တုပ်ကွေးရာသီမှာ သားသားမီးမီးတို့ကျန်းမာနေစေဖို့ မေမေတို့လုပ်ဆောင်ပေးရမယ့်အချက်များ

0
147
- Advertisement -

အခုဆို မိုးတွင်းကာလကိုရောက်ရှိနေပြီဖြစ်တာကြောင့် ရာသီတုပ်ကွေးတွေ အဖြစ်များလာပြီး သားသားမီးမီးတွေအနေနဲ့လည်း သွေးလွန်တုပ်ကွေးအပြင် အခြားသောရာသီတုပ်ကွေးအန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုအချိန်မျိုးမှာ သားသားမီးမီးတို့အားလုံး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေဖို့အတွက် မေမေတို့ဘက်က ဂရုတစိုက်လုပ်ဆောင်ပေးသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လက်မှန်မှန်ဆေးတတ်တဲ့အကျင့်ရှိအောင် သင်ကြားပေးထားပါ။
မေမေတို့အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ရာသီတုပ်ကွေးတွေ၊ ဗိုင်းရပ်စ်အန္တရာယ်တွေကြောင့်တင်မဟုတ်ဘဲ သားသားမီးမီးတို့ကို လူမှန်းသိတတ်စအရွယ်တည်းက လက်မှန်မှန်ဆေးတတ်တဲ့အကျင့်ရှိအောင် သင်ကြားပေးထားသင့်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေက ကလေးငယ်တွေရဲ့ လက်မှာကပ်ငြိနေတတ်ပြီး လက်ကတစ်ဆင့် ပါးစပ်နဲ့နှာခေါင်းအတွင်းကို ဝင်ရောက်တတ်တာကြောင့် ကစားပြီးတိုင်း၊ အစာမစားခင်နဲ့အစာစားပြီးတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ သေချာစနစ်တကျဆေးကြောတတ်အောင် သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။

၂။ လန်းလန်းဆန်းဆန်းရှိနေပါစေ။
သားသားမီးမီးတို့ကို အသက်အရွယ်အလိုက် သင့်တော်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်တတ်အောင် မေမေတို့တင်မကဘဲ ဖေဖေတို့ကပါ လေ့ကျင့်သင်ကြားပေးထားရပါမယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ဘယ်လိုအသက်အရွယ်မျိုးမှာမဆို ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အရာဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေတာကြောင့် ရာသီတုပ်ကွေးတွေအဖြစ်များနေတဲ့ကာလမှာ သားသားမီးမီးတို့ အားလုံး လန်းဆန်းတက်ကြွနေစေဖို့ ဖေဖေမေမေတို့နဲ့အတူ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပေးတာမျိုး ဒါမှမဟုတ် အန္တရာယ်ကင်းကင်း ဆော့ကစားနိုင်အောင် စီစဥ်ပေးသင့်ပါတယ်။

၃။ အိပ်စက်ချိန်လုံလုံလောက်လောက် သတ်မှတ်ပေးပါ။
အိပ်ရေးဝဝမအိပ်ခြင်းက ပြင်ပကရောဂါပိုးမွှားတွေကို အလွယ်တကူနဲ့ ဝင်ရောက်စေနိုင်တာကြောင့် အိပ်ရေးမဝဘဲ အားနည်းလာပြီဆိုရင် နေထိုင်မကောင်းဖြစ်ဖို့ ရာခိုင်နှုန်းပိုမိုများပြားလာမှာပါ။ သားသားမီးမီးတို့အတွက် တစ်ရက်ကို အနည်းဆုံး (၉) နာရီကနေ အများဆုံး (၁၄) နာရီအထိ အိပ်ရေးဝဝအိပ်စက်နိုင်ဖို့ လိုအပ်ပြီး မေမေတို့ကလည်း သားသားမီးမီးတို့ရဲ့ အိပ်စက်ချိန်တွေ အလုံအလောက်ရရှိအောင် စီစဥ်ပေးထားသင့်ပါတယ်။

၄။ အာဟာရမျှတအောင် ကျွေးမွေးပါ။
မေမေတို့အနေနဲ့ သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် အသားငါးတွေအပြင် ဟင်းသီးဟင်းရွက်တွေကိုလည်း စနစ်တကျကျွေးမွေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်စီနဲ့ဗီတာမင်ဒီပါဝင်တဲ့ အစားအသောက်တွေက ခုခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပြီး သကြားဓာတ်များတဲ့မုန့်ပဲသရေစာတွေကိုတော့ အတတ်နိုင်ဆုံးမကျွေးဘဲနေတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

၅။ စိတ်ဖိစီးမှုများကို လျှော့ချပေးပါ။
ဖေဖေ၊ မေမေတို့တင်မဟုတ်ဘဲ သားသားမီးမီးတို့မှာလည်း လူကြီးတွေအပြင် သူတို့ကိုယ်တိုင်ပါ မသိနိုင်တဲ့ စိတ်ဖိစီးမှုတွေရှိနေတတ်ပါတယ်။ အချိန်ပြည့် Mobile Device တွေနဲ့ အချိန်ဖြုန်းစေတာမျိုး၊ ကျောင်းစာတွေနဲ့ပဲ အချိန်ပြည့်လုံးပမ်းစေတာမျိုးက သားသားမီးမီးတို့ကို လေးလံထိုင်းမှိုင်းစေပြီး စိတ်ဖိစီးမှုတွေကို မြင့်တက်စေနိုင်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုရှိအောင် ဆော့ကစားပေးခိုင်းရင်း ကလေးငယ်တွေကို တက်တက်ကြွကြွရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။

၆။ မသင့်တော်တဲ့ပစ္စည်းများကို မျှဝေမသုံးစွဲခိုင်းပါနဲ့။
မျှဝေခြင်း၊ စေတနာထားခြင်းဆိုတာတွေက ကလေးငယ်တွေရဲ့ ဘဝတစ်လျှောက်လုံးအတွက် မဖြစ်မနေ သင်ကြားပေးထားသင်တဲ့အရာဆိုပေမယ့် အအေးသောက်တဲ့ပိုက်၊ ရေခွက်၊ ဦးထုပ်တို့လိုမျိုး မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့နဲ့ ထိတွေ့လေ့ရှိတဲ့ ပစ္စည်းတွေကိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေ၊ အခြားသောကလေးငယ်တွေနဲ့ မျှဝေမသုံးစွဲခိုင်းသင့်ပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ သားသားမီးမီးတို့ နေထိုင်မကောင်းဖြစ်ပြီဆိုရင်လည်း ကျောင်းလွှတ်တာမျိုး၊ အခြားသောကလေးငယ်တွေနဲ့ ရောနှောဆော့ကစားတာမျိုးတွေကို ခွင့်မပြုသင့်ဘဲ အိမ်မှာပဲထားပြီး ဂရုတစိုက်ပြုစုစောင့်ရှောက်သင့်တယ်လို့ မေမေတို့ကို အကြံဥာဏ်ပေးလိုက်ရပါတယ်။

#HM
#ChitMayMay
Source: UIHC

LEAVE A REPLY

Please enter your comment!
Please enter your name here