တသီးတသန့်နေတတ်တဲ့ Introvert လေးတွေကို ဘယ်လိုပျိုးထောင်မလဲ?

0
120
- Advertisement -

မေမေတို့ ကလေးဟာ အပေါင်းအသင်းနဲ့ နေရတာထက် တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်သူလား? မေမေတို့အနေနဲ့ ကလေးဟာ ဧည့်သည်လာလို့လည်း နှုတ်ဆက်စကားပြောရကောင်းမှန်းမသိ ဘာသိဘာသာနေတတ်လို့ သူမရဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ ထင်နေရပါသလား? ကလေးကို အတင်းပြောင်းလဲပေးဖို့ ကြိုးစားဖူးပါသလား? ဒီလိုဘာသိဘာသာနေတတ်တဲ့ ကလေးတွေရှိပါက မေမေတို့ရဲ့ မိဘအုပ်ထိန်းမှုဗျူဟာကို မတူညီတဲ့နည်းလမ်းနဲ့ ချဉ်းကပ်ဖို့လိုပါတယ်။ ကလေးတစ်ယောက်ကို ပျိုးထောင်ရတော့မယ်ဆိုရင် ကလေးရဲ့ စိတ်ကဘယ်လိုလဲ ဆိုတာကို အကြမ်းဖျင်းသိထားမှသာ မိဘတွေအနေနဲ့ ကိုယ့်ကလေးနဲ့ နားလည်မှုရနိုင်မှာ ဖြစ်ပါတယ်။

တသီးတသန့်နေတတ်တဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်မလဲ?

မေမေတို့အနေနဲ့ ရှက်တတ်ခြင်းနှင့် တသီးတသန့်နေတတ်ခြင်းကို မကြာခဏ ရောထွေးနိုင်ပါတယ်။ ဒါကြောင့် မေမေတို့ကလေးဟာ တစ်သီးတစ်သန့်နေတတ်သူ (introvert) တစ်ယောက်ဖြစ်ပါက သတိပြုမိလိမ့်မယ့် အပြုအမှုတစ်ချို့ကို သိထားရပါမယ်။

- Advertisement -
  • ကလေးဟာ တစ်ယောက်တည်းနေရတာကို နှစ်သက်ပြီး သူမရဲ့စိတ်ကူးယဉ်သူငယ်ချင်းတွေ(သို့) ကစားစရာတွေနဲ့ ကျေနပ်နိုင်ပုံရပါတယ်။
  • သူမဟာ လူရွေးပေါင်းတတ်ပြီး သူငယ်ချင်း ၁ယောက်၊ နှစ်ယောက်သာ ရှိတတ်ပါတယ်။ အုပ်စုနဲ့ နေရတာကို အဆင်မပြေတတ်ပါဘူး။
  • သူတို့ဟာ လူသစ် (သို့) အခြေအနေသစ်နဲ့ အသားကျဖို့ အချိန်အနည်းငယ် ယူရနိုင်ပါတယ်။
  • ကလေးဟာ နားထောင်သူ၊ လေ့လာသူသက်သက်ဖြစ်ပြီး တွေးတောနေတတ်သော ကလေးဖြစ်ပါတယ်။
  • assignments (သို့) projects တွေကို သူကိုယ်တိုင်လုပ်ရတာ နှစ်သက်ပါတယ်။

မေမေတို့ရဲ့ introvert ကလေးငယ်ကို ပြုစုပျိုးထောင်နိုင်တဲ့ နည်းအချို့ရှိပါတယ်။

၁။ သူ့ဘာသာတစ်ယောက်တည်း နေခွင့်ပေးပါ

မေမေတို့ကလေးဟာ အရာရာကို စဉ်းစားပြီး၊ တစ်ယောက်တည်း အေးအေးဆေးဆေး အချိန်အတိုင်းအတာ တစ်ခုလောက်ယူပြီး သူ့ဘာသာသူ အားပြန်ဖြည့်နိုင်ဖို့အတွက် သီးသန့်အချိန်ယူဖို့ လိုပါလိမ့်မယ်။ အများတကာနဲ့ ပေါင်းသင်းတတ်သူတွေနဲ့ တစ်ယောက်တည်းနေတတ်သူတွေဟာ တွေးပုံတွေးနည်းကလည်း ကွာခြားကြပါတယ်။ မေမေတို့ ကလေးဟာ တခြားသူတွေနဲ့ထိုင်ပြီး စကားတွေပြောနေမယ့်အစား အမြဲတမ်းတစ်ယောက်တည်းနေချင်ပါလိမ့်မယ်။

၂။ ပထမဆုံးရင်းနှီးမှုပုံစံဖြစ်အောင်လုပ်ပါ

တစ်သီးတစ်သန့်နေတတ်တဲ့ ကလေးအား ကူညီဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက နှောင်ကြိုးတည်ဆောက်ခြင်းဖြစ်ပါတယ်။ သူနှင့် အပြန်အလှန်မဆက်ဆံခင်မှာ စိတ်ခံစားချက် ချိတ်ဆက်မှု ဖြစ်ပေါ်ဖို့ အရေးကြီးပါတယ်။ သင့်ကလေးဟာ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ အလာပ သလ္လာပစကားပြောချင်မှာမဟုတ်ပေမယ့် ပိုပြီးအဓိပ္ပာယ်ရှိတဲ့အရာတွေကိုတော့ ဆွေးနွေးပါလိမ့်မယ်။

