တစ်ဆင့်ခံ ဆေးလိပ်ငွေ့ နဲ့ ကပ်ညှိစွဲကျန်ခဲ့တဲ့ ဆေးလိပ်ငွေ့တွေရဲ့ ကလေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ

0
462
- Advertisement -

ဆေးလိပ်သောက်ခြင်းက သောက်သူရော၊ ဘေးနားက ရှုရှိုက်ရသူတွေပါ ကျန်းမာရေးထိခိုက်စေတာကို လူတိုင်းသိကြပါတယ်။ ဆေးလိပ်ငွေ့ဟာ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပန်းနာရင်ကျပ်၊ အသက်ရှုလမ်းကြောင်းမကောင်းသူတွေမှာ ပိုဆိုးစေပါတယ်။ ဆေးလိပ်မသောက်ဘဲ ပတ်ဝန်းကျင်က ဆေးလိပ်သောက်သူတွေရဲ့ ဆေးလိပ်ငွေ့တွေကို ရှုရှိုက်မိတဲ့နေရာမှာ Second-hand smoke နှင့် Third-hand smoke ဆိုတဲ့အခြေအနေ ၂မျိုးရှိပါတယ်။

Second-hand smoke ဆိုတာ ဘာလဲ?

Second-hand smoke ဆိုတာ ဆေးလိပ်သောက်သူ ရှုထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကို ဘေးနားကလူ ရှုရှိုက်မိခြင်းဖြစ်ပါတယ်။ ကလေးအများစုဟာ မိဘတွေ၊ မိသားစုနှင့် မိသားစုရဲ့ မိတ်ဆွေတွေ ဆေးလိပ်သောက်တဲ့အခါ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ထိတွေ့ရလေ့ရှိပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိခြင်းကို တစ်ခါတစ်ရံမှာ passive smoking လို့လည်းသိကြပါတယ်။

- Advertisement -

Third-hand smoke ဆိုတာဘာလဲ?

Third-hand smoke ဆိုတာ အရေပြား၊ ဆံပင်၊ အဝတ်အထည်၊ ပရိဘောဂနှင့် အခင်းများအပါအဝင် တစ်ယောက်ယောက် ဆေးလိပ်သောက်ခဲ့တဲ့ နေရာက မျက်နှာပြင်ပေါ်မှာ ကျန်နေခဲ့တဲ့ ဆေးလိပ်အကြွင်းအကျန်တွေ (သို့) ဆေးလိပ်သောက်ပြီး အိမ်နံရံတွေနဲ့ အခန်းထဲမှာ ခိုအောင်းကျန်ခဲ့တဲ့ ဆေးလိပ်အကြွင်းအကျန် အခိုးအငွေ့တွေကို ရှူရှိုက်နေရတာ ဖြစ်ပါတယ်။ ဆိုလိုတာက လူကြီးတွေ စီးကရက်သောက်ပြီးနောက်မှာ ဘေဘီလေးတွေနဲ့ ကလေးတွေဟာ စီးကရက်မှ အန္တရာယ်ရှိ အဆိပ်အတောက်များနှင့် ထိတွေ့နေရဆဲဖြစ်ပါတယ်။

second-hand smoke နဲ့ third-hand smoke က ကလေးတွေအတွက် ဘာ့ကြောင့် အန္တရာယ်ရှိတာလဲ?

တစ်ဆင့်ခံမီးခိုးနှင့် အရာဝတ္တုတွေပေါ်မှာ စွဲကျန်ရစ်ခဲ့တဲ့ ဆေးလိပ်ငွေ့ဟာ အထူးသဖြင့် ဘေဘီလေးတွေနဲ့ ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေထက် လေလမ်းကြောင်း သေးငယ်ပြီး လေလမ်းကြောင်းက ဖွံ့ဖြိုးဆဲ ဖြစ်လို့ပါပဲ။ ထို့အပြင် ဘေဘီလေးတွေနဲ့ ကလေးတွေဟာ လူကြီးတွေထက် ကိုယ့်ခံအားစနစ် အားနည်းပါသေးတယ်။
ကလေးငယ်တွေဟာ ကြမ်းပြင်ပေါ်ရှိ (သို့) အနီးအနားရှိ ကစားစရာတွေကို လက်နဲ့ကိုင်တာ၊ သူတို့ပါးစပ်ထဲထည့်တာ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးတွေဟာ လူကြီးတွေထက် third-hand smoke ကနေ အဆိပ်တွေကို ရှုရှိုက်မိခြင်း (သို့) မျိုချမိခြင်း ပိုဖြစ်နိုင်ပါတယ်။

ဆေးလိပ်မသောက်ဘဲ ပတ်ဝန်းကျင်က ဆေးလိပ်သောက်သူတွေရဲ့ ဆေးလိပ်ငွေ့တွေကို ရှုရှိုက်ရခြင်းနှင့်အတူ ဆက်စပ်နေတဲ့ ကျန်းမာရေး အန္တရာယ်များ

