ထစ်ခနဲရှိ ကလေးတွေကို အပြစ်ပေးတာရပ်တန်းကရပ်ပြီး ဘယ်လိုမျိုးပြုမူပေးရမလဲ

0
87

ကလေးတွေက လူရှေ့သူရှေ့လည်းမရှောင်ဘဲ ဆိုးချင်တိုင်းဆိုးနေတာမျိုးကို ကြာလာတော့ မိဘအနေနဲ့ ဒေါသဖြစ်လာကြပါတယ်။ ဒီအခါမှာ သူတို့ကိုဆုံးမဖို့၊ သွန်သင်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အပြစ်ပေးခြင်းပါပဲ။ အခန်းထဲမှာသွားနေခိုင်းခြင်း၊ သူတို့ရဲ့အကြိုက်ဆုံးအရုပ်တွေကို သိမ်းလိုက်ခြင်း၊ သို့မဟုတ် ရိုက်လိုက်ခြင်း စတဲ့ ပုံစံမျိုးစုံနဲ့ အပြစ်ပေးခြင်းက သူတို့မဆိုးတော့အောင် တားဆီးလိုက်တယ်လို့ တွေးထင်မိပေမယ့်လည်း စိတ်ပညာရှင်များပြောစကားအရ အခုလိုလုပ်လိုက်ခြင်းဟာ ခဏတာရလဒ်ကိုပဲ ရရှိစေနိုင်တာြဖစ်ပါတယ်။ ဒါကြောင့် အခုလိုအပြစ်ပေးမယ့်အစား ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အဖြေရှာကြည့်လိုက်ရအောင်ပါ။

အပြစ်ပေးခြင်းက မိဘနဲ့သားသမီးအတွက် ဘာလို့ဆိုးရွားတာလဲ

၁။ အပျင်းကြီးတဲ့အပြုအမူ

သားသမီးနဲ့ ပြောဆိုဆက်ဆံဖို့ အလွယ်ကူဆုံးပုံစံက အပြစ်ပေးခြင်းပါပဲ။ ကိုယ်မကြိုက်တာသူလုပ်တယ်၊ သူမကြိုက်တာကိုလည်း ကိုယ်ပြန်လုပ်တယ် ဒီလိုမျိုးက ဘာညှိနှိုင်းဖြေရှင်းချက်မှမရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်ကို ထိန်းကျောင်းပျိုးထောင်နိုင်ဖို့အတွက် ဒီအချက်က ဘယ်လိုနည်းနဲ့မှ နည်းလမ်းကောင်းမဖြစ်နိုင်ပါဘူး။

၂။ အမှားအမှန်သုံးသပ်တတ်တဲ့အကျင့်ကို ရပ်တန့်မိစေခြင်း

သားသမီးကို မကြာခဏ အပြစ်ပေးပြီးတော့ သူတို့လုပ်တဲ့အမှားတွေရဲ့ နောက်ဆက်တွဲနဲ့ပတ်သက်လို့ သေချာပြောမပြ၊ မရှင်းပြဘူးဆိုရင်တော့ အနာဂါတ်မှာ သူတို့ကိုယ်ပိုင်ဥာဏ်စွမ်းကို အသုံးပြုပြီး ဘယ်ဟာမှန်တယ်၊ မှားတယ်ဆိုပြီးတော့ နားလည်ခွဲခြားနိုင်စွမ်းရှိမှာမဟုတ်တော့ပါဘူး။

၃။ ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့နည်းလာခြင်း

အခြေအနေအများစုမှာ အပြစ်ပေးခံရတဲ့ကလေးတွေ တွေးတတ်ကြတာက “ငါ့မိဘတွေက ငါ့ကိုမချစ်ကြဘူး။ ငါ့မှာဘယ်လိုအမှားတွေရှိနေလဲမသိပါဘူး” ဆိုပြီးတော့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။ မိဘအနေနဲ့ ကိုယ့်သားသမီးကို ဒီလိုတွေးပါစေဆိုပြီး ရည်ရွယ်ချက်နဲ့ ပြုမူလိုက်တာတော့မဟုတ်ပေမယ့် ဒီလိုဖြစ်သွားနိုင်ပါတယ်။

၄။ ကြောက်စိတ်ဝင်သွားစေခြင်း

သားသမီးကိုနောက်တစ်ကြိမ်အပြစ်မပေးခင်မှာ “ငါ့ကိုအမြဲကြောက်သွားစေချင်လား” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်ပြန်မေးလိုက်ပါ။ သေချာတဲ့အဖြေကတော့ “မလိုချင်ဘူး” ဆိုတာပါပဲ။ ထစ်ခနဲရှိ အပြစ်ပေးတတ်ခြင်းဖြင့် အမှားသေးသေးလေးပြုလုပ်မိရင်တောင်မှ မိဘက သူတို့ကိုဘာလုပ်တော့မလဲမသိဘူး ဆိုတဲ့ ကြောက်စိတ်ကို ဖြစ်သွားစေနိုင်ပါတယ်။

၅။ ရန်လိုမှုကိုဖြစ်လာစေခြင်း

ကလေးက အမှားတစ်ခုခုလုပ်မိတဲ့အခါ သူတို့ရဲ့အမှားအပေါ် အပြစ်ရှိစိတ်ခံစားတတ်ပြီး ပိုကောင်းအောင် ပြောင်းလဲချင်တတ်တဲ့ စိတ်ဓာတ်လေးကို မွေးမြူစေချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာဘဲ သားသမီးတွေက ကိုယ်အပြစ်ပေးလိုက်တဲ့အတွက် ကိုယ့်အပေါ်အမုန်းတရားတွေဖြစ်လာကာ ပိုပြီးဆိုးရွားတဲ့အပြုအမူတွေကို လုပ်လာနိုင်ပါတယ်။

ဒါဆိုရင် အပြစ်ပေးမယ့်အစား ဘာလုပ်ရမလဲ

နည်းလမ်းကျကျစဥ်းစားပါ။ ။ အကယ်လို့ ကိုယ့်သားသမီးက ဈေးဝယ်ထွက်နေချိန်မှာ ဂနာငြိမ်မနေတတ်ဘူးဆိုရင် မုန့်လေးတွေနဲ့ သူတို့အာရုံကိုလွှဲထားတာမျိုး လုပ်လိုက်ပါ။

ဘာလို့ဒီလိုပြုမူတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာပါ။ ။ ကလေးတွေစိတ်ကောင်းဝင်နေချိန်မှာ သူတို့ဘာလို့ ဒီလိုဆိုးတာလဲဆိုပြီးတော့ မေးကြည့်လိုက်ပါ။ ကိုယ်က နားထောင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင် ကလေးတွေကလည်း လိုလိုလားလား ပြောပြပေးပါလိမ့်မယ်။

တောင်းပန်တတ်အောင်သင်ပေးပါ။ ။ ကလေးကဆိုးသွမ်းနေချိန်မှာ ဒေါသထိန်းနိုင်စွမ်းလွတ်သွားပြီး မကောင်းတဲ့စကားလုံးတွေ သုံးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုဆူတာ လွန်သွားပြီလို့ ခံစားမိပြီဆိုရင်တော့ အသက်ပြင်းပြင်းရှူရှူလိုက်ပြီး ကိုယ့်အမှားအတွက် တောင်းပန်လိုက်ပါ။ လူတိုင်းကအမှားလုပ်တတ်ကြကြောင်းကို ပြသပြီး ထိုအမှားအတွက် တောင်းပန်တတ်အောင် သင်ကြားပေးဖို့က အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။

Lifestyle_Myanmar

#Thinzar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here