မြန်မာနိုင်ငံက အိမ်ထောင်မှုတစ်ခုမှာ သားယောက်ျားလေးတွေက အမြဲတမ်းဆိုးသွမ်းနေတယ်ဆိုတဲ့ အဓိကအကြောင်းအရင်းက မိဘတွေပဲ ဖြစ်ပါတယ်။ မိသားစုတစ်ခုမှာ သမီးမိန်းကလေးဆို ဖိနှိပ်ထားတတ်ပြီး သားယောက်ျားလေးဆိုရင် စည်းဘောင်တွေမရှိတဲ့ထိ လွှတ်ပေးတတ်ကြတာကို အမှန်တကယ် မြင်တွေ့နေရပြီး ကိုယ်တိုင်လည်း ကြုံခဲ့ရမှာပါ။ သားယောက်ျားလေးတွေနဲ့တန်းတူ သမီးမိန်းကလေးတွေကိုလည်း လွတ်လပ်ခွင့်ပေးပြီး တာဝန်ယူမှုရှိတဲ့ အနာဂတ်လေးတွေကို ဖန်တီးနိုင်စွမ်းက မိဘတွေမှာအပြည့်ရှိပါတယ်။

ပတ်ဝန်းကျင်မှာလည်း ကြုဖူးကြပါလိမ့်မယ် ” ကျွန်မသားလေးက အရမ်းဆိုးတယ်၊ သူလုပ်ချင်တာကိုလုပ်ရမှ” ဆိုတာတို့ ” အိမ်ကသမီးက ဗိုင်းကောင်းကျောက်ဖိလေ၊ အရမ်းလိမ္မာတာ ” အစရှိသဖြင့်ပေါ့။ ဒါကို ကြည့်ချင်းအားဖြင့် မိဘတွေက သားနဲ့သမီးကြားမှာ မတူညီတဲ့ ထိန်းကျောင်းမှုတွေကို အရမ်းကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ အခုခေတ်မှာတော့ နည်းပညာ ဗဟုသုတတွေကြောင့် အိမ်တွင်းပုန်းနေတဲ့ မိန်းကလေးတွေလည်း အောင်မြင်အောင် ကြိုးစားနေကြတာကို တွေ့လာရပါတယ်။ ဒါပေမယ့် လူတောမတိုးအောင် အကြောက်တရားတွေနဲ့ ဆွဲထားနေသေးတဲ့ မိဘတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် သားသမီးကို ချစ်တာလား နှစ်တာလားဆိုတာကို မိဘတွေအနေနဲ့ ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။

ဒါကြောင့် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကလေးတွေဖြစ်အောင် ဘယ်လိုမျိုး ပုံဖော်ကြမလဲ? ကိုယ့်ရဲ့ကလေးက ဘယ်အချိန်မှာ တာဝန်ယူဖို့ အဆင်သင့်ဖြစ်မလဲ? ခေတ်နဲ့အညီပြောင်းလဲလာတဲ့ လူမှုဆက်ဆံရေးမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ အပိုင်းကအရေးကြီးလာပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို တာဝန်ယူတတ်တဲ့ လူတော်လေးလူကောင်းလေးတွေ ဖြစ်ဖို့လမ်းညွှန်ပြပေးတတ်ဖို့ လိုပါတယ်။ ဒါက သူ့ကိုယ်သူ ပြုစုစောင့်ရှောက်ဖို့နဲ့ သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို စောင့်ရှောက်ပေးနိုင်ကြောင်းသိစေမှာ ဖြစ်ပြီး ကလေးဘဝနောက်ပိုင်းမှာ ပိုကြီးလေးတဲ့ တာဝန်တွေအတွက် သူ့ကိုပြင်ဆင်ပေးနိုင်ပါလိမ့်မယ်။
ဒီအချက်လေးတွေကတော့ ကလေးတွေအတွက် မိဘတွေလုပ်ပေးသင့်တဲ့ ထိန်းကျောင်းမှုပုံစံလေးတွေပဲ ဖြစ်ပါတယ်။
၁။ ကိုယ်တိုင်လုပ်ပြပြီး လမ်းညွှန်ပေးပါ
သင့်ကလေးကို လုပ်စရာအလုပ်တစ်ခုပေးတဲ့အခါ ရိုးရှင်းတဲ့ လမ်းညွှန်မှုက အရေးပါပါတယ်။ ပါးစပ်နဲ့ ပြောတာထက် ကိုယ်လုပ်လုပ်ပြီး ပြသပေးတာက ကလေးအတွက် ပိုပြီး နားလည်သဘောပေါက်စေပါတယ်။ ဉပမာ- ပန်းကန်ကိုနေရာတကျချဖို့ဆိုရင် ကိုယ်တိုင်အရင်ဆုံး စားပွဲပေါ်မှာ ပန်းကန်ပြားတစ်ချပ်ကို စနစ်တကျချပြီးမှ လိုက်လုပ်စေချင်းပဲ ဖြစ်ပါတယ်။ ကလေးကလုပ်ပြီးပြီး ဆိုရင်တော့ ချီးမွမ်းပေးဖို့ မမေ့ပါနဲ့။