တဆင့်ခံဆေးလိပ်မီးခိုးနှင့် ထိတွေ့မိတဲ့ ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စောစောစီးစီး သေဆုံးခြင်းနှင့် ရောဂါအမျိုးမျိုးဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
ဥပမာ- တဆင့်ခံမီးခိုးက နို့စို့အရွယ်ကလေးတွေမှာ (SUDI) ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးနိုင်သော ကလေးရဲ့ အသက်ရှုမှုနှင့် နှလုံးခုန်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ မိဘတွေဟာ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားပြီးနောက် ဆေးလိပ်သောက်ပါက ကလေးရဲ့ (SUDI) အန္တရာယ်ကို တိုးလာစေပါတယ်။ ကလေးတစ်ယောက်ဟာ တစ်ဆင့်ခံမီးခိုးပိုရလေလေ (SUDI) အန္တရာယ် ပိုများလေလေဖြစ်ပါတယ်။

ကလေးတွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့် ထိတွေ့ပါက သူတို့ရဲ့ လေလမ်းကြောင်းမှာ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အခြားကလေးတွေထက်စာရင် အဆုတ်နှင့် အခြားကျန်းမာရေးပြဿနာများကို ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒီပြဿနာများကတော့

  • ပန်းနာရင်ကျပ်ရောဂါ
  • bronchiolitis (အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း)
  • သွေးကင်ဆာအပါအဝင် ကလေးဘဝ ကင်ဆာများ
  • croup ချောင်းဆိုးရောဂါ
  • နားရောဂါကူးစက်မှုများ
  • ဦးနှောက်အမြှေးရောင်ရောဂါနှင့် သွေးအဆိတ်တတ်ခြင်း အပါအဝင် meningococcal ရောဂါများ
  • အဆုတ်ရောင်ရောဂါ
  • အာသီးရောင်ရောဂါ

အဆိပ်အတောက်ပမာဏက အရမ်းနည်းနေရင်တောင် ကလေးရဲ့ ဦးနှောက်က အရမ်းနုနယ်သေးတာကြောင့် တစ်ဆင့်ခံဆေးလိပ်မီးခိုးနှင့် အရာဝတ္တုတွေပေါ်မျာ ကပ်ညှိနေတဲ့ ဆေးလိပ်မီးခိုးတွေကို ထိတွေ့ခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးဆဲ ဦးနှောက်ကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ အဆုတ်နှင့် အခြားကျန်းမာရေးပြဿနာများရှိတဲ့ ကလေးတွေဟာ second-hand smoke နဲ့ third-hand smoke အန္တရာယ် ပိုများပါတယ်။

ကလေးကို ဒီအန္တရာယ်တွေမှ ကာကွယ်ခြင်း

သင့်ကလေးကို ဆေးလိပ်ငွေ့မှ ကာကွယ်ဖို့ အရေးအကြီးဆုံး နည်းလမ်းက ဆေးလိပ်ဖြတ်ခြင်းဖြစ်ပါတယ်။ ဒါက သင့်ကလေးရဲ့ ဆေးလိပ်မီးခိုးထိတွေ့မှုကို လျော့နည်းစေပါတယ်။ သင့်ကလေးအား ဆေးလိပ်မသောက်တဲ့ အပြုသဘော စံနမှုနာကောင်းကို ပေးပါတယ်။ တကယ်လို့ သင်ဟာ ဆေးလိပ်ဖြတ်ဖို့ အဆင်သင့် မဖြစ်သေးပါက (သို့) အိမ်က တစ်ယောက်ယောက်က ဆေးလိပ်သောက်ရင် ကလေးအား မီးခိုးငွေ့ထိတွေ့မှုကို လျှော့ချဖို့ လုပ်နိုင်တဲ့အရာများ ရှိပါသေးတယ်။

အိမ် (သို့) ကားထဲတွင်ရှိနေချိန် ကလေးအနားမှာ ဘယ်သူမှဆေးလိပ်မသောက်ဖို့ ဖြစ်ပါတယ်။ အခြားမိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ စောင့်ရှောက်သူတွေနဲ့ ဧည့်သည်တွေကိုလည်း အလားတူ ပြုလုပ်ဖို့ တောင်းဆိုရပါမယ်။ ကလေးနားမှာ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မိတ်ဆွေတွေနဲ့ မိသားစုအား ရှင်းပြဖို့ လိုကောင်းလိုပါလိမ့်မယ်။ သူငယ်ချင်းတွေဆီကို သွားလည်တဲ့အခါ (သို့) အခြားသူတစ်ဦးဦးရဲ့ စောင့်ရှောက်မှုအောက်မှာ ကလေးတွေကို ထားခဲ့တဲ့အခါ ပတ်ဝန်းကျင်မှာ ဆေးလိပ်မီးခိုးကင်းစေဖို့ ကြိုးစားပါ။

ကလေးတွေပါတဲ့ ကားထဲမှာ ဘယ်တော့မှ ဆေးလိပ်မသောက်ပါနဲ့။ ကားပြတင်းပေါက်ကို ဖွင့်ထားခြင်းက ကလေးငယ်တွေအား ဆေးလိပ်ငွေ့သက်ရောက်မှုကို ရပ်တန့်ဖို့ မလုံလောက်ပါဘူး။ ၁၆ -၁၈နှစ်အောက် ကလေးတွေရှိတဲ့ ကားထဲမှာ ဆေးလိပ်သောက်ခြင်းက တရားမဝင်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့မှ ကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက အိမ်နှင့် ကားထဲမှာ ဆေးလိပ်မသောက်ဖို့ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here