တကိုယ်ကောင်းဆန်တဲ့ ကလေးတယောက်ဖြစ်သွားစေတဲ့ အကြောင်းရင်းများ

0
426
- Advertisement -

လူဆိုတာမျိုးက ကိုယ့်ကိုယ်ကို ဦးစားပေးတတ်တဲ့ သဘောသဘာဝမျိုးရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းလို ကိုယ့်တကိုယ်စာကိုဘဲကြည့်၊ ကိုယ့်အတွက်ဘဲ စဉ်းစားလွန်းနေရင်တော့ ဒါဟာ ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။ တကိုယ်ကောင်းဆန်တဲ့ လူတွေအများကြီးရှိတဲ့ ရပ်ကွက်၊ အဖွဲ့အစည်း၊ တိုင်းပြည် အစရှိတာတွေဟာ တိုးတက်ကောင်းမွန်မှုမရှိသလောက်ရှားပါးပြီး ဆုတ်ယုတ်ပျက်စီးခြင်းတွေနဲ့သာ ကြုံတွေ့ရပါတယ်။

ဒါ့အပြင် ကိုယ့်တကိုယ်စာကောင်းကျိုးလောက်သာ စဉ်းစားလုပ်ကိုင်တတ်တဲ့သူတွေဟာ အသက်ရှင်နေသမျှတလျှောက်လုံးသာမက သေလွန်သွားသည့်တိုင်အောင် လူအများရဲ့ အပြစ်တင်ရှုံ့ချခြင်းကို ခံရသလို၊ မျိုးရိုးစဉ်ဆက်ပါ နာမည်သေသွားပြီး လုပ်သမျှအရာအားလုံး ကောင်းကျိုးရရှိဖို့မလွယ်ကူနိုင်တော့ပါဘူး။ ဒါကြောင့်မို့ မိမိတို့ရဲ့ ကလေးငယ်တွေကို တကိုယ်ကောင်းဆန်တဲ့ ကလေးတယောက်မဖြစ်စေဖို့အတွက် အချို့သောအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်တဦးကို တကိုယ်ကောင်းဆန်တဲ့လူတယောက်ဖြစ်သွားစေဖို့ အကြောင်းရင်းများစွာရှိပေမယ့် အဓိကအချက်ကတော့ မိဘတွေရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပံ့ပိုးကူညီသလိုဖြစ်စေတဲ့ အကြောင်းရင်းများကြောင့်ဘဲဖြစ်ပါတယ်။ အဲဒါတွေကတော့ ချစ်ခြင်းမေတ္တာကို မခံစားရခြင်း၊ လျစ်လျူရှုခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း အစရှိတာတွေဟာ ကလေးငယ်တဦးကို တကိုယ်ကောင်းဆန်သွားစေပါတယ်။

သားသမီးချင်းအတူတူ သူ့ကိုဂရုမစိုက်ဘူးလို့ထင်မြင်တဲ့အခါ၊ သူ့ထက်ပိုပြီး အခြားသောမွေးချင်းမောင်နှမတွေကို ဦးစားပေးတယ်လို့ ခံစားရတဲ့အခါ၊ မိဘတဦးဦး ဒါမှမဟုတ် အခြားသောမိသားစုဝင်တဦးသည် တကိုယ်ကောင်းဆန်တဲ့လူတယောက်လို ပြုမူနေတဲ့အခါမျိုးမှာ ကလေးငယ်တွေဟာ အတုယူမှားပြီး တကိုယ်ကောင်းဆန်လာတတ်ကြပါတယ်။ နောက်တချက်က မိဘတွေဟာ စည်းမျဉ်းစည်းကမ်းမထားရှိဘဲ ကလေးငယ်ကို အလိုလိုက်လွန်းတဲ့အခါမျိုးမှာလည်း အခြားသောသူတွေအတွက် မစဉ်းစားတတ်တော့ဘဲ ကိုယ့်အကျိုးအတွက်သာရယူဖို့ စိတ်အားထက်သန်သွားတတ်ကြပါတယ်။

မိဘတွေသည် ကလေးငယ်တွေကို သနားကြင်နာတတ်တဲ့စိတ်ထား၊ စာနာရိုင်းပင်းတတ်တဲ့စိတ်ထား၊ မျှဝေကူညီတတ်တဲ့စိတ်ထားမျိုးတွေကို နားလည်သိတတ်အောင် သင်ကြားပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာ ဖွံ့ဖြိုးတိုးတက်လာပြီး တကိုယ်ကောင်းစိတ်တွေလည်းနည်းပါးသွားမှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- parenting

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here