၂။ အလုပ်ပြီးရင် ဆုပေးပါ
ကလေးရဲ့ အသက်အရွယ်က ငယ်သေးတယ်ဆိုရင် အာရုံစူးစိုက်မှုကလည်း တိုတောင်းနေသေးပါတယ်။ ကလေးရဲ့ တာဝန်ယူမှုအတွက် သူလုပ်ထားတဲ့ အရာတွေကို ပြန်သိမ်းတာမျိုး၊ ပြန်ရှင်းတာမျိုးကို အတင်းအကျပ်လုပ်ခိုင်းတာထက် ” ကစားကွင်းသွားချင်ရင် ဒါတွေကို အရင်ဆုံးပြန်ရှင်းရမယ်” ဆိုတာမျိုးက ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ်ကို ကလေးကသဘောပေါက်စေပါတယ်။
၃။ ခြိမ်းခြောက်မှုကို ရှောင်ပါ
သင့်ကလေးကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ ရှင်းရှင်းလင်းလင်း ပြောပြပါ။ သို့သော် ခြိမ်းခြောက်ခြင်း၊ အမိန့်အာဏာမျိုးမပါစေပဲ အပြုသဘောမျိုးဖြင့် ရှင်းပြပါ။ ဥပမာ- ကလေးက “ဘီစကစ်လိုချင်တယ်” လို့ပြောရင် ” စားပွဲမှာထိုင်မယ်ဆိုရင် ဘီစကစ်စားလို့ရပြီ” လို့ တုံ့ပြန်လိုက်ပါ။

၄။ စံနမူနာကောင်းပြပါ
သင့်ကိုယ်ပိုင်အရာများနှင့် ကိုယ်ပိုင်နေရာကို ကောင်းစွာဂရုစိုက်ခြင်းဖြင့် သင့်ကလေးအား မည်သို့တာဝန်ယူကြောင်းပြသပါ။ ပြီးလျှင်ဘာကြောင့်လုပ်ရတယ်ဆိုတာကို ရှင်းပြပါ။
၅။ ရလာဒ်မဟုတ်ပဲ အားထုတ်မှုကို အာရုံစိုက်ပါ
ကလေးရဲ့လုပ်ချင်တဲ့ ရည်ရွယ်ချက်အပေါ် လက်တွေကပြီးပြည့်စုံတဲ့ အရာမဖြစ်ခဲ့ရင်တောင် သူ့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ။ သူ့ကိုဝေဖန်တာမျိုးမလုပ်ပါနဲ့။ ဒါက သူ့ရဲ့ယုံကြည်မှုနဲ့ စိတ်ခံစားချက်ကို လျော့ကျစေပြီး ကူညီလိုတဲ့ဆန္ဒကို လျော့ကျစေပါတယ်။

၆။ ကျား/မ မခွဲခြားပါနှင့်
မိန်းကလေးဖြစ်လို့ အိမ်မှုကိစ္စလုပ်ရမယ်၊ ယောက်ျားလေးမလို့ မငိုရဘူး၊ စတဲ့ ကျား/မခွဲခြားတဲ့ စနစ်ကိုအတတ်နိုင်ဆုံး ဖယ်ရှားပါ။ ဦးနှောက်ထဲ တသတ်မတ်ထဲ လုပ်ဆောင်ရမယ်ဆိုတဲ့ ဘောင်တွေကို မရိုက်သွင်းပါနဲ့။ ဘောင်တွေကိုကျော်ပြီး ဘာတွေထပ်လုပ်နိုင်မလဲ ဆိုတာမျိုးကို အားပေးပါ။ တန်းတူညီမျှ ဦးစားပေးပါ။
၇။ ချီးမွမ်းပေးပါ
သင့်ကလေး တာဝန်သိသိလုပ်ဆောင်ရန် ကြိုးစားတိုင်း မအောင်မြင်လျှင်ပင် သူ့ကို ချီးမွမ်းခြင်းနှင့် အာရုံစူးစိုက်မှု များများပေးပါ။ ဒါက ကလေးရဲ့ ကြိုးစားအားထုတ်မှုကို အရေးကြီးပြီး တန်ဖိုးထားကြောင်း ပြသပါ။ သင့်ကလေးကို လေးစားမှုရှိစေရန် မည်သည့်အချိန်တွင်မဆို မျှော်လင့်ပြီး ချီးမွမ်းအားဖြည့်ပေးပါ။
ref-babycenter