တကိုယ်ကောင်းစိတ်မရှိတဲ့ ကလေးတယောက်ဖြစ်စေဖို့ ဘယ်လိုပျိုးထောင်မလဲ?

0
128
- Advertisement -

တကိုယ်ကောင်းဆန်တဲ့အပြုအမူကိုပြောင်းလဲဖို့အတွက် ပထမခြေလှမ်းကတော့ ဒီလိုအပြုအမူမျိုးဟာ ရေရှည်မှာလည်း ပြဿနာတွေနဲ့သာ ကြုံတွေ့လာရနိုင်တာကို နားလည်သဘောပေါက်စေတာဘဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ သားသမီးကို တကိုယ်ကောင်းစိတ်မရှိတဲ့ကလေးငယ်တွေအဖြစ် ပြုစုပျိုးထောင်နိုင်ဖို့အတွက် ဒီအချက်အလက်တွေကိုလည်း သိရှိထားဖို့လိုပါတယ်။

အကြောင်းရင်းကို ရှာဖို့လိုပါတယ်

ကလေးငယ်ဟာ ဘာကြောင့် တကိုယ်ကောင်းစိတ်တွေ ဝင်နေရတာလဲ? မောင်နှမတွေထဲမှာ လျစ်လျူရှုထားသလိုမျိုးခံစားနေရလို့လား။ မိဘတွေဆီက လုံလောက်တဲ့ ချစ်ခြင်းမေတ္တာမျိုးမခံစားရလို့လား။ အလိုလိုက်လွန်းလို့ ဖြစ်နေတာလား။ အမြဲလို ဦးစားပေးခံချင်လို့လား။ ကျောင်း ဒါမှမဟုတ် ရွယ်တူကလေးငယ်တွေနဲ့ ပြဿနာရှိလို့လား အစရှိတဲ့အချက်အလက်တွေကို သိဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ မိမိရဲ့ ကလေးငယ်ဟာ ဘာကြောင့် တကိုယ်ကောင်းစိတ်တွေ ဝင်နေရသလည်းဆိုတာကို အဲဒီအချက်အလက်တွေနဲ့ ကြည့်ရှုစစ်ဆေးရပါမယ်။

- Advertisement -

အပြုအမူနဲ့ပတ်သတ်ပြီး မနှစ်သက်ကြောင်းပြောပါ

တကိုယ်ကောင်းဆန်ခြင်းရဲ့ အကျိုးဆက်ကို သေချာနားလည်သဘောပေါက်အောင်ပြောဆိုပြီး မိဘတွေကိုယ်တိုင်လည်း ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ပွင့်လင်းစွာပြောဆိုဖို့လိုပါတယ်။ အမြဲတမ်းလို ဦးစားပေးခံရချင်လို့ ဒီလိုအပြုအမူမျိုးကို ပြုလုပ်တယ်ဆိုပါကလည်း အလိုမလိုက်ခြင်းကို အသုံးချပြီး သူတို့ရဲ့ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပေးရပါမယ်။

စာနာတတ်စေဖို့သင်ပေးပါ

အခြားသောသူတွေရဲ့ စိတ်ခံစားချက်တွေ၊ နာကျင်မှုတွေကို နားလည်သဘောပေါက်တဲ့ ကလေးငယ်တွေဟာ တကိုယ်ကောင်းစိတ်မျိုးမရှိတတ်ကြပါဘူး။ ဒါကြောင့်မို့ သူတပါးရဲ့ စိတ်ခံစားချက်တွေအကြောင်း သိနားလည်စေဖို့ကို ထောက်ပြပြောဆိုပြီး စာနာထောက်ထားခြင်းနဲ့ ရင်းနှီးမှုရှိစေအောင် ပြောပြထားပေးဖို့လိုပါတယ်။

ချီးမွမ်းစကားပြောကြားပေးပါ

တစုံတယောက်ကို ကူညီပေးလိုက်တာမျိုးဖြစ်ဖြစ်၊ အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ပေးတာမျိုးဖြစ်ဖြစ် အဲဒီလိုအချိန်မျိုးမှာ ချီးမွမ်းစကားပြောဆိုပေးပြီး ကလေးငယ်ကို ပျော်ရွှင်စေဖို့ပြုလုပ်ပေးပါ။ သူ့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေတိုင်းကို ချီးကျူးစကားပြောဆိုပေးပါက ကလေးငယ်သည် တကိုယ်ကောင်းစိတ်မျိုးထားရှိခြင်းနည်းပါးသွားပါလိမ့်မယ်။

စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာစေပါ

ကလေးငယ်တွေဟာ အလိုလိုက်ခံရလွန်းတဲ့အခါမျိုးမှာ တကိုယ်ကောင်းစိတ်တွေဝင်သွားတတ်ပါတယ်။ ဒါကြောင့်မို့ သူတို့ပူဆာသမျှ၊ တောင်းဆိုသမျှတွေကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းသာလိုက်လျောခွင့်ပြုပေးဖို့လိုပါတယ်။ ငိုယိုအော်ဟစ်နေတိုင်း သူတို့အလိုကိုဖြည့်ဆည်းပေးတာမျိုး အထူးရှောင်ကြဉ်ဖို့လိုပါတယ်။

စံနမူနာယူနိုင်တဲ့သူ ဖြစ်အောင်နေပါ

ဘယ်လိုသားသမီးမျိုးမဆို မိဘတွေရဲ့ အမူအကျင့်နဲ့ စရိုက်လက္ခဏာတွေကို မသိစိတ်ထဲကမှတ်သားပြီး အတုယူလေ့ရှိကြပါတယ်။ ဒါကြောင့်မို့ မိဘတွေရဲ့ ကောင်းမွန်ကြင်နာတဲ့အပြုအမူတွေ၊ ထောက်ထားစာနာမှုတွေ၊ ကူညီရိုင်းပင်းမှုတွေနဲ့ ယဉ်ကျေးပြူငှာမှုတွေဟာ ကလေးငယ်တွေကို ကောင်းမွန်တဲ့လူတယောက်ဖြစ်စေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတခုဘဲဖြစ်ပါတယ်။

ဆုချီးမြှင့်ပါ

အများအကျိုးဆောင်တဲ့ ကိစ္စတွေကိုပြုလုပ်တိုင်းမှာ ကလေးငယ်ကို ချီးမွမ်းစကားပြောကြားတာမျိုးအပြင် သူ့ရဲ့အလိုဆန္ဒတခုခုကိုဖြည့်ဆည်းပေးတာမျိုးကို ပြုလုပ်ပေးလို့ရပါတယ်။ ဒါ့အပြင် ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်တဲ့လူတွေရဲ့ လေးစားအတုယူဖွယ်ရာအကြောင်းအရာတွေ၊ ဂုဏ်သတင်းတွေကို ပြောပြပေးခြင်းအားဖြင့်လည်း တကိုယ်ကောင်းစိတ်တွေဝင်မလာစေဖို့အတွက် ပျိုးထောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆုရလို့၊ အလိုဆန္ဒဖြည့်ဆည်းပေးလို့ အများကောင်းကျိုးဆောင်ရွက်ပေးတယ်ဆိုတဲ့ စိတ်မျိုးဝင်မသွားစေဖို့အတွက်တော့ အထူးဂရုပြုသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- parenting.firstcry

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here