဖြစ်သွားစေနိုင်သလို ကလေးတွေ သေသည်အထိစိတ်ဒဏ်ရာရသွားစေတယ်ဆိုတာ သင်ဒေါသအလွန်အကျွံထွက်နေချိန်မှာ ရိုက်လို့ပါ။ ဒါ့ကြောင့် ကလေးကိုဆုံးမတော့မယ်ဆိုရင် အရင်ဆုံး သင့်ဒေါသကို ငြိမ်သက်အောင် လုပ်ပါ။

၃။ ဖြစ်မြောက်စေချင်တဲ့ စေတနာပါပါစေ
ရိုက်ရတဲ့ အကြောင်းတရား ခိုင်လုံပါစေ။ ဒီအကြောင်းတရားမှာ ကလေးအတွက်ဆိုတဲ့အတွေးပါဝင်ပါစေ။ စေတနာပါပါစေ၊ မေတ္တာပါပါစေ။ သူတို့ကောင်းစေချင်လို့၊ သူတို့အနာဂတ်အတွက်ဆိုတဲ့အတွေးမျိုး ရှိနေပါစေ။ ဒီအချက်ကသင့်မှာ အဓိကလိုအပ်တဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါစေ။ ဒါ့အပြင် မြန်မာ့ဓလေ့မှာ ရိုက်နှက်ဆုံးမတယ်ဆိုတာ သားသမီး (သို့) ကျောင်းသား/ကျောင်းသူအပေါ်မှာ အားမလိုအားမရဖြစ်ခြင်း၊ အနာဂတ်ကို မျှော်လင့်ခြင်း နောက်ဆုံး ဖြစ်မြောက်စေချင်လွန်းခြင်း စသော အကြောင်းအရာများစွာကြောင့် ရိုက်ခြင်းဖြစ်ပါတယ်။

၄။ ဘက်လိုက်ပြီး မရိုက်ပါနှင့်
ကျွန်မတို့အားလုံးသိထားပြီးတဲ့အတိုင်း တစ်ချို့သော ဆရာ/ဆရာမတွေဟာ ဆွေမျိုးသားချင်းဖြစ်ခြင်း၊ ငွေကြေးပြေလည်ခြင်း၊ လက်ဆောင်ပစ္စည်းရခြင်း၊ လိင်အမျိုးအစားအရ စသော အကြောင်းအမျိုးမျိုးကြောင့် ဘက်လိုက်တတ်တဲ့ ဆရာ/ဆရာမတွေရှိနေပါတယ်။ ဒါ့ကြောင့်လည်း ပြဿနာတွေပိုဖြစ်လာကြတယ် ထင်ပါတယ်။ အားလုံးက အလွန်မြင့်မြတ်ပါတယ်လို့ သတ်မှတ်ထားတဲ့ အနန္တဂိုဏ်းဝင်တွေက ဘက်လိုက်ခြင်း၊ လာဘ်စားခြင်းတွေက အင်မတန်ရှက်ဖို့ကောင်းတဲ့ ကိစ္စရပ်တွေပါ။

၅။ စံပြဖြစ်နေပါစေ
”ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့စကားက ဟာသသီးသန့်ပဲ ကောင်းပါတယ်။ ကျွန်မတို့အားလုံးဟာ နေရာတစ်ခုရောက်လာတဲ့ ကိုယ်ရောက်လာတဲ့နေရာနဲ့ ထိုက်တန်စွာ ပြုမူပြောဆိုသင့်ပါတယ်။ ဆရာ/ဆရာမဆိုတဲ့ ဘဝကို ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဖြစ်တဲ့အတွက် သင့်ဖြစ်တည်မှုတွေအပေါ်မှာ လေးစားပါ။ သင်တစ်ဘဝလုံးလုပ်သွားရမယ့် အလုပ်အပေါ်မှာ သစ္စာရှိပါ။
Chit_May_May
Nyein_Thu