ကလေးက တစ်သီးတစ်သန့်နေလို့လည်း ရှက်တတ်သူ၊ ရိုင်းစိုင်းသူလို့ ပြောလို့မရပါဘူး။ Introvert တစ်ယောက်ရဲ့ပင်ကိုယ်စရိုက်က တည်ငြိမ်တဲ့ သဘောသဘာဝရှိပြီး အရမ်းရင်းနှီးတဲ့လူကလွဲရင် ဘယ်သူနဲ့မှ စကားသိပ်မပြောတတ်ပါဘူး။ ဒါ့ကြောင့် ကလေးကို သူစိမ်းတစ်ယောက်နဲ့ စကားပြောစေချင်ရင် ထိုသူနှင့် connection တစ်ခုတည်ဆောက်ဖို့ ကလေးအားကူညီပေးရပါမယ်။ ဒါမှသာ သင့်ကလေးအား ထိုသူက သူ့အတွက် လုံခြုံကြောင်းသိစေပြီး ယုံကြည်စိတ်ချနိုင်ပါလိမ့်မယ်။

တစ်စုံတစ်ယောက်နဲ့ စကားပြောဖို့ သူ့ကို အတင်းမတိုက်တွန်းပါနဲ့။ ပိုဆိုးတာကတော့ သူ့ကို ရှက်တတ်သူလို့ တံဆိပ်ကပ်တာမျိုး(သို့) သူပြောဖို့ ငြင်းဆန်ပါက ကလေးကို လူတွေရှေ့မှာ အော်တာမျိုး မလုပ်ပါနဲ့။

၃။ နှုတ်ကမပြောဘဲ သူမရဲ့ခံစားချက်တွေကို နားလည်ပါ

မေမေတို့ရဲ့ Introvert ကလေးတွေဟာ သူမရဲ့ခံစားချက်တွေကို နှုတ်ကမပြောတတ်သော်လည်း သူမရဲ့စိတ်ထဲမှာ အမှန်တကယ် ခံစားရနိုင်ပါတယ်။ မေမေတို့ကလေးဟာ စိတ်ဖိစီးမှုခံစားနေရရင်တောင် အဲဒီအကြောင်းကို ပြောဖို့ သူ့အတွက် အချိန်အများကြီးယူရပါလိမ့်မယ်။ မေမေတို့ကို ဒီအကြောင်း မပြောခင်မှာ ဒါဘာ့ကြောင့်ဖြစ်ရတာလဲ၊ ဘာလုပ်ဖို့ လိုမလဲ?ဆိုတာကို သူစဉ်းစားချင် စဉ်းစားနေပါလိမ့်မယ်။

သူ့ရဲ့စိတ်ခံစားမှုကို သူရဲ့လုပ်ရပ်တွေမှတဆင့် နားလည်ပါ။ သူရဲ့အပြုအမှုမှာ ရုတ်တရက်ပြောင်းလဲမှုရှိ/မရှိ၊ မလိုအပ်ဘဲ စိတ်ဆိုးခြင်း (သို့) ရုတ်တရက်ဒေါသထွက်ခြင်း ရှိ/မရှိကို ကြည့်ပါ ။ သူ့ရဲ့ခံစားချက်တွေနဲ့ ပတ်သတ်လာတဲ့အခါ သူရဲ့စိတ်ကို ဖတ်တတ်ဖို့သင်ယူပါ။ သူ့ကို ဖွင့်ပြောဖို့၊ ချက်ချင်းဆွေးနွေးဖို့ တွန်းအားမပေးပါနဲ့။

၄။ တဖြည်းဖြည်းချင်း ပြောင်းလဲပေးပါ

မေမေတို့ ကလေးဟာ လူသစ်တွေနဲ့ တွေ့ဆုံခြင်း(သို့) နေရာသစ်မှာ အခြေချခြင်းမှာ ချက်ချင်းကြီး အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့ရဲ့ခံစားချက်တွေကို နားလည်ပြီး လေးစားပါ။ အသစ်တစ်ခုကို လက်ခံဖို့ သင့်ကလေးအား အချိန်ယူပါစေ။ သူ့ကို အတင်းအကျပ်ခိုင်းတဲ့ နည်းလမ်းနဲ့မဟုတ်ဘဲ လုပ်ဖို့သာ အားပေးပါ။ ကလေးက သူစိမ်းတွေနဲ့ ရင်းနှီးဖို့ အချိန်ယူရတာကြောင့် ဥပမာ- ကျောင်းစတတ်ချိန်မှာ သူငယ်ချင်းအပေါင်းအသင်းရအောင်၊ ဆရာ/ဆရာမတွေနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးတာမျိုး ပြုလုပ်ပေးပါ။

ကလေးဟာ သူငယ်ချင်းအသစ်တစ်ယောက်နဲ့ အပြန်အလှန် ပြောဆိုဆက်ဆံနေခြင်းကဲ့သို့သော တစ်နေရာရာမှာ အထူးကြိုးပမ်းအားထုတ်နေတာကိုမြင်ရင် သူကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ကြောင်းကို ပြောပြပါ။

မေမေတို့ရဲ့ introvert ကလေးဟာ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ နွေးထွေးမှုနှင့် ဂရုစိုက်မှုရဲ့ ရတနာလေးဖြစ်ပါတယ်။ သူလုပ်တဲ့လမ်းစဉ်ကို နားလည်ပေးပြီး လေးစားပေးပါ။ မေမေတို့ ဘယ်လောက် ဂုဏ်ယူတယ်ဆိုတာကို ပြောပြပေးပါ။

Chit_MayMay

LM_Nandar

Source-momjunction.

